
နေပြည်တော် ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်(စစ်ကိုင်း) A.G.T.I ဒီပလိုမာ သင်တန်း အမှတ်စဉ် (၁၆) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ် လွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ ၌ ကျင်းပသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် ဝန်ကြီး ဌာန ၁၉ ခုမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (စစ်ကိုင်း) ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏မိသားစုဝင် များ တက်ရောက်ခဲ့ကြသည်။
လေ့ကျင့် သင်ကြားပေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လက်ရှိအချိန် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂)ရပ် ချမှတ်၍ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့်လည်း နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မဟာ ဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်များ ချမှတ်၍ ထိရောက် အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ် များကို ၎င်းတို့၏နယ်စပ်ဒေသများ၌ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်း ကောင်းများအဖြစ် ထိထိရောက်ရောက် ဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စု တိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့ကို တည်ထောင်ဖွင့်လှစ် ပြုစု ပျိုးထောင် လေ့ကျင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)ကို စတင်ဖွင့်လှစ် သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၄၂၀၊ သိပ္ပံဘွဲ့ ၇၇၄ ဦး၊ B.Tech ၁၃၉ ဦး၊ အင်ဂျင်နီယာဒီပလိုမာ ၆၅၄ ဦး စုစုပေါင်း တိုင်းရင်းသားလူငယ် ၁၉၈၇ ဦး တို့ကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့ အနက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အားပေး ထောက်ပံ့လေ့ကျင့်သင်ကြားပေးမှု၊ ကျောင်းသား ကျောင်းသူများ၏ စဉ်ဆက်မပြတ် ကြိုးစားလေ့လာမှု များကြောင့် ယခုအခါ မဟာဝိဇ္ဇာဘွဲ့ ၇၈ ဦး၊ မဟာ သိပ္ပံဘွဲ့ ၁၈၁ ဦး၊ Ph.D ဘွဲ့ ၁၈ ဦး၊ B.E ၅၁၁ ဦး၊ M.E ၂၂ ဦး၊ B.Tech ၂၀၇ ဦး အသီးသီး အောင်မြင်မှု ရရှိခဲ့သဖြင့် အားရကျေနပ်ဖွယ် ဖြစ်ပါကြောင်း၊ ကျောင်းဆင်း ကျောင်းသားကျောင်းသူများအနေဖြင့် အတုယူကြိုးစားအားထုတ်သွားကြရန် အထူး မှာကြားလိုကြောင်း၊ ယနေ့ ပြောင်းလဲတိုးတက်လာ သည့် ခေတ်စနစ်နှင့်အညီ စွမ်းဆောင်ရည်မြင့်မား သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေး အတွက် မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်းများ အား နိုင်ငံ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေ ရင်းဖြင့် ဆက်လက်တက်ရောက် ဆည်းပူးနိုင်အောင် ကြိုးစားအားထုတ်သွားကြရန်၊ ICT နည်းပညာနှင့် Social Media တို့ကိုလည်း မိမိကိုယ်တိုင်၊ မိမိ ပတ်ဝန်းကျင်နှင့် မိမိနိုင်ငံ ကောင်းကျိုးရရှိစေရေး အတွက်သာ အသိ၊ သတိဖြင့် အထူးဂရုပြုလေ့လာကြ ရန်နှင့် စနစ်တကျ အကျိုးရှိရှိ သုံးစွဲသွားကြရန် လိုအပ်မည် ဖြစ်ပါကြောင်း၊၊
သင်တန်းဆင်း မောင်တို့မယ်တို့အနေဖြင့် နိုင်ငံ့ ဝန်ထမ်းများအဖြစ် နယ်စပ်ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်ကြရာ၌ မူလလုပ်ငန်းတာဝန် များအပြင် ဒေသခံတိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ရိုးရာ၊ ဓလေ့ထုံးစံအမွေအနှစ်များကို လေးစား လိုက်နာကာ အစဉ်မြတ်နိုးစွာဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရန်၊ မိမိတို့တတ်မြောက် ထားရှိသည့် အသိပညာ၊ အတတ်ပညာများဖြင့် မိမိတာဝန်ကျရာဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ မိမိတို့၏ လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရာတွင်လည်း လေ့လာ သင်ယူ တတ်မြောက်ခဲ့သည့် အင်ဂျင်နီယာပညာရပ် များကို လက်တွေ့မြေပြင် အနေအထားများအပေါ် မူတည်ပြီး ပေါင်းစပ်၊ နှိုင်းယှဉ်သုံးသပ်၍ အစွမ်းကုန် ကြိုးစားဆောင်ရွက်ရင်း မိမိတို့ဝန်ကြီးဌာန ပုံရိပ်ကို မြှင့်တင်ပေးကြရန်၊ နိုင်ငံတော်နှင့် ပြည်သူတို့၏ အားကိုးအားထားပြုရမည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် အမြဲနှလုံးသွင်း ကြိုးစားကျင့်ကြံ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ထူးချွန်ဆု ပေးအပ်ချီးမြှင့်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အင်ဂျင် နီယာဘာသာရပ် ထူးချွန်ဆုရရှိသူ ကျောင်းသားကို ထူးချွန်ဆု ပေးအပ်ချီးမြှင့်ပြီး ဝန်ကြီးဌာန ၁၉ ခုတို့မှ ကိုယ်စားလှယ်များက သင်တန်းဆင်း ကျောင်းသား ကျောင်းသူ ၆၅ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည် တော်များ၊ ဆရာ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင် များအား ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြပြီး သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ကြည့်ရှုစစ်ဆေး
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် ကျောင်းဝင်းအတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် အားကစားကွင်း ပွဲကြည့်စင်၊ သုံးထပ်ကျောင်းသူ အိပ်ဆောင်နှင့် လေးထပ်အင်ဂျင်နီယာအလုပ်ရုံ ဆောက်လုပ်မည့် လျာထားမြေနေရာ၊ မနုဿဗေဒ ပြခန်း၊ ကျောင်းသားအိပ်ဆောင်များကို ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။
ထောက်ပံ့ငွေများ ချီးမြှင့်
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျောင်းအုပ် ကြီးက အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ် များကို ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများ နှင့် ကျောင်းသား ကျောင်းသူများကို ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းဆင်းကျောင်းသား ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်