ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ငါးလုပ်ငန်းအတတ်သင်သိပ္ပံသင်တန်းကျောင်း ကြည့်ရှုစစ်ဆေး

 
 
နေပြည်တော် မတ် ၁၅
 
 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်း အတတ်သင်သိပ္ပံသင်တန်းကျောင်း တည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။
 
 
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် စီမံကိန်းရှင်းလင်းဆောင်၌ ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က သင်တန်းကျောင်း တည်ဆောက်ပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက သင်တန်းကျောင်းကို ငါးပညာရပ်ဆိုင်ရာ တက္ကသိုလ်ဖွင့်လှစ်နိုင်ရေး အတွက် ရှေ့ပြေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် စနစ်တကျ ပြင်ဆင်ဆောင်ရွက် သွားရန်နှင့် ငါးပညာရပ်ဆိုင်ရာ ဒီပလိုမာပေးအပ်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
 
 
ငါးလုပ်ငန်းအတတ်သင်သိပ္ပံသင်တန်းကျောင်းကို ငါးလုပ်ငန်း အဓိကထား လုပ်ကိုင်လျက်ရှိသည့် မအူပင် - တွံတေး - ရန်ကုန် ကားလမ်းအနီး တွံတေး မြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၉၉၈ ဒသမ ၅၄ သန်းဖြင့် တည်ဆောက်လျက်ရှိပြီး ငါးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဌာနတွင်းနှင့် ပြင်ပသင်တန်းသားများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သာကေတမြို့နယ်ရှိ ပဋိဇီဝ ဓာတ်ကြွင်းနှင့် ဗိုင်းရပ်စ်ပိုးစစ်ဆေးရေး အနုစိတ်သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်းကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဓာတ်ခွဲခန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
 
 
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ ကျွမ်းကျင်မှု အရည်အသွေးမြှင့်တင်ရန်နှင့် တိုးတက်ပြောင်းလဲလာသော နည်းပညာရပ်များ အပေါ် မျက်ခြည်မပြတ် လေ့လာသင်ယူနိုင်အောင် ဆောင်ရွက်ရေး၊ အရည် အသွေး အာမခံချက်ပေးနိုင်သည့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအဖြစ် ဆောင်ရွက်ရေး၊ ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ် အလိုက် ဘတ်ဂျက်ရေးဆွဲတင်ပြရေးတို့ကို ဆွေးနွေးမှာကြားသည်။
 
 
အဆိုပါ ဓာတ်ခွဲခန်းသည် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ISO/IEC 17025:2005 Accredited Certificate ကို ၂၀၁၈ - ၂၀၂၀ အထိ သက်တမ်း လေးကြိမ်ရရှိထားပြီး မြန်မာနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းများ နိုင်ငံတကာ စျေးကွက်သို့တင်ပို့ရာတွင် အရည်အသွေးအာမခံချက်ပေးနိုင်သည့် နိုင်ငံတကာ အဆင့်မီ ဓာတ်ခွဲခန်းတစ်ခုဖြစ်သည်။
 
 
ထို့ပြင် Microbiology Parameter ခုနစ်မျိုး၊ Aerobic Plate Count, Coliforms, E. coli, S. aureus, Salmonella, V. cholerae, V. parahaemolyticus Listeria monocytogenes နှင့် Chemical Parameter ကိုးမျိုး၊ Nitrofuran test (AHD, AOZ, AMOZ, SEM), Chloramphenicol & Tertracycline Test, Heavy Metal Test (Mercury, Cadmium, Lead) စုစုပေါင်း ၁၆ မျိုးကို Accreditation အသိအမှတ်ပြုလက်မှတ် ရရှိထားပြီးဖြစ်၍ ယခုအခါ ISO/IEC 17025:2017 (New Version) အသစ်သို့ ပြောင်းလဲကျင့်သုံးခြင်းနှင့် ၂၀၂၀ - ၂၀၂၂ သက်တမ်းအတွက် လိုအပ်သော ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ပြင်ဆင်မှုနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ စံတိုက်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 
 
သတင်းစဉ်