
နေပြည်တော် ဇန်နဝါရီ ၃
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီ လဗ် ရော့ဗ် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် ဆုမွန်ကောင်းတောင်းပါသည်။
မြန်မာ- ရုရှား ဆက်ဆံရေးသည် အစဉ်အလာအရ ချစ်ကြည် ရင်းနှီးမှုနှင့် အပြန်အလှန် လေးစားမှု၏ လက္ခဏာများကို ဖော်ဆောင် ထားပါသည်။ နိုင်ငံတကာနှင့် ဒေသတွင်းမျက်နှာစာများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လျက် နှစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနများအကြား ချိတ်ဆက်ဆောင်ရွက်မှုခိုင်မာစေရန် မျှော်လင့် ပါသည်။ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုသာမက အာရှ-ပစိဖိတ် ဒေသ အတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ထံသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန မစ္စတာ ပရက်ဆုတ်ခ်ခွန်း ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူများ ထံသို့ ကမ္ဘောဒီးယားပြည်သူများကိုယ်စား မိမိမှ ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
မကြာသေးမီက ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည့် အဆွေတော်၏ ခရီးစဉ်သည် မိမိတို့နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးအတွက် အထောက်အကူပြုစေခဲ့သဖြင့် ဝမ်းမြောက်မိပါသည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောစေရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မိမိတို့၏ အခြေခံမူများကို ထိန်းသိမ်းခြင်းနှင့် မြန်မာနိုင်ငံ၏အခြေအနေကို ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် အကူအညီပေးသွားရန် မြန်မာ နိုင်ငံအပါအဝင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဟု ထပ်လောင်းအတည်ပြုပါသည်။
အဆွေတော်အား အစဉ်ချစ်ကြည် အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ ဆားဘီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ နီကိုလာ ဆဲလ်လာကောဗစ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် ဆားဘီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်စား မိမိအနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားများ တိုးတက် ပါစေကြောင်းနှင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါသည်။
ဘက်မလိုက်လှုပ်ရှားမှုစတင်သည့် အချိန်ကတည်းက မြန်မာနိုင်ငံ နှင့် ဆားဘီးယားနိုင်ငံအကြား အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသည် နှစ်နိုင်ငံပြည်သူများအကျိုးအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်ရန် ခိုင်မာသည့် အခြေခံအုတ်မြစ် ဖြစ်ပါသည်။ ဘဲလ်ဂရိတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁−၁၂ ရက်အထိ ကျင်းပခဲ့သည့် ဘက်မလိုက်လှုပ်ရှားမှု နှစ် (၆၀) ပြည့်အထိမ်းအမှတ်အနေဖြင့်ကျင်းပသော အဆင့်မြင့် အစည်းအဝေးသို့ မြန်မာနိုင်ငံမှ အဆွေတော်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ ပါဝင် တက်ရောက်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ထပ်မံပြောကြား လိုပါသည်။
ဆားဘီးယားသမ္မတနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ တစ်သမတ်တည်း ပြောင်းလဲမှုမရှိသည့် ထောက်ခံမှုအတွက် ကျေးဇူးအထူးတင်ရှိပါ ကြောင်းနှင့် အနာဂတ်တွင်လည်း ယင်းသို့ ဆက်လက်ထောက်ခံနိုင်ရန် မျှော်လင့်ပါသည်။
မိမိအနေဖြင့် အဆွေတော်အား ချစ်ကြည်အလေးထားလျက်ရှိပါ ကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ထံသို့ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရီဆောင်န်ဂွန် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အခါ သမယအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း နှင့် အဆွေတော်၏ လုပ်ငန်းဆောင်တာများ အောင်မြင်ပါစေရန် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။