ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တိုင်းဒေသကြီး/ပြည်နယ်ခြောက်ခုရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေသည့် မြို့နယ်ဆရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တိုင်းဒေသကြီး/ပြည်နယ်ခြောက်ခုရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား

လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေသည့် မြို့နယ်ဆရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေး

===============================================================

နေပြည်တော် အောက်တိုဘာ ၃

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုရှိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေသည့် မြို့နယ်ဆရာဝန်ကြီးများနှင့် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံဆွေးနွေး၍ အားပေးစကား ပြောကြားကာ အကြံပြုချက်များ ရယူသည်။

ပေးပို့အကြောင်းကြားမည်

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်အောင်မြင် မှုသည် နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အသီးသီးမှ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၏ လုပ်ငန်း ပီပြင်ထိရောက်မှုအပေါ် တိုက်ရိုက်မူတည်နေသဖြင့် မြို့နယ်ဆရာဝန်ကြီးများ၏ အခန်းကဏ္ဍသည် အထူးအရေး ကြီးပါကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးရခြင်းမှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား လက်တွေ့မြေပြင် တွင် ဆောင်ရွက်နေရာ၌ တွေ့ကြုံရသော စိန်ခေါ်မှုနှင့် အခက်အခဲများ၊ ထပ်မံလိုအပ်ချက်များနှင့် လက်တွေ့ အကြံပြုချက်များကို သိရှိနိုင်ရန်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှုထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အတွေးအမြင်၊ အကြံပြု ချက်များ ရယူဆောင်ရွက်မှသာ ဗဟို၌ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ ယမန်နေ့ က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီး လေးခုမှ အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် တင်ပြခဲ့သည့် လိုအပ်ချက်နှင့် အကြံပြုချက်များအား အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ရန်အတွက် ညွှန်ကြားထားပြီးဖြစ်သကဲ့သို့ လုပ်ဆောင်နိုင်မှုနှင့် လုပ်ဆောင်ပြီးစီးမှုအခြေအနေများကို ပြန်လည်တင်ပြရန် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ email ဖြင့် ပေးပို့အကြောင်းကြားမည်ဖြစ်ပါကြောင်း။

ယခုကဲ့သို့ ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ဆောင်ရွက်မှု၊ သတင်း အချက်အလက်များ မျှဝေမှုနှင့် မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် နေပြည်တော်ဗဟိုတို့ စနစ်တကျချိန်သားကိုက် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုတို့သည် အထူးအရေးကြီး ပါကြောင်း၊ မြို့နယ်ဆရာဝန်ကြီးများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်ရာ မြို့နယ်တွင် လိုအပ်ချက်များအား မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီနှင့် တိုင်ပင်ညှိနှိုင်းကာ အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြို့နယ်အဆင့် ဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များကို တိုင်းဒေသ ကြီး/ ပြည်နယ်သို့လည်းကောင်း၊ ဗဟိုအဆင့်သို့လည်း ကောင်း အချိန်နှင့်တစ်ပြေးညီ တင်ပြတောင်းခံရမည်ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နိုင်သည့် အတိုင်းအတာကျော်လွန်သည့် ကိစ္စရပ်များကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြကာ ဆောင်ရွက်လျက်ရှိပါ

ကြောင်း။

ကိုဗစ်-၁၉ ရောဂါသည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်တတ်သော ရောဂါဖြစ်သည့်အတွက် လူစုလူဝေးပြုလုပ်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (mask) ကို စနစ်တကျ မတပ်ဆင်ခြင်းပြုလုပ်ပါက ရောဂါလျင်မြန် စွာ ကူးစက်ပျံ့နှံ့ကာ ထိန်းချုပ်ရအလွန်ခက်ခဲမည်ဖြစ်ပါ ကြောင်း၊ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင်လည်း ယခုအချိန် အထိ ကိုဗစ်-၁၉ ဖြစ်ပွား သေဆုံးမှုများ မြင့်မားလျက်ရှိပြီး မိမိတို့ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအတွက် ကိုဗစ်-၁၉ သည် လူမှုစီးပွားရေးကို ကြီးမားသော ရိုက်ခတ်မှုတစ်ခု ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ လျင်မြန်စွာ ပျံ့နှံ့နေ သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲ များနှင့် အားနည်းချက်များ ကြုံတွေ့နိုင်မည်ဖြစ်ပြီး တစ်ဦး နှင့်တစ်ဦး နားလည်သည်းခံကာ အသင်းအဖွဲ့စိတ်ဓာတ် ကောင်းများဖြင့် မြို့နယ်ဆရာဝန်ကြီးများအနေဖြင့် မြို့နယ်အဆင့်၌ ဆက်လက်ဆောင်ရွက်ကြစေလိုပါ ကြောင်း။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းဗျူဟာနှင့် လုပ်ငန်းလမ်းညွှန်ချက်များကို ရောဂါဆိုင်ရာ တွေ့ရှိချက် အသစ်များ၊ ပြောင်းလဲလာသော အခြေအနေအရပ်ရပ်များ၊ မိမိတို့တွင်ရှိသော အရင်းအမြစ်များ၊ လုပ်ဆောင်နိုင်သည့် အတိုင်းအတာတို့နှင့်အညီ မွမ်းမံပြောင်းလဲဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်၍ အဆိုပါလုပ်ငန်းလမ်းညွှန်ချက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ဆရာဝန်ကြီးများအနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာကို နေ့စဉ်ကြည့်ရှုခြင်း၊ အီးမေးလ် များကို ပုံမှန်ကြည့်ရှုတုံ့ပြန်ခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ အသွားအလာကန့်သတ် သည့် နေရာများအား စီမံခန့်ခွဲမှုများသည် အထူးအရေးကြီး သည့်အတွက် မြို့နယ်ဆရာဝန်ကြီးများအနေဖြင့် ပိုမိုပီပြင် စေရန် ပထမဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးစေလိုပါ ကြောင်း၊ မြို့နယ်ဆရာဝန်ကြီးများအနေဖြင့် မိမိတို့မြို့နယ် ၏ ဆေးနှင့် ဆေးပစ္စည်းလိုအပ်ချက်အပါအဝင် အခြား လိုအပ်ချက်များကို အမြဲတမ်းဆန်းစစ်သုံးသပ်မှုများ ပုံမှန် ပြုလုပ်ကာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ စာရင်းပေးပို့တောင်းဆိုရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် အဆိုပါလိုအပ်ချက်များကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပံ့ပိုးဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ရှာဖွေထောက်လှမ်းခြင်း

ထို့နောက် မိမိနေအိမ်တွင်သာ နေထိုင်ရေးအစီအစဉ် (Stay at Home) သတ်မှတ်ထားသော ရန်ကုန်တိုင်းဒေသ ကြီး အင်းစိန်၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ မင်္ဂလာဒုံ၊ ကြည့်မြင်တိုင်၊ သန်လျင်၊ ဒလနှင့် လှိုင်သာယာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေနှင့် အမရပူရမြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ မွန်ပြည်နယ် မော်လမြိုင် မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး ကဝမြို့နယ်နှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ် တို့မှ မြို့နယ်ဆရာဝန်ကြီးများက သက်ဆိုင်ရာ မြို့နယ် အလိုက် တင်ပြကြရာ ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများ အား ရှာဖွေထောက်လှမ်းခြင်းလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ထမ်းများ မြို့နယ်အလိုက် အဖွဲ့များဖွဲ့စည်း ကာ တာဝန်ထမ်းဆောင်နေမှု၊ အသွားအလာကန့်သတ်ရာ နေရာများတွင် ကျန်းမာရေးဝန်ထမ်းများကို အဖွဲ့များဖွဲ့ကာ တာဝန်ထမ်းဆောင်နေမှု၊ ဓာတ်ခွဲနမူနာများရယူရန် အဖွဲ့ များဖွဲ့ကာ တာဝန်ထမ်းဆောင်နေမှု၊ အဖွဲ့များအလိုက် Viber Group များဖွဲ့ကာ ချိတ်ဆက်ဆောင်ရွက်နေမှု၊ ဆေးရုံ များတွင် ကိုဗစ်-၁၉ လူနာများအား ကုသမှုပေးနေမှုနှင့် လိုအပ်ချက်များ၊ ကိုဗစ်-၁၉ သံသယလက္ခဏာရှိသူများ၊ ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများထံမှ ဓာတ်ခွဲနမူနာများ ရယူစုဆောင်းကာ ဓာတ်ခွဲဌာနများသို့ ပေးပို့စစ်ဆေးနေမှု၊ မြို့နယ်အလိုက် ကျန်းမာရေးဝန်ထမ်းအင်အား အခြေအနေ နှင့် ဝန်ထမ်းများ ပင်ပန်းနွမ်းနယ်နေမှု၊ လုပ်ငန်းများတွင် ပရဟိတစေတနာရှင်များက ဝိုင်းဝန်းကူညီဆောင်ရွက်နေမှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီများက ယခင် ကထက် ပိုမိုပူးပေါင်းပါဝင်လာမှု၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု၊ အသွားအလာကန့်သတ် ရန် နေရာများ ပြင်ဆင်ထားရှိမှု၊ ယာယီဆေးရုံများ စီစဉ် နေမှုနှင့် လိုအပ်ချက်များ၊ လတ်တလော အနံ့ပျောက် လက္ခဏာ ခံစားရသူများအား နေရာတစ်ခုတွင် ထားရှိကာ ဓာတ်ခွဲနမူနာယူခြင်းနှင့် ကုသမှုပေးခြင်းများ ဆောင်ရွက် နေမှုနှင့် လိုအပ်ချက်များ၊ ဓာတ်ခွဲနမူနာများ ပေးပို့ပြီး ဓာတ်ခွဲအဖြေရရှိရန် စောင့်ဆိုင်းရန် အချိန်ကြာနေမှု၊ ရောဂါ ကူးစက်ခံရနိုင်ခြေရှိသည့်ဝန်ထမ်းများ နေအိမ်သို့ မပြန်ဘဲ နေထိုင်ရန်အတွက် အဆောင်/နေရာများ လိုအပ်မှု၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် များပြားသောလုပ်ငန်း များနှင့် များပြားသောလူနာများ၊ အသွားအလာကန့်သတ် ထားသူများအတွက် လုပ်ဆောင်နေရသောကြောင့် အားနည်းလစ်ဟာမှုများ ရှိနေမှုနှင့် လိုအပ်သည့်ပံ့ပိုးမှုများ။

ထိတွေ့ခဲ့သူ များပြား

ဓာတ်ခွဲနမူနာရယူခန်း (swab booth) များ၊ Pulse Oxymeter များနှင့် သွေးပေါင်ချိန်တိုင်းကိရိယာများ ထပ်မံ လိုအပ်နေမှု၊ အသွားအလာကန့်သတ်ရာနေရာများတွင် ရေချိုးခန်းများနှင့် ရေအိမ်များ လိုအပ်နေမှု၊ မင်္ဂလာဒုံမြို့နယ် တွင် တွေ့ရှိရသော ကိုဗစ်-၁၉ လူနာများတွင် စက်ရုံ၊ အလုပ် ရုံများမှ လူနာများပါဝင်သဖြင့် ၎င်းတို့နှင့် ထိတွေ့ခဲ့သူဦးရေ များပြားမှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ လူနာ တွေ့ရှိမှု များပြားသည့်နေရာများအား လမ်းအလိုက် အဝင်၊ အထွက် အသွားအလာကန့်သတ်ခြင်းများကို လုပ်ဆောင်မှု၊ မအူပင်မြို့နယ်တွင် မြို့နယ်အတွင်းသို့ ကုန်းလမ်းမှ ဝင်ရောက်သူများအား စနစ်တကျ စိစစ်နိုင် သော်လည်း ရေလမ်းကြောင်းအမျိုးမျိုးမှ ဝင်ရောက်လာသူ များအား မစိစစ်နိုင်မှု၊ ဒလမြို့နယ်တွင် တွေ့ရှိရသော ကိုဗစ်-၁၉ လူနာများတွင် သက်ကြီးဘိုးဘွားနှင့် လေဖြတ် ရောဂါရှိ၍ နေအိမ်မှ ပြင်ပသို့ မထွက်သူများ ပါဝင်နေပြီး ၎င်းတို့နှင့် နေထိုင်သူများမှတစ်ဆင့် ကူးစက်ခြင်းကို တွေ့ရှိ ရမှုနှင့် လူနာတင်ယာဉ် ထပ်မံလိုအပ်မှု၊ ကဝမြို့နယ်တွင် ကျေးရွာများ၌ ကျန်းမာရေးဌာနနှင့် အာဏာပိုင်များက ကျေးရွာအလိုက် အသွားအလာကန့်သတ်ရာနေရာများ ထားရှိဆောင်ရွက်နေမှု၊ ဖားကန့်မြို့နယ်တွင် လူနာတင် ယာဉ် လိုအပ်မှုနှင့် အထွေထွေဆွေးနွေးချက်များ၊ အကြံပြု ချက်များကို တင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆေးနှင့်ဆေးပစ္စည်းဝယ်ယူခြင်း၊ ဖြန့်ဖြူးခြင်း၊ ထောက်ပံ့ ပို့ဆောင်ခြင်းလုပ်ငန်းများကို မိမိကိုယ်တိုင် ဦးစီးဆောင်ရွက် လျက်ရှိကြောင်း၊ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ဝတ်စုံများ၊ N95 mask များကို ဖြန့်ဝေပေးထားပြီး လိုအပ် မှုရှိက အချိန်နှင့်တစ်ပြေးညီ ထပ်မံတောင်းခံစေလိုပါ ကြောင်း၊ Pulse Oxymeter များ၊ သွေးပေါင်ချိန်တိုင်း ကိရိယာများကို ထပ်မံပေးပို့သွားမည်ဖြစ်ပါကြောင်း၊ ဓာတ်ခွဲနမူနာရယူခန်း (sample collection booth) များ မြို့နယ်အလိုက် ထပ်မံဝယ်ယူအသုံးပြုရန် ဘဏ္ဍာငွေများကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ စက်တင်ဘာလ အတွင်းက ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ အမျိုးသားကျန်းမာ ရေးစီမံကိန်းအရ နှစ်အလိုက် ဦးစားပေးမြို့နယ်များကို လူနာတင်ယာဉ်များ ခွဲဝေချထားပေးပြီး ထပ်မံလိုအပ်မှု များအား စိစစ်ပေးပို့မည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြတောင်းခံကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က တင်ပြချက်များအပေါ် ပြန်လည် ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များမှ ချက်ချင်းဖြည့်ဆည်းပေးနိုင်သည်များကို စီစဉ်ဖြည့်ဆည်း ပေးကာ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြောကြား ရာတွင် ယနေ့ဆွေးနွေးသွားခဲ့သည့် အချက်များတွင် မြို့နယ်တစ်ခုမှ ကောင်းမွန်သည့်လုပ်ဆောင်ချက်ကို အခြားမြို့နယ်များမှ အတုယူလုပ်ဆောင်နိုင်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း သတင်းအချက်အလက် ပေးပို့မှုများ ပိုမိုကောင်းမွန်စေရေးအတွက် ဝန်ကြီးဌာနမှ Mobile Tablet များ ပေးအပ်လျက်ရှိပါကြောင်း၊ တိုင်းဒေသ ကြီး/ ပြည်နယ် ဦးစီးဌာနမှူးများအနေဖြင့် မြို့နယ်ဆရာဝန် ကြီးများနှင့် ဗီဒီယိုကွန်ဖရင့်စနစ် ပုံမှန်ဆက်သွယ်ဆွေးနွေး ခြင်းများ၊ လပတ်အစည်းအဝေးများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သောပစ္စည်းများနှင့် လုပ်ငန်းလမ်းညွှန်များကိုလည်း ပေးပို့သင်ကြားပေးပြီးဖြစ်ပါကြောင်း။

 

အနံ့ပျောက်ရောဂါ ဆန်းစစ်

ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများ ဓာတ်ခွဲအဖြေ ထွက်သည့်နေ့ကို ရောဂါပိုးတွေ့ရှိမှုပထမနေ့အဖြစ် မသတ်မှတ်ရန်နှင့် ၎င်းပိုးတွေ့လူနာထံမှ ဓာတ်ခွဲနမူနာရယူ သည့်နေ့ကို ရောဂါပိုးတွေ့ရှိမှု ပထမနေ့အဖြစ် သတ်မှတ် ရန်မှာ ကပ်ရောဂါဗေဒသဘောတရားအရ အထူးအရေးကြီး ပါကြောင်း၊ မြို့နယ်တစ်ခုနှင့်တစ်ခုတွင် နေရာဒေသ အနေအထား၊ လူနေထိုင်မှုပုံစံ၊ စက်ရုံ၊ အလုပ်ရုံများရှိမှု အခြေအနေ၊ ဝင်၊ ထွက်လမ်းကြောင်းများ အခြေအနေ၊ ပြည်သူများ၏ စည်းကမ်းလိုက်နာဆောင်ရွက်မှု အခြေ အနေ၊ မြို့နယ်ကော်မတီများ၏ ကူညီမှုအခြေအနေ၊ ကျန်းမာရေးဝန်ထမ်းအင်အားအခြေအနေ တူညီမှုမရှိနိုင် သဖြင့် မိမိတို့မြို့နယ်နှင့် အသင့်တော်ဆုံးသော လုပ်ငန်းများ ကို မြို့နယ်ကော်မတီနှင့်တိုင်ပင်ကာ ဆုံးဖြတ်ဆောင်ရွက် ကြရန်ဖြစ်ပါကြောင်း၊ အသက်အရွယ်ကြီးသူများ၊ နာတာ ရှည်ရောဂါအခံတစ်မျိုးမျိုးရှိသူများ အထူးသဖြင့် ဆီးချို ရောဂါရှိသူများအနေဖြင့် နေအိမ်ပြင်ပသို့ထွက်ခြင်းကို ရှောင်ကြဉ်ရန်နှင့် နေအိမ်တွင်လည်း အခြားအတူနေသူ များနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားခွဲကာ အိပ်စက်ခြင်း တို့ကို လုပ်ဆောင်ရန်မှာ အထူးအရေးကြီးသဖြင့် မြို့နယ် အဆင့်၌ အသိပေးနှိုးဆော်စေလိုပါကြောင်း၊ အသွားအလာ ကန့်သတ်ရာနေရာများ၌ ဆီးချို၊ သွေးတိုး၊ တီဘီ၊ ခုခံကျ စသည့် ရောဂါရှိသူများ ဆေးဝါးများ သောက်သုံးမှု မပြတ် လပ် စေရေးကို အလေးထား ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လတ်တလော အနံ့ပျောက်လက္ခဏာ ခံစားရသူများ၏ ရောဂါသဘောသဘာဝအခြေအနေကို ဆန်းစစ်လျက် ရှိပါကြောင်း။

 

ဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့နယ် များသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မကြာသေးမီကာလကမှ အသိအမှတ်ပြုခဲ့သော Rapid Antigen Diagnostic Test Kit များကို အဆင့်လိုက် ပေးပို့လျက်ရှိပါကြောင်း၊ ဈေးရောင်းချသူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (mask) နှင့် မျက်နှာကာ (face shield) များကို မဖြစ်မနေ တပ်ဆင်ကြရန်၊ ဈေးဝယ်သူများအနေဖြင့်လည်း ပါးစပ် နှင့်နှာခေါင်းစည်း (mask) စနစ်တကျတပ်ဆင်ရန်နှင့် အချိန် ကြာမြင့်စွာ လှည့်ပတ်ဝယ်ယူခြင်းမပြုစေရေး ကြီးကြပ် ဆောင်ရွက်ပေးရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များထံ စာဖြင့်ပေးပို့ မေတ္တာရပ်ခံထားရှိပြီး ဖြစ်သဖြင့် မြို့နယ်ဆရာဝန်ကြီးများအနေဖြင့် ဤကိစ္စအား ဆက်လက်ဆောင်ရွက်ပါရန် ပြောကြားလိုပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အစွမ်း ကုန်ကြိုးပမ်းနေသည့် မြို့နယ်ဆရာဝန်ကြီးများနှင့် ဝန်ထမ်း များ၏ ဆောင်ရွက်မှုများကို ဂုဏ်ယူအသိအမှတ်ပြုပါ ကြောင်း ပြောကြားသည်။

 

သတင်းစဉ်