ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာမန္တလေးဖူရှင်းစတီးလ်စက်ရုံ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၅


စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည်    စက်မှုဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး   ဦးရင်မောင်ညွန့်၊    မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်     ဝန်ကြီးများနှင့်အတူ     ယနေ့ နံနက်ပိုင်းတွင်     မန္တလေးတိုင်းဒေသကြီး   စဉ့်ကိုင် မြို့နယ်ရှိ   မြန်မာမန္တလေးဖူရှင်း   စတီးလ်စက်ရုံသို့ ရောက်ရှိစစ်ဆေးရာ   စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံက    လုပ်ငန်းလည်ပတ်    အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေတို့ကိုလည်း ကောင်း၊  စက်မှုကြီးကြပ်ရေးနှင့်   စစ်ဆေးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပုဂ္ဂလိကစက်မှု   မှတ်ပုံတင်ဥပဒေအရ   စက်ရုံများ မှတ်ပုံတင်ထုတ်ပေးခဲ့မှု၊ စက်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေတို့ကို   လည်းကောင်း ရှင်းလင်းတင်ပြသည်။

 


စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက “ပြည်တွင်း ရှိ သံမဏိစက်ရုံနှင့်   သံစက်ရုံများမှာ   အကြောင်း အမျိုးမျိုးကြောင့်    စွမ်းအားပြည့်လည်ပတ်နိုင်မှု မရှိခြင်းကြောင့်    ပြည်ပမှ   သံမဏိအများအပြား တင်သွင်းနေရသည့်အတွက်    တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုမရှိစေရေး ပင်းပက်သံမဏိစက်ရုံနှင့် မြင်းခြံသံမဏိစက်ရုံများအား  ပြန်လည်လည်ပတ် နိုင်ရေး  အကောင်အထည်ဖော်ဆောင်ရွက်သွားရန်” နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှုပြုထားကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် သယံဇာတများကို အသုံးပြု ၍ ပြည်သူလူထုအတွက်လိုအပ်သော သံချောင်းလုံး များကို ထုတ်လုပ်နေခြင်းဖြစ်၍ စက်စွမ်းအားပြည့် စဉ်ဆက်မပြတ်   လည်ပတ်နိုင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊    သံမဏိ ထုတ်လုပ်သည့် စက်ရုံများကဲ့သို့ အခြားအရေးကြီး သည့်စက်ရုံများ  ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဝန်ကြီး ဌာနအနေဖြင့်    စက်မှုမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း၊ စက်မှုမှတ်ပုံတင်ခြင်း ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ခေတ်နှင့်အညီ ဖြေလျှော့သင့်သည့်ကိစ္စရပ်များကို ဖြေလျှော့ပေးသွား မည်ဖြစ်သော်လည်း မဖြစ်မနေလိုက်နာ ဆောင်ရွက် ရမည့်ကိစ္စရပ်များကိုလည်း အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊စက်မှုမှတ်ပုံတင်ခြင်း လုပ်ငန်း စဉ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင် ပေးစေလိုကြောင်း၊  မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် စက်မှုလုပ်ငန်းဥပဒေနှင့် ပတ်သက်၍ ထပ်မံထည့်သွင်းလိုသည့်အချက်များနှင့်   ပြင်ဆင် လိုသည့်အချက်များကို အကြံပြုဆွေးနွေးပေးစေလို ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်က   မန္တလေးတိုင်းဒေသကြီးအတွင်းရှိ   စက်ရုံ အလုပ်ရုံများ  စနစ်တကျနှင့်  စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်    ဝိုင်းဝန်းကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကလည်း  အသေးစား၊ အငယ်စားနှင့်  အလတ်စား   စီးပွားရေးလုပ်ငန်း များ   ဖွံ့ဖြိုးတိုးတက်အောင်   အားပေးကူညီလျက်ရှိ သဖြင့် စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်အောင်လည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ စက်ရုံများ ဘေးအန္တရာယ်ကင်းရှင်း စွာ လည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။

 


ကြည့်ရှုစစ်ဆေး


ယင်းနောက်စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှစက်ရုံအား ပုဂ္ဂလိက စက်မှုမှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်ရေးအတွက် ပြဋ္ဌာန်းထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေနှင့် အညီ   စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သံမဏိချောင်းများ  ထုတ်လုပ်နေသည့်  လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ 

 


စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်၊ လုပ်သား များနှင့် ပတ်ဝန်းကျင်ရှိပြည်သူများ၏ ကျန်းမာရေး ထိခိုက်မှုမရှိစေရန်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု/ ထိခိုက် မှု မရှိသော ကုန်ထုတ်လုပ်မှုများ ဖြစ်ပေါ်လာစေရန်၊ ရေရှည်တည်တံ့သောလုပ်ငန်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေကို ၁၉၉၀ ပြည့်နှစ်၊  နိုဝင်ဘာ  ၂၆   ရက်တွင်  လည်းကောင်း၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေဆိုင်ရာ      လုပ်ထုံး လုပ်နည်းများကို ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တွင်လည်းကောင်း   ပြဋ္ဌာန်းခဲ့ပြီး    ပုဂ္ဂလိကစက်မှု လုပ်ငန်း ဥပဒေပုဒ်မ ၄ အရ ပုဂ္ဂလိကစက်မှုလုပ်ငန်း များကို ကြီးကြပ်စစ်ဆေး၍ ၁၉၉၁-၁၉၉၂ ခု ဘဏ္ဍာ ရေးနှစ်တွင် လုပ်ငန်းပေါင်း ၂၅၁၉၂   ခုဖြင့်   စတင် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့သည်။    ၂၀၂၃   ခုနှစ် ဇန်နဝါရီလအထိ အကြီးစားစက်မှုလုပ်ငန်း၉၅၁၂ ခု၊ အလတ်စားစက်မှုလုပ်ငန်း ၁၁၅၇၉ ခု၊ အငယ်စား စက်မှုလုပ်ငန်း ၂၄၁၉၅ ခု  စုစုပေါင်း ၄၅၂၈၆ ခုကို မှတ်ပုံတင်ဆောင်ရွက်ပေးနိုင်ကြောင်း သိရသည်။ 


သတင်းစဉ်