ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော် ဩဂုတ် ၂၂


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးအောင်ဇော်နိုင်၊ ညွှန်ကြားရေးမှူးချုပ် များသည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာ ဝတီမြို့နယ် အင်းရွာတောင်သူလယ်သမားသင်တန်းကျောင်းသို့ ရောက်ရှိကြပြီး အကျိုးဆောင်တောင်သူဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၁၅/၂၀၁၉ - ၂၀၂၀) တက်ရောက်နေကြသည့် သင်တန်းသူ သင်တန်းသားများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် စိုက်ပျိုးရေးဦးစီး ဌာန တိုင်းဒေသကြီး ဦးစီးမှူးက သင်တန်းကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် တောင်သူများ အတွက် အသုံးချနည်းပညာ၊ အသိ ပညာဗဟုသုတများ တိုးမြှင့်ပေးနိုင် ရေးကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့် လယ်ယာ မြေများနှင့်ပတ်သက်၍ စီမံဆောင်ရွက် ပေးနိုင်ရန် တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး ဥပဒေနှင့်အညီ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရ မှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီအနေဖြင့် ကြိုးပမ်းလျက်ရှိ ကြောင်း၊ လယ်ယာမြေနှင့် ပတ်သက် ၍ တောင်သူလယ်သမားများကိုယ်တိုင် စီမံခန့်ခွဲနိုင်သည့် စနစ်၊ တာဝန်ယူ တာဝန်ခံနိုင်သည့်စနစ်များ ဆောင်ရွက် နိုင်ရေး၊ ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်း နိုင်ရေးတို့ကို မျှော်မှန်းပြီး တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ အရ တောင်သူလယ်သမားအသင်း အစုအဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် တောင်သူလယ်သမား အဖွဲ့အစည်း ဆိုင်ရာဥပဒေကို ရေးဆွဲလျက်ရှိပါ ကြောင်း၊ အားလုံးပါဝင်ပြီး နိုင်ငံတကာ နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရေရှည် တည်တံ့သော လယ်ယာကုန်ထုတ်မှု စနစ် ထွန်းကားစေခြင်းဖြင့် စားနပ် ရိက္ခာဖူလုံ၍ အာဟာရပြည့်ဝစေပြီး ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေရန်ဆိုသည့် အချက်ကို မိမိတို့ဝန်ကြီးဌာန၏ မျှော်မှန်းချက် အဖြစ် ထားရှိဆောင်ရွက်မှုအပေါ် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်း ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး အတွင်း လယ်ယာကဏ္ဍ၊ ကျေးလက် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားပြီး သင်တန်းသားတစ်ဦး က သင်တန်းတက်ရောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ဟင်းသီးဟင်းရွက်မျိုးစေ့ များကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ် ရေးပစ္စည်းများကို လည်းကောင်း ပေးအပ်ရာ သင်တန်းသူ သင်တန်းသား ကိုယ်စားလှယ်က လက်ခံရယူသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ သည် သင်တန်းဆောင်များ၊ စားရိပ် သာနှင့် မျိုးစေ့သန့်စင်စက်ရုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့် အဖွဲ့သည် မင်းလှ-စစ်ကွင်း တာဆုံ၌ ကံတင်-ဘီးလင်း ရေသောက်ဧရိယာရှိ တောင်သူများဖြင့် ဖွဲ့စည်းထားသည့် ရေအသုံးချသူများအဖွဲ့ (Water Utilizer Group-WUG) နှင့် တွေ့ဆုံ၍ တောင်သူများ၏ စိုက်ပျိုးလုပ်ကိုင်နေမှု အခြေအနေများအား မေးမြန်းပြီး အားပေးစကားပြောကြားသည်။
ထို့နောက် မင်းလှမြို့နယ် ရွှေဝါမြိုင် စိုက်ပျိုးရေးဆိုင်ရာ လူထု အခြေပြုလေ့လာရေးစခန်း၌ တောင်သူ လယ်သမားအဖွဲ့အစည်းများဖြစ်သည့် စိုက်ပျိုးစီးပွား သမဝါယမအသင်းစု များ၊ ရိတ်သိမ်းခြွေလှေ့စက်ပိုင်ရှင် များ၊ တန်ဖိုးမြှင့် ထုတ်ကုန်လုပ်ငန်းရှင် များ၊ အကျိုးဆောင်တောင်သူများ၊ မျိုးစေ့ထုတ်တောင်သူများနှင့် တွေ့ဆုံ ရာ တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးအောင်ဇော်နိုင်က ပဲခူးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဥပဒေအရ တောင်သူ လယ်သမား အသင်းအစုအဖွဲ့များ ဖွဲ့စည်းရေးအတွက် တောင်သူ လယ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေကို ရေးဆွဲဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ဥပဒေ၏ရည်ရွယ်ချက် အနှစ်သာရနှင့် အကျိုးကျေးဇူးများကို လည်းကောင်း၊ တောင်သူများဘက်က ဆောင်ရွက် ရမည့် တာဝန်ဝတ္တရားများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က CERP အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ကြေးများကို ပေးအပ်ကြ သည်။ ထို့နောက် ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက် အရောင်းစင်တာ တွင် ခင်းကျင်းပြသထားသည့် သီးနှံ အမယ်စုံအား ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးနှင့် အဖွဲ့သည် မင်းလှမြို့နယ် သဲကော ကျေးရွာ၌ Cash For Work စီမံကိန်း လုပ်ငန်း ဆောင်ရွက်ထားမှုများ နှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ဖြင့် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူ များက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးသည် ကြို့ပင်ကောက်မြို့ မြို့လယ်ချောင်းစိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာရေးစခန်းတွင် ဒေသနေ တောင်သူလယ်သမားများ နှင့် တွေ့ဆုံဆွေးနွေးပြီး CERP စီမံကိန်းအရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများထံ ထောက်ပံ့ငွေနှင့် ငါးမွေးတောင်သူများထံ ငါးသားပေါက် များကို ပြည်ထောင်စုဝန်ကြီး၊ တိုင်း ဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများ က ထောက်ပံ့ပေးအပ်ပြီး စံနမူနာပြ RS-CS မျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုအားပေးသည်။
ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင်တွင် ယနေ့အထိ မိုးစပါး ၆၇၃၆၁၂ ဧက ၊ CERP အရ မိုးစပါးမျိုးစေ့ထုတ် ၁၀၂၀၅ ဒသမ ၅ ဧက စိုက်ပျိုးပြီး ဖြစ်သည်။
ဆက်လက်၍ ပေါင်းတည်မြို့နယ် ကုက္ကိုလ်ကုန်း‌ကျေးရွာ Cash For Work စီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ထားမှုများကို ကြည့်ရှု အားပေးပြီး ဒေသနေ‌ပြည်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထို့နောက် သပြေကုန်းကျေးရွာ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာရေးစခန်းတွင် တောင်သူ လယ်သမားအဖွဲ့အစည်း ခေါင်းဆောင် များနှင့် လည်းကောင်း၊ RGY-11 လက်ယာမြောင်း (၁၄၆ မိုင် ၇ ဖာလုံ)တွင် ရေအသုံးချသူများအဖွဲ့ (WUG) နှင့် တွေ့ဆုံ၍ တောင်သူလယ်သမား အသင်းအစုအဖွဲ့များ ဖွဲ့စည်းရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ကိုဗစ် - ၁၉ ဖြတ်ကျော်ကာလ လယ်ယာကုန်ထုတ် လုပ်ငန်းများ ထိခိုက်မှုမဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ အလွန် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်