နေပြည်တော် ဇွန် ၁၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး ညောင်ဦးမြို့သို့ သွားရောက်ကာ ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းလာပြီး ကာကွယ်ဆေး ထိုးနိုင်သည့် လူဦးရေလွှမ်းခြုံမှု အားကောင်းလာခြင်း ကြောင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ထိန်းချုပ်မှုများကိုဖြေလျှော့၍ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေကြောင်း၊ နိုင်ငံတကာလေကြောင်းလိုင်းများ ပြေးဆွဲမှု ဆောင်ရွက်နိုင်ရေးအတွက် အပြည်ပြည် ဆိုင်ရာလေဆိပ်များ၌ RDT စစ်ဆေးပေးခြင်းဖြင့် မိမိတို့လိုရာသို့ ဆက်လက်သွားရောက်နိုင်အောင် ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံတကာခရီးသွားများ အတွက် ကျန်းမာရေးအာမခံစနစ်ကိုလည်း နိုင်ငံတော် က စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း၊ Monkeypox ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက်လည်း နိုင်ငံတကာခရီးသွားများအတွက် Health Declara-tion Card များပြုစုကာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ ညောင်ဦးမြို့ သည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးကြီးသည့်နေရာတွင် တည်ရှိ သဖြင့် ပြည်တွင်းခရီးသွား ဧည့်သည်များသာမက ပြည်ပခရီးသွားဧည့်သည်များပါ အသွားအလာ များပြားသည့် နေရာဖြစ်သဖြင့် ပြည်သူ့ဆေးရုံကြီး ညောင်ဦးမြို့၏ ဆေးကုသရေးလုပ်ငန်းများ ပိုမို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ပြည်သူ့ဆေးရုံကြီးများ၌ အကူသူနာပြုသင်တန်း များ ဖွင့်လှစ်လျက်ရှိပြီး သူနာပြုများ၏ ရာထူးအခွင့် အလမ်းများကို သတ်မှတ်ချက်များနှင့်အညီ တိုးမြှင့် ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆရာဝန်များ အတွက် ပြည်တွင်း၊ ပြည်ပသင်တန်းများ၊ အစည်း အဝေးများ၊ နှီးနှောဖလှယ်ပွဲများသို့ သွားရောက်၍ ပညာလေ့လာဆည်းပူးနိုင်ရေးကိုလည်း စိစစ်ပံ့ပိုးပေး လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိရာ ဘာသာရပ် ၁၁ ခုအတွက် လုပ်သက် ကန့်သတ်ချက်မရှိဘဲ ဘွဲ့လွန်ပညာ သင်ကြားခွင့် ရရှိမည်ဖြစ်ကြောင်း၊ ဓာတ်မှန်ကဲ့သို့ ဘာသာရပ်များအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ပါမောက္ခများ၏ အကြံပြုချက်များ ရယူနိုင်မည့် Teleconsultation၊ Teleradiology စနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း။
သွေးလွန်တုပ်ကွေးရောဂါအပါဝင် TB, HIV, Malaria ရောဂါများအတွက် လိုအပ်သည့် ဓာတ်ခွဲ စမ်းသပ်စစ်ဆေးသည့် ပစ္စည်းကိရိယာများ၊ ဆေးဝါး များ လုံလောက်စွာထောက်ပံ့ရန် စီစဉ်ထားကြောင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများကဲ့သို့ မကူးစက်နိုင် သော နာတာရှည်ရောဂါများအတွက် ဆေးဝါးများကို လည်း ပြည်သူ့ဆေးရုံများ၌ လုံလောက်စွာထားရှိရန် စီစဉ်ထားရှိရမည်ဖြစ်ကြောင်း၊ အရေးပေါ်ဆေးကုသ ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ရေးနှင့် ဆေးရုံအခြေပြု ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို အားဖြည့်ဆောင်ရွက်ပေးရန် မှာကြားသည်။
လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေး
ထို့နောက် တက်ရောက်လာကြသည့် အထူးကု ဆရာဝန်ကြီးများက လုပ်ငန်းဆောင်ရွက်မှုများနှင့် လိုအပ်ချက်များတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လိုအပ် သည်များ ဖြည့်စွက်ဆောင်ရွက်ပေးသည်။
ဆက်လက် ၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညောင်ဦး ခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ညောင်ဦးပြည်သူ့ဆေးရုံကြီး၏ ဆေးကုသ ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ဆေးကုသဆောင်များ၊ အရေးပေါ်နှင့် ပြင်ပ လူနာဌာန၊ 64 Slice CT scan တပ်ဆင်နေမှုအခြေအနေ၊ ဓာတ်မှန်ဌာန၊ ဆေးသိုလှောင်ခန်း၊ ခွဲစိတ်ခန်းများ၊ အထူးကြပ်မတ်ကုသခန်း၊ အောက်ဆီဂျင်စက်များတပ်ဆင်ထားရှိမှု၊ ခွဲစိတ်လူနာဆောင်၊ အရိုးကုသ ဆောင်၊ ကျောက်ကပ်သန့်စင်ခန်း၊ ကလေးနှင့် မွေးကင်းစလူနာဆောင်တို့ကို လှည့်လည်ကြည့်ရှုကာ လူနာများ၊ လူနာစောင့်များကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍ လိုအပ်သည်များကို ဖြည့်ဆည်းမှာကြား ကြောင်း သိရသည်။
သတင်းစဉ်



