ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း (၁၄)ကြိမ်မြောက် အာရှ - ဥရောပ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း (၁၄)ကြိမ်မြောက် အာရှ - ဥရောပ

ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်

==============================================

နေပြည်တော် နိုဝင်ဘာ ၆

 

(၁၄) ကြိမ်မြောက် အာရှ-ဥရောပ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး ကို ယနေ့ ညနေ ၃ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိမ်ရှင်အဖြစ် Virtual အစီအစဉ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနမှ ပါဝင်တက် ရောက်သည်။

အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Mr. AHM Mustafa Kamal က အဖွင့်အမှာစကား ပြောကြားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ၏ Video Message ဖြင့် ပေးပို့သည့် မိန့်ခွန်းကို ထုတ်လွှင့်သည်။

 

ယင်းနောက် ကမ္ဘာ့ဘဏ်၏ Vice President Mr. Hartwig Schafer၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ Vice President Mr. Shixin Chen နှင့် အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ Deputy Director Ms. Anne-Marie Gulde-Wolf တို့က Keynote Speech ပြောကြားကြသည်။

များစွာသင့်တော်မှုရှိ

ထို့နောက် ပါဝင်တက်ရောက်ကြ သည့် အဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက နိုင်ငံအလိုက် မိန့်ခွန်းများပြောကြား ကြရာ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ကမ္ဘာနှင့်အဝှမ်း ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများစွာတွင် ၎င်း၏ အကျိုးသက်ရောက်မှုများကို ဆိုးရွားစွာခံစားရလျက်ရှိရာ ကပ်ရောဂါ ၏သက်ရောက်မှုကို ကုစားရေး၊ ထိန်းချုပ်နိုင်ရေးနှင့် ကျော်လွှားနိုင်ရေးကိစ္စရပ်များတွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ သို့ဖြစ်ရာ ယင်းလုပ်ငန်းများ အား ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း ၍ ယခုနှစ်အစည်းအဝေး၏ ခေါင်းစဉ် အဖြစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ခိုင်မာသော၊ စဉ်ဆက် မပြတ်တိုးတက်မှုရှိသော၊ အားလုံး ပါဝင်နိုင်သော ညီမျှသည့် ပြန်လည် ထူထောင်ရေး တည်ဆောက်ရန် ဦးတည်ချက်သည် များစွာသင့်တော်မှု ရှိပါကြောင်း။

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ၏ ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် နိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးမှုအပေါ် များစွာ ထိခိုက်လျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့် ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကို ကုစားနိုင်ရေး အတွက် COVID-19 Economic Relief Plan (CERP) အား လွန်ခဲ့သည့် ဧပြီလ တွင် ရေးဆွဲထုတ်ပြန်ခဲ့ပြီး မူဝါဒ ဆိုင်ရာ လက်တွေ့ဆောင်ရွက်ရမည့် အချက်များနှင့် ငွေကြေးဆိုင်ရာကုစား မှုများကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပါကြောင်း။

 

ထို့ပြင် ကိုဗစ်-၁၉ တုံ့ပြန်ရေး ဆောင်ရွက်ချက်များအတွက် ပြည် တွင်းမှ ဘဏ္ဍာရေးပံ့ပိုးပေးမှုများ အပြင် ထပ်မံလိုအပ်သည့်ငွေကြေးများ ကို နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများဖြစ်ကြသည့် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီတို့မှ အတိုးနှုန်း သက်သာသောချေးငွေများ၊ ထောက်ပံ့ ငွေများဖြင့် ဖြည့်ဆည်းပေးလျက် ရှိကြောင်း၊ အလားတူ G20 နိုင်ငံများမှ ထောက်ပံ့ကူညီသည့် ကြွေးမြီ ပြန်လည်ပေးဆပ်မည့်ကာလ ရွှေ့ဆိုင်း ပေးခြင်းအစီအစဉ် (Debt Service Suspension Initiative – DSSI) ဖြင့်လည်း ကြွေးမြီသက်သာခွင့်များ ရရှိခဲ့ပါကြောင်း။

 

သို့ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကို မခန့်မှန်းနိုင်သေးသည့် အခြေအနေတွင် ရောဂါဖြစ်ပွားမှု ကာလ ကြာရှည်လာသဖြင့် ပြည်သူ များ၏ စားဝတ်နေရေးနှင့် စီးပွားရေး လုပ်ငန်းများ ပြန်လည်နာလန်ထူလာ စေရေးတို့အတွက် အထူးသဖြင့် ဖွံ့ဖြိုး ဆဲနိုင်ငံအများစုတွင် ငွေကြေးလိုအပ် ချက်များ ထပ်မံတိုးမြင့်လာနိုင်မည် ဖြစ်ရာ ယင်းဘဏ္ဍာငွေလိုအပ်မှုများကို နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့ အစည်းများနှင့် မိတ်ဖက်အဖွဲ့များက ဆက်လက်တိုးမြှင့် ထောက်ပံ့နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် အထူး လိုအပ်လာပါကြောင်း ဆွေးနွေးပြော ကြားသည်။

အာရှ - ဥရောပ ဘဏ္ဍာရေးဝန်ကြီး များအစည်းအဝေးသည် ကမ္ဘာ၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည့် အာရှနှင့် ဥရောပ ဒေသကြီးနှစ်ခုအကြား ဖွံ့ဖြိုးမှုဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက် နိုင်ရေး ဆွေးနွေးကြသည့် Forum တစ်ခုဖြစ်ပြီး ယခုအခါ မြန်မာနိုင်ငံ အပါအဝင် အာရှနှင့် ဥရောပမှ အဖွဲ့ဝင် ၅၂ နိုင်ငံနှင့် ဒေသဆိုင်ရာအဖွဲ့အစည်း များဖြစ်ကြသည့် အာဆီယံနှင့် ဥရောပသမဂ္ဂတို့ အပါအဝင် စုစုပေါင်း Partners ၅၄ ခုဖြင့် ဖွဲ့စည်းထား ရှိသည်။ အာရှ-ဥရောပ ဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေးကို ၁၉၉၇ ခုနှစ်မှစ၍ အာရှနှင့် ဥရောပဒေသရှိ အဖွဲ့ဝင်နိုင်ငံများတွင် နှစ်နှစ်လျှင် တစ်ကြိမ် အလှည့်ကျ ကျင်းပလျက် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။

အစည်းအဝေးအပြီးတွင် ဘဏ္ဍာ ရေးဝန်ကြီးများက ကိုဗစ်-၁၉ ကပ် ရောဂါ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများအပေါ် ဆိုးရွား စွာ သက်ရောက်မှုများအတွက် ထိရောက် သည့် တုံ့ပြန်ဆောင်ရွက်မှုတစ်ရပ်ကို ဦးစားပေးဖော်ထုတ်သွားရန် မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ စုပေါင်း ဆောင်ရွက်သွားရန် ထပ်မံအတည်ပြု ခဲ့ကြကြောင်း Press Release ထုတ်ပြန်သည်။

 

အစည်းအဝေးသို့ ဒုတိယဝန်ကြီး များဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးဆက်အောင်နှင့် ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရ သည်။ သတင်းစဉ်