
နေပြည်တော် ဩဂုတ် ၂၇
ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ ကျန်းမာရေးဝန်ကြီး H.E. Mr. Anutin Charnvirakul ၏ ဖိတ်ကြားချက်အရ ယနေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Bangrak Medical Center Building ၌ ကျင်းပသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများ ဆိုင်ရာ အာဆီယံစင်တာအတွင်း ရေးမှူးရုံး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားသို့ ထိုင်း နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ ကျန်းမာရေးဝန်ကြီး၊ အာဆီယံအထွေထွေအတွင်းရေး မှူးချုပ် H.E. Mr. Lim Jock Hoi နှင့် ဖိတ်ကြားထားသော အာဆီယံ နိုင်ငံများမှ ကျန်းမာရေးဝန်ကြီး များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ ကျန်းမာရေးဝန်ကြီး H.E. Mr. Anutin Charnvirakul က အဖွင့် အမှာစကားပြောကြားပြီး ဂျပန် နိုင်ငံ ကျန်းမာရေး၊ အလုပ်သမား နှင့်ဖူလုံရေးဝန်ကြီး H.E. Mr. Katsunobu KATO က ပေးပို့သည့် အထိမ်းအမှတ် အဖွင့်အမှာစကား ဗီဒီယိုကို ပြသသည်။ ထို့နောက် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများဆိုင်ရာ အာဆီယံ စင်တာ အတွင်းရေးမှူးရုံး စတင် ဖြစ်ပေါ်လာပုံ အထိမ်းအမှတ် ဗီဒီယိုကိုပြသ၍ ဖွင့်ပွဲအခမ်းအနား ကို ဒုတိယဝန်ကြီးချုပ်နှင့် အတူ တက်ရောက်လာကြသည့် အာဆီနိုင်ငံများက ကိုယ်စားလှယ် များက စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် တက်ရောက်လာကြ သူများသည် ဖွင့်ပွဲအထိမ်းအမှတ် ပြခန်းငယ်ကို လှည့်လည်ကြည့်ရှု ကြသည်။ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေများဆိုင်ရာ အာဆီယံစင်တာ အတွင်းရေးမှူး ရုံး၊ ASEAN Center for Public Health Emergency and Emerging Diseases (ACPHEED) ကို ဂျပန်နိုင်ငံအထောက်အပံ့ဖြင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး အာဆီယံ နိုင်ငံများ၏ ပြည်သူ့ကျန်းမာရေး အရေးပေါ်ဆိုင်ရာ အခြေအနေ များကို တုံ့ပြန်ဆောင်ရွက်နိုင်ခြင်း၊ ကူးစက်မြန်ရောဂါ ဖြစ်ပွားမှုများ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အာဆီယံ နိုင်ငံများအချင်းချင်း ပိုမိုနီးကပ် စွာ ပူးပေါင်းဆောင်ရွက်နိုင် ခြင်း၊ အာဆီယံနိုင်ငံများ အတွင်း ပြည်သူ့ကျန်းမာရေး ဆိုင်ရာ သတင်းအချက်အလက် များဖလှယ်နိုင်ခြင်း၊ သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ခြင်းတို့ကို ဆောင် ရွက်နိုင်မည်ဖြစ်သည်။
အခမ်းအနားအပြီးတွင် ပြည် ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ ကျန်းမာရေးဝန်ကြီး H.E. Mr. Anutin Charnvirakul နှင့် တွေ့ဆုံရာ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်က ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများဆိုင်ရာ အာဆီယံစင်တာ အတွင်းရေးမှူးရုံး ပေါ်ပေါက်လာစေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အစဉ် တစိုက် ထောက်ခံအားပေးကူညီ မှုများအတွက် အမြဲအမှတ်တရ ကျေးဇူးတင်ရှိကြောင်း ပြောကြား ပြီး ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်ရောဂါ ကာကွယ်ဆေးများ အပါအဝင် ဆေးနှင့်ဆေးပစ္စည်း များ လှူဒါန်းခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား သည်။ ဆက်လက်၍ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီးတို့သည် မြန်မာ-ထိုင်း နှစ်နိုင်ငံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမို ပူးပေါင်း ဆောင်ရွက်ရေးကိစ္စ၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ ကိုဗစ်-၁၉ ရောဂါ အပါအဝင် ကူးစက်ရောဂါများ ကာကွယ် တားဆီး ထိန်းချုပ်ရေးလုပ်ငန်း များကို ပိုမိုမြှင့်တင်ဆောင်ရွက်ရေး ကိစ္စ၊ ထိုင်းနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါကာကွယ် တာဆီး ထိန်းချုပ် ရေးလုပ်ငန်းများအတွက် မြန်မာ နိုင်ငံသို့ လှူဒါန်းမည့် ဆေးနှင့် ဆေးပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဆိုင်ရာ ကိစ္စ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွား မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန် အလှန် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်