ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

ချစ်ကြည်လေးစားအပ်ပါသော     မွန်ပြည်နယ်အတွင်းရှိ   မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား


ယနေ့  ၂၀၂၃  ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် ကျရောက် သည့် (၄၉)နှစ်မြောက်    မွန်ပြည်နယ်နေ့    နေ့ထူးနေ့မြတ် အခါသမယတွင် မွန်ပြည်နယ်နှင့် ဒေသအသီးသီး၌ ရောက်ရှိ နေကြသော  မွန်တိုင်းရင်းသား  ညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူများအားလုံး ကျန်းမာ ရွှင်လန်းပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့်ပြည့်ဝကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 

 


မွန်ပြည်နယ်တွင်    မွန်တိုင်းရင်းသားလူမျိုးများသည် အခြားသော     တိုင်းရင်းသားများနည်းတူ   သမိုင်းစဉ် တစ်လျှောက်လုံး  ရိုးရာ၊  ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ယဉ်ကျေးမှုအမွေအနှစ်များကို  တန်ဖိုးထားလေးစားမှုဖြင့်    ပြည်ထောင်စုစိတ်ဓာတ်မွေးမြူကာ    အတူတကွ    လက်တွဲ နေထိုင်ခဲ့ကြပါသည်။

 


မွန်တိုင်းရင်းသားများသည်     မြန်မာနိုင်ငံအတွင်းသို့  အစောဆုံးဝင်ရောက်နေထိုင်ခဲ့သော  တိုင်းရင်းသားလူမျိုးများ ဖြစ်ပြီး ဂေါတမမြတ်စွာဘုရားသခင် ပွင့်တော်မမူမီ  ကာလ ကတည်းက  သထုံဒေသဝန်းကျင်တွင် သုဓမ္မဝတီနိုင်ငံအဖြစ် တည်ရှိခဲ့ကြောင်းနှင့် သုဝဏ္ဏဘူမိခေတ်ကာလမှ  ယနေ့အထိ ဘာသာ၊  သာသနာ၊  စာပေ၊  ယဉ်ကျေးမှု၊  အနုပညာများ ထွန်းကားပြန့်ပွားခဲ့ပါသည်။   မြန်မာ့သမိုင်းတွင်   ထင်ရှား ကျော်ကြားသော     သာသနာပြုမင်းကောင်းမင်းမြတ်များ၊ ရဟန်းပညာရှိ များ၊  လူပညာရှိများ၊  ကျမ်းဂန်တတ်စာပေပညာရှင်များ၊   သူရသတ္တိ  ထက်မြက်သည့် သူရဲကောင်းများထွန်းကားခဲ့သည့် ထူးခြား မွန်မြတ်သော သမိုင်းအစဉ်အလာရှိခဲ့သည့် ပြည်နယ်ဖြစ်ပါသည်။ 

 


မွန်တိုင်းရင်းသားလူမျိုးများသည် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ     ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးရရှိရေးတို့အတွက် မြန်မာ့လွတ်လပ်ရေးတပ်မတော်ကို စတင်ဖွဲ့စည်းချိန်ကတည်းက   ပါဝင်ခဲ့ကြပြီး   တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးကိုလည်း    အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဖော်ဆောင်ခဲ့ကြပါသည်။
လွတ်လပ်ရေးရရှိပြီး  ၁၉၇၄  ခုနှစ်၊  ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တနင်္သာရီတိုင်း အမှတ် (၁) အား  မွန်ပြည်နယ်အဖြစ်   ကမ္ပည်းတင်ရေးထိုးခဲ့သည့် မတ်လ (၁၉)ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် တညီတညွတ်တည်း သတ်မှတ်ခဲ့ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း အစဉ်အလာများကို   အခြေခံလျက်   နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည်မှာ (၄၉)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။

 


မွန်ပြည်နယ်သည် ပထဝီအနေအထားအရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တောင်ဘက်၊   တနင်္သာရီကမ်းမြောင်ဒေသ၏ မြောက်ပိုင်းတွင်  တည်ရှိပြီး အရပ်လေးမျက်နှာနယ်နိမိတ်အနေဖြင့် အရှေ့ဘက်တွင် ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော်နှင့် မုတ္တမကွေ့၊  တောင်ဘက်တွင် တနင်္သာရီ တိုင်းဒေသကြီးနှင့် မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်တို့ဖြင့် ရေလမ်း၊ ကုန်းလမ်းဆုံရာ အချက်အချာနေရာတွင် တည်ရှိသော ပြည်နယ်တစ်ခုပင်ဖြစ်ပါသည်။

 


မွန်ပြည်နယ်သည် ရာသီဥတုကောင်းမွန်မျှတပြီး တောတောင် မြစ်ချောင်းများ၊ စိမ်းလန်းစိုပြည်သောသစ်တောများ၊ သမိုင်းယဉ်ကျေး မှုအမွေအနှစ်များဖြင့် သာယာလှပသော ဒေသဖြစ်ပါသည်။ ထို့အပြင် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသည့်အတွက် မြေသယံဇာတများ၊ ရေသယံဇာတများ၊ စက်မှုကုန်ကြမ်းထွက်ကုန်များ ကြွယ်ဝပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် အခြေခံကောင်းများ ဖြင့် ပြည့်စုံသည့် ဂုဏ်ယူဖွယ်ရာပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။

 


မွန်ပြည်နယ်အတွင်း  အံ့ချီးဖွယ်ရာ   ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအပါအဝင် ရှေးဟောင်းတန်ခိုးကြီးဘုရား များစွာ တည်ရှိပြီး သာသနာပြုပုဂ္ဂိုလ်များနှင့် ရှင်အရဟံမထေရ်မြတ်တို့က စစ်မှန်သော ဗုဒ္ဓသာသနာတော် တည်တံ့ပြန့်ပွားထွန်းကားရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသဖြင့် သုဝဏ္ဏဘူမိဒေသသည် ဗုဒ္ဓဘာသာ စတင်ထွန်းကားပြန့်ပွားရာဒေသဖြစ်ခဲ့သည်ကိုလည်း သမိုင်းမှတ်တမ်း များအရ အထင်အရှားသိမြင်နိုင်မည်ဖြစ်ပါသည်။

 


မွန်တိုင်းရင်းသားများသည်  မိမိတို့၏  ဘာသာစကား၊  စာပေ၊ ယဉ်ကျေးမှုအစဉ်အလာများနှင့် ရိုးရာဓလေ့ထုံးစံများကို အစဉ်တစိုက် ထိန်းသိမ်းခဲ့ကြပြီး   မိမိတို့ပြည်နယ်နှင့်   တိုင်းရင်းသားလူမျိုးတို့၏ ခေတ်အဆက်ဆက်က ထိန်းသိမ်းလာခဲ့သော စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်များကို လူငယ်မျိုးဆက်သစ်များက သားစဉ်မြေးဆက် လက်ဆင့်ကမ်းတာဝန်ယူ ထိန်းသိမ်းစောင့်ရှောက် ရန် လိုအပ်မည်ဖြစ်ပါသည်။

 


လက်ရှိအခြေအနေတွင် မွန်ပြည်နယ်၏ ဒေသတချို့အပါအဝင် ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများ၊ နိုင်ငံတော်ကို အဖျက်အမှောင့်ပြုလုပ်နေကြခြင်းများကြောင့် ပြည်နယ် ၏ သမိုင်းအစဉ်အလာကောင်းများကို  မှေးမှိန်စေပြီး  နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလှသဖြင့်  နိုင်ငံတော်ပြိုကွဲအောင်၊   ဒေသ အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးရေးကို  ပျက်စီးအောင်  လုပ်ဆောင်နေကြ သူများကို   သတိထားဆောင်ရွက်သွားရန်နှင့်   ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရန်     အထူးပင်     လိုအပ်မည် ဖြစ်ပါသည်။

 


လေးစားချစ်ခင်ရပါသော     မိဘပြည်သူ     တိုင်းရင်းသားညီအစ်ကို မောင်နှမများခင်ဗျား


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်     နိုင်ငံတော်ကို တာဝန်ယူနေရသည့်ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်အတိုင်း အောင်မြင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန်နှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက်   အလေးထားကြိုးစားဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့်လည်း မိတ်ဝတ် မပျက် ရင်းနှီးခင်မင်စွာဆက်ဆံဆောင်ရွက်လျက်ရှိပါသည်။

 


ထိုသို့ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်မှ ဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့နိုင်ငံ၏ ကောင်းရာကောင်းကျိုးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားသော ပြည်ပ နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပဩဇာခံပြည်ပြေးအဖွဲ့ များနှင့် နိုင်ငံနှင့် ပြည်သူလူထုကို သစ္စာဖောက်ဖျက်နေသော အဖွဲ့ အစည်းများ၊   နိုင်ငံအကျိုးကို   ပစ်ပယ်ပြီး   မိမိအာဏာရရှိရေးနှင့် ကိုယ်ကျိုးအတ္တကိုသာ ရှေ့တန်းတင်၍ အလုံးစုံပျက်စီးရေးကို ပြုလုပ် နေကြသူများကြောင့်  နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုများ  ယိုယွင်း လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ပါသည်။ ထိုကဲ့သို့ မိမိတို့နိုင်ငံကို ဒုက္ခရောက်စေမည့်လုပ်ရပ်များကို    ဝိုင်းဝန်းကာကွယ်    ထိန်းသိမ်း စောင့်ရှောက်ရမည်မှာ မိမိတို့ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူအားလုံး ၏ တာဝန်ပင်ဖြစ်ပါသည်။

 


နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုး ရေးသည်   နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင်  အရေးပါသည့်အလျောက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို  ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ လိုလားချက်နှင့်အညီ   ဦးတည်ချက်ထား၍   ဖော်ဆောင်နေ သည့် ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု ကြီးဖြစ်ပေါ်လာစေရေးအတွက်      တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်နှင့်အတူ လက်တွဲဖော်ဆောင်ကြရန် တိုက်တွန်းအပ်ပါသည်။

 


နိုင်ငံတော်အစိုးရအနေဖြင့်   နိုင်ငံနှင့်အဝန်း   လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရန်ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံ တစ်ဝန်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးအရင်းအနှီးနှင့် လူအင်အား၊ သဘာဝအရင်းအမြစ်များနှင့် မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက်သယံဇာတတို့ ပြည့်စုံရန်သာမက ကျန်းမာရေး၊ ပညာရေး နှင့် အသိပညာမြင့်မားရေး၊ ပြည်သူလူထုအတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ နိုးကြားထက်သန်မှုနှင့်အတူ မြင့်မားသော ရည်ရွယ်ချက်များရှိနေခြင်း တို့ လိုအပ်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော်  ငွေကြေးနှင့် သယံဇာတ   အရင်းအမြစ်များထက်  ဖန်တီးနိုင်စွမ်းနှင့်   စိတ်ဓာတ် စည်းကမ်းကောင်းမွန်သည့်  လူသားအရင်းအမြစ်က  ပို၍အရေးကြီး သည်ကို သတိပြုရမည်ဖြစ်ပါသည်။

 


ယနေ့ မိမိတို့နိုင်ငံနှင့် မိမိတို့လူမျိုးများ ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲအကျပ်အတည်းစိန်ခေါ်မှုများအားလုံးသည်  ကိုလိုနီခေတ် တွင် မြစ်ဖျားခံခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလ ဆယ်စုနှစ်များစွာတိုင်အောင်  ယခုအချိန်ထိ  နိုင်ငံတော်အစိုးရက ဖြေရှင်းနေရဆဲဖြစ်သည်ကို သတိထားရှုမြင်သုံးသပ်လုပ်ဆောင်ကြရန် လိုမည်ဖြစ်ပါသည်။

 


ဒုတိယကမ္ဘာစစ်ပြီးကာလ ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့ ကြသည့် နိုင်ငံများမှာ ကိုလိုနီခေတ်မှ ဒဏ်ရာဒဏ်ချက်များကို ကုစား ကာ ရုန်းထလိုသောစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နိုင်ငံတော်ကို တည်ဆောက်ခဲ့ကြသောကြောင့် ဖွံ့ဖြိုးတိုးတက်ခဲ့ကြသည်ကို နမူနာ ယူကာ မိမိတို့နိုင်ငံတွင်လည်း လက်ရှိကြုံတွေ့နေရသော နိုင်ငံရေး နှင့်လက်နက်ကိုင် ပဋိပက္ခများကို အဆုံးသတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကို လက်တွေ့ကျကျ ဆောင်ရွက်သင့်ပြီဖြစ်ပါသည်။

 


ယခုအခါ မိမိတို့နိုင်ငံသည် အရေးပေါ်အခြေအနေကို ကြေညာ ထားသည့် ကာလတစ်ရပ်ကို ဖြတ်သန်းနေရဆဲဖြစ်ပြီး ပြည်တွင်းပြည်ပ မှ အကြမ်းဖက်ဝါဒီများက နိုင်ငံကိုအလုံးစုံပျက်သုဉ်းစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဥပဒေမဲ့၊ ကျင့်ဝတ်သိက္ခာမဲ့၊ စည်းမဲ့ကမ်းမဲ့ဖြင့် အစွမ်းကုန်အားထုတ် ဖျက်ဆီးနေကြဆဲဖြစ်သည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။

 


ဆူပူအကြမ်းဖက်၊ မီးရှို့၊ လူသတ်၊ ဖောက်ခွဲဖျက်ဆီး၊ လုယက် ဓားပြတိုက်  စသည့်လုပ်ရပ်များကို လက်မရွံ့ကျူးလွန်နေကြသည့် နည်းတူ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး စသည့် ဘက်ပေါင်းစုံတို့တွင်လည်း အတွေးမှား၊ အမြင်မှားများ ဖြစ်ပေါ် လာအောင်၊  အတွေးအခေါ်များ   အဆိပ်သင့်လာအောင်  မီဒီယာ နည်းလမ်းများကို အသုံးပြုဆောင်ရွက်လျက်ရှိရာ ရုပ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုများသာမက စိတ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုများကို ပါ သတိပြုရှောင်ရှားကြရန် လိုအပ်မည်ဖြစ်ပါသည်။

 


ပြည်သူလူထုအတွင်း အသိမှား၊ အမြင်မှားများနှင့် ကောလာဟလ များကိုဖြန့်ချိ၍  အဆိုးမြင်စိတ်ခံစားမှုကို  အဆုံးထိမြှင့်တင်ပေးပြီး ပြည်သူကို စတေးကာ နိုင်ငံရေးအမြတ်ထုတ်မှုများကိုလည်း အသိ ဉာဏ်ဆင်ခြင်တုံတရားဖြင့် သတိထားကြရမည်ဖြစ်ပါသည်။တော်လှန် ရေးဟူ၍   အမည်တပ်ကာ   မိမိတို့အားထောက်ခံသူများနှင့်  မသိ နားမလည်သူများ၏ ဘဝများကို ရင်းနှီးစတေး၍ အာဏာကိုအချောင် ရယူရန် ကြိုးပမ်းအမြတ်ထုတ်နေကြသူများ၊ ခေါင်းစဉ်အမျိုးမျိုးတပ်၍ လိမ်လည်လှည့်ဖြားကာ  ကိုယ်ကျိုးရှာသူများကိုလည်း   ဝိုင်းဝန်း ဖော်ထုတ်နိုင်ရေးဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါသည်။

 


နိဂုံးချုပ်အနေဖြင့်   မွန်ပြည်နယ်မှ   မိဘပြည်သူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအပါအဝင် နိုင်ငံနှင့်လူမျိုးကိုအမှန်တကယ် ချစ်မြတ်နိုးကြသည့် တိုင်းရင်းသားပြည်သူနိုင်ငံသားကောင်းတစ်ဦးစီက   နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်   ထာဝရငြိမ်းချမ်းရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် မိမိတို့ကျရာကဏ္ဍ အလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်းတည်ဆောက် သွားကြရန် အလေးအနက်ထား  ဆန္ဒပြုလျက်  (၄၉)  နှစ်မြောက် မွန်ပြည်နယ်နေ့သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။

 


ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ
                   သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
                                     နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ