
နေပြည်တော် စက်တင်ဘာ ၂၉
မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်သည် ညောင်ဦးခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ထိုင်းနိုင်ငံ Channel 5 Midea အဖွဲ့တို့နှင့် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ Aureum Palace Resort Hotel ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ၏ ခရီးသွားမြှင့်တင်ရေး ကဏ္ဍတစ်ရပ် အနေဖြင့် မြန်မာနိုင်ငံ၏ တန်ဖိုး မဖြတ်နိုင်သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ ပုထိုး၊ စေတီနှင့် သာသနိက အဆောက်အအုံများကို Channel 5 Midea အဖွဲ့မှ ရိုက်ကူးထုတ်လွှင့် ပြသ၍ မြန်မာနိုင်ငံ၏ ခရီးသွား ကဏ္ဍမြှင့်တင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံ Channel 5 Midea မှ အဖွဲ့ ခေါင်းဆောင် Mr. Khirirath က ပုဂံဒေသ၏ တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်း အလှအပများကို အကောင်းဆုံးရိုက်ကူး၍ မြန်မာ နိုင်ငံ၏ ခရီးသွားမြှင့်တင်ရေး အတွက် ကမ္ဘာအရပ်ရပ်သို့ ရိုက်ကူး ထုတ်လွှင့်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက Channel 5 Midea သို့ ပန်းချီကား လက်ဆောင်ပေးအပ် ပြီး ဒေသခံခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ လုပ်ကိုင် လျက်ရှိသည့် ဟိုတယ်လုပ်ငန်းရှင် များအသင်း (ပုဂံဇုန်) ဥက္ကဋ္ဌနှင့် ခရီးသွား လုပ်ငန်းရှင်အသင်း (မန္တလေး) ဥက္ကဋ္ဌတို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်