ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံနှင့် ၂၀၂၃ ခုနှစ် အဏ္ဏဝါစီးပွားရေး၏ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

 

နေပြည်တော်   ဇူလိုင်   ၁၅


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော   မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ  (China International Development Cooperation Agency – CIDCA) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့၌ ကျင်းပသည့် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်   ဖိုရမ်၏ပထမ အကြိမ် အဆင့်မြင့်ညီလာခံနှင့် ရှမန်မြို့၌ ကျင်းပ သည့် “၂၀၂၃ ခုနှစ် အဏ္ဏဝါစီးပွားရေး၏အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲ”   ဖွင့်ပွဲအခမ်း အနားများသို့ တက်ရောက်ခဲ့သည်။


အဆိုပါ ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီး သည် ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက ဖွံ့ဖြိုးမှုမျှဝေခြင်း အတွက် ကမ္ဘာလုံးဆိုင်ရာ  ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံသို့ တက်ရောက်လာ ကြသည့် နိုင်ငံအသီးသီးမှ အဆင့်မြင့်ကိုယ်စားလှယ် များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ Mr. Han Zheng ကို တွေ့ဆုံခဲ့ပြီး  တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်မည့် ကမ္ဘာ့ဖွံ့ဖြိုးမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုမျှဝေရေးဆိုင်ရာလုပ်ငန်းစဉ်များအပေါ်    အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ 


ဇူလိုင် ၁၂ ရက်  နံနက်ပိုင်းတွင်   ပြည်ထောင်စု ဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ၁၉၈၀ ပြည့်နှစ်က စတင်ခဲ့သည့် အထူးစီးပွားရေးဇုန် လေးခု တွင် တစ်ခုအပါအဝင်ဖြစ်သည့် ရှမန်မြို့ရှိ BRICS အဖွဲ့၏ ခေတ်သစ်စက်မှုတော်လှန်ပုံစံပြောင်းလဲရေး ဗဟိုဌာန (BRICS Partnership on New Industrial Revolution  Innovation  Center)   ပြခန်းသို့ သွားရောက်လေ့လာခဲ့သည်။ 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရှမန် မြို့ရှိ Xiamen International Conference Center Hotel ၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် အဏ္ဏဝါစီးပွားရေး ၏ အရည်အသွေးမြင့်  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ (2023 Seminar on High-Quality Development of Marine Economy) ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြား ခဲ့ပြီး(အပေါ်ပုံ)   ရှမန်မြို့တော်ဝန်    Mr. Huang Wenhui၊  တရုတ်နိုင်ငံ  နိုင်ငံတကာဖွံ့ဖြိုးတိုးတက် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(CIDCA) ၏ ဒုတိယဥက္ကဋ္ဌ  Mr.  ZHONG  Haidong  နှင့်   ရှမန်ဒုတိယမြို့တော်ဝန် Mr. Zhuang Rongliang တို့နှင့်အတူ Seminar ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး သည်။ 


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမန် မြို့ရှိ KING LONG လူစီးဘတ်စ်ကားနှင့်လျှပ်စစ် ဘတ်စ်ကားမော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာခဲ့ပြီး ထုတ်လုပ်မှု၊ မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချမှုအခြေအနေနှင့်    ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ သည်။ 


ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် UNESCO စာရင်းဝင် Kulangsu ကျွန်း သို့သွားရောက်ပြီး ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် များ ထိန်းသိမ်းရာဒေသနှင့်ပြတိုက်များကို ကြည့်ရှု  လေ့လာပြီး မွန်းလွဲပိုင်းတွင် KELONG  လျှပ်စစ်သုံး ပစ္စည်းကိရိယာများ ထုတ်လုပ်မှုကုမ္ပဏီ၏ UPS ကြီး များ ထုတ်လုပ်မှု၊ ဒေတာစင်တာ  (Data Center) သုံးပစ္စည်းများနှင့် လျှပ်စစ်ကားအားသွင်းစက် (EV Charger) များ ထုတ်လုပ်သော စက်ရုံသို့သွားရောက် လေ့လာကာ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု နှင့် ရင်းနှီးမြှုပ်နှံမှုအလားအလာများကို   ဆွေးနွေးပြီး ညနေပိုင်းတွင် ရှမန်မြို့ရှိ တရုတ်ဗုဒ္ဓဘာသာကောလိပ် သို့ သွားရောက်လေ့လာသည်။    


ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရှမန်မြို့၊ Bio Medical Research နှင့် Xiamen Cardiovascular Hospital Xiamen University ရှိ နှလုံးရောဂါနှင့် နှလုံးသွေးကြောရောဂါကု ဌာနသို့ သွားရောက်လေ့လာ၍ ဆေးပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေးဝန်ဆောင်မှု၊ ပညာသင် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော  မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်   တရုတ်ပြည်သူ့သမ္မတ နိုင်ငံ  ရှမန်မြို့မှ Xiamen လေကြောင်းလိုင်းဖြင့်  မြန်မာနိုင်ငံသို့  ယနေ့ ညနေပိုင်းတွင်    ပြန်လည် ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံမှူးကြီး Ms. Cao Jing တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။          


 သတင်းစဉ်