
နေပြည်တော် ဇန်နဝါရီ ၃
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသည် အစဉ်အလာအရ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိပါသည်။ အာဆီယံဒေသတွင်း ဖိုရမ်မှတစ်ဆင့် မြန်မာနိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကို များစွာတန်ဖိုးထားရှိပါသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကမ္ဘောဒီးယား နိုင်ငံက ဆက်လက်၍ ကတိကဝတ်ပြုပါကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံ၏ အနာဂတ်သာယာဝပြောရေးအတွက် ဆုမွန်ကောင်း တောင်းအပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံသို့ နှုတ်ခွန်းဆက်သ အပ်ပါသည်။
မြန်မာ - ရုရှား ဆက်ဆံရေးသည် အစဉ်အလာရှိသော ချစ်ကြည် ရင်းနှီးမှုတို့ဖြင့် ဖော်ကျူးထားပါကြောင်း၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေး ခိုင်မာစေရေးကိုရှေးရှု၍ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်း အားထုတ်မှုများမှတစ်ဆင့် မိမိတို့ပြည်သူများ၏ အကျိုးစီးပွားအတွက် နိုင်ငံရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာနှင့် နှစ်နိုင်ငံအကြား အခြားသော ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် ပိုမိုတိုးမြှင့် ဖော်ဆောင်သွားနိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။
အဆွေတော် ကျန်းမာ၍ အောင်မြင်မှုများ ရရှိပါစေကြောင်းနှင့် မြန်မာပြည်သူပြည်သားအပေါင်း ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်နှင့် မြန်မာပြည်သူ များထံသို့ မိမိမှ ဂုဏ်ယူဝမ်းမြောက်စကားနှင့် ဆုမွန်ကောင်းများ ပို့သအပ်ပါသည်။
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြားရှိ ရေရှည်တည်တံ့ သော နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် လွန်ခဲ့သည့်နှစ်ကာလများအတွင်း ပိုမိုခိုင်မာလာမှုနှင့် အလေးထား ဆောင်ရွက်နိုင်မှုအပေါ် မိမိအနေဖြင့် ဝမ်းမြောက်မိပါသည်။
၂၀၂၂ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူထားသော ကမ္ဘောဒီးယား နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းဖြင့် ဒေသတွင်းသာမက နိုင်ငံတကာ၏ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းမြှင့်တင်ရေးအတွက် မြန်မာနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မကြာမီကာလအတွင်း အဆွေတော်အား မြန်မာနိုင်ငံ၌ တွေ့ဆုံရန် မျှော်လင့်လျက်ရှိပြီး အဆွေတော်အား အစဉ်ချစ်ကြည်အလေးထား လျက်ရှိပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။