၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်
ချစ်ကြည်လေးစားအပ်ပါသော ဆရာ၊ ဆရာမများခင်ဗျား
ယနေ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အခါသမယ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ဆရာ၊ ဆရာမအားလုံးနှင့် ပြည်သူပြည်သားများ အားလုံး ကိုယ်ရောစိတ်ပါ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန် ကောင်း ပို့သအပ်ပါသည်။
ယနေ့ ကမ္ဘာ့ဆရာများနေ့သည် အသိပညာ၊ အတတ်ပညာနှင့် စောင့်ထိန်းအပ်သော အကျင့်သီလသိက္ခာနှင့် ကိုယ်ကျင့်တရားတို့ကို ကောင်းမွန်အောင် သင်ကြားပြုပြင်ပေးကြသော ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာနှင့် ဂုဏ်ကျေးဇူးကို အောက်မေ့သတိရ ဖော်ထုတ်ဂုဏ်ပြု သည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအရ ဆရာတို့၏ ဂုဏ်ကျေးဇူးကို အသိအမှတ်ပြု ရိုကျိုးပူဇော်ခဲ့ကြသည်မှာ ရှေးပဝေသဏီဘိုးဘေး စဉ်ဆက်ကတည်းက ယခုအချိန်ထိတိုင် ဖြစ်ပါသည်။ ကမ္ဘာ့ဆရာ များနေ့တွင် ဆရာအပေါင်းတို့အား “ ဂါရဝေါစ၊ နိဝါတောစ၊ ကတ ညုတ၊ ကတဝေဒီ” ဟူသည့် မင်္ဂလာတရားတော်နှင့်အညီ ရိုသေ ထိုက်သူကို ရိုသေခြင်း၊ မိမိကိုယ်ကိုနှိမ့်ချခြင်း၊ သူ့ကျေးဇူးကို သိတတ်ခြင်း၊ ကျေးဇူးသိမှတ်တုံ့ဆပ်ခြင်းဖြင့် မြတ်ဆရာတို့၏ ဂုဏ် ကျေးဇူးကို ချီးကျူးဂုဏ်ပြု ထုတ်ဖော်ခြင်း ပြုအပ်ပါသည်။
မြန်မာတို့ လက်အုပ်ချီမိုးရှိခိုးသော အနန္တဂုဏ်ရှင်ငါးပါးတွင် အာစရိယဂိုဏ်းဝင် ဆရာများသည်လည်း တစ်ပါးအပါအဝင်ဖြစ်ပေရာ ‘အာစရိယဂုဏော အနန္တော’ ဟု ဦးထိပ်ထားလျက် နေ့စဉ်ရှိခိုး ထိုက်သော၊ ဆရာ့ကျေးဇူးကို နေ့စဉ်ဆင်ခြင်အောက်မေ့ထိုက်သော ပုဂ္ဂိုလ်များပင် ဖြစ်ပါသည်။ စာသင်ကျောင်းများ၊ တက္ကသိုလ်များ အပါအဝင် နိုင်ငံတစ်ဝန်း၌ အာစရိယ ပူဇော်ပွဲများကို အခါအားလျော်စွာ ကျင်းပပူဇော်ကျေးဇူးဆပ်လျက်လည်း ရှိပါသည်။
ကမ္ဘာ့ဆရာများနေ့ ပေါ်ပေါက်လာရခြင်းမှာ ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့- ယူနက်စကိုနှင့် အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့တို့၏ ၁၉၆၆ ခုနှစ်တွင် ဆရာ၊ ဆရာမများ၏ အဆင့် အတန်းအပေါ် အကြံပြုချက်များအရ ကမ္ဘာ့ဆရာများနေ့ကို ၁၉၉၄ ခုနှစ်က စတင်၍ ကျင်းပလာခဲ့ခြင်းဖြစ်ပါသည်။ နှစ်စဉ် အောက်တို ဘာလ ၅ ရက်နေ့ကို “ကမ္ဘာ့ဆရာများနေ့” ဟူ၍ သတ်မှတ်ကျင်းပ ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း ၂၀၀၂ ခုနှစ်မှစတင်ကာ နှစ်စဉ် ပညာရေးဝန်ကြီးဌာနက တာဝန်ယူ၍ နိုင်ငံတော်အဆင့် ကျင်းပခဲ့ပါသည်။
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်ဖြစ်သော “ပညာရေး ပြုပြင်ပြောင်းလဲမှု- ဆရာများကအစပြု” “The Transformation of Education Begins with Teachers” သည် ဆရာများအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုတွင် အရေးပါပုံကို မီးမောင်းထိုးပြကာ ဆရာများ၏ ပါရမီနှင့် သင်ကြားမှုအတတ်ပညာများကို အပြည့်အဝ အသုံးချနိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက် ၎င်းတို့၏ အနာဂတ်ဘဝရပ်တည်မှုအတွက် စဉ်းစားပေးရန် လိုအပ် ပုံကို ဖော်ညွှန်းသတိပေးနေပါသည်။
ဆရာများသည် မသိသူကိုသိအောင်၊ မတတ်သူကိုတတ်အောင်၊ မကျွမ်းကျင်သူကို ကျွမ်းကျင်အောင်၊ မလိမ္မာ မယဉ်ကျေးသူကို လိမ္မာ ယဉ်ကျေးအောင်၊ ပညာအလင်းပွင့်အောင်၊ စွမ်းရည်ပြည့်ဝကာ ချမ်းသာ ရဲရင့်အောင်ပြုနိုင်သည့် မေတ္တာစေတနာ အစွမ်းကြီးမားသူများ ဖြစ်ကြသည်။ တပည့်များကို အတတ်ပညာများသင်ပေးရင်း စိတ်ထား ကောင်းပြီး ကိုယ်ကျင့်တရား ဖြောင့်မတ်မှန်ကန်လာစေရန်လည်း သွန်သင်ပေးတတ်သဖြင့် စာကိုလည်းသင် စိတ်ကိုပြင်သူဟုလည်း ဆိုရပါမည်။ အထူးသဖြင့် လမ်းမှားရောက်နေသော တပည့်များကို လမ်းမှန်ရောက်အောင် ပြုပြင်ထိန်းကျောင်းလမ်းပြပေးသူများဖြစ်၍ “ရှေးရှုမေတ္တာ၊ ကရုဏာနှင့်၊ နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာ ဟူလော့” ဟု မန်လည်ဆရာတော်ဘုရားကြီးက မိန့်ဆိုခဲ့ပါသည်။
ထိုသို့တပည့်များအပေါ် အကျိုးလိုလားစိတ်ရှိသဖြင့် တပည့်တို့၏ ဘဝကို ပြုစုပျိုးထောင်ဖန်တီးပေးသူများဟုလည်း ဆိုနိုင်ပါသည်။ ဆရာသည် ဘဝခရီးနှင်ရမည့်လူငယ်တပည့်တို့ အနာဂတ်ဘဝတွင် လိုအပ်သည့် အသိပညာ၊ အတတ်ပညာ၊ အလေ့အကျင့်ကောင်းများ၊ ဆောင်ရန်ရှောင်ရန်များကို သင်ကြားပေးလိုက်သူဖြစ်ပါသည်။
ဆရာများသည် စတင်လေ့လာသင်ယူသူများအဖြစ် ကိုယ်ရော စိတ်ပါ အပင်ပန်းခံကာ ကိုယ်တိုင်တတ်ကျွမ်းသည်ထိ ဦးစွာသင်ယူ ကြရပါသည်။ ဆရာကိုယ်တိုင် မျက်စိကိုဖွင့် နားကိုစွင့်ကာ နေ့စဉ် တိုးတက်ဖြစ်ပေါ်နေသော ပညာရပ်များကို စာကြည့်တိုက်၊ အင်တာ နက်နှင့် အိုင်တီနည်းပညာများကိုအသုံးပြုကာ စဉ်ဆက်မပြတ် တက်ကြွစွာသင်ယူလျက် တပည့်များအား ခေတ်ပေါ်ပညာရပ်များကို သင်ကြားပေးနိုင်ရေးအတွက် အစဉ်အမြဲ ကြိုးပမ်းအားထုတ်ကြရ ပါသည်။
မိမိနည်းတူ ပညာရပ်မှာ မွေ့လျော်အောင် တပည့်များအား လေ့ကျင့် သင်ကြားပေးကြရပါသည်။ မျက်မှောက်ခေတ်ဆရာများသည် မိမိပညာရပ်အတွက် အထောက်အကူပြုစေသည့် ဘာသာစကားများ တတ်ကျွမ်းအောင် သင်ယူနေကြရပါသည်။ တပည့်များကို ထိရောက် အောင်မြင်စွာ သင်ကြားနိုင်ရေးအတွက် သင်ခန်းစာများ၊ သင်ပြ နည်းများ၊ သင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူများကို အစဉ်အမြဲ ဆန်းသစ် ပြုပြင်နေကြရပါသည်။
သို့မှသာ သာမန်သင်ကြားနေရာမှ နည်းပညာသုံးပညာသင်ကြား ရေးသို့ အဆင့်မြှင့်တင်နိုင်မည်ဖြစ်ပါသည်။
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုရမည့် ကျောင်းသား၊ ကျောင်းသူများကို အနာဂတ်တွင် ပညာစွမ်း၊ သတ္တိစွမ်း၊ စိတ်ဓာတ်စွမ်း တို့ဖြင့် ဘဝခရီးကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် လေ့ကျင့် သင်ကြားပေးသွားကြရမည်ဖြစ်ပါသည်။
အတတ်ပညာ၊ အသိပညာများဖြင့်သာ မိသားစုဘဝ၊ လူမှုဘဝ များကို မြှင့်တင်နိုင်သည်ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ပြည်၊ လူ့အဖွဲ့အစည်းတစ်ခုသည်လည်း ပညာဖြင့်သာ မြင့်မားတိုးတက်လာ စေမည်ဖြစ်ပါသည်။ ထို့ကြောင့် အရည်အချင်းပြည့်ဝသော ဆရာ များက ဦးဆောင်နိုင်မှသာ သာယာလှပသောကမ္ဘာကြီးကို ဖန်တီး နိုင်မည်ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် ဆရာများသည် “အတတ်လည်းသင်၊ ပဲ့ပြင် ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ဆရာတို့ ကျင့်ဖို့ဝတ် ငါးဖြာ” ဆိုတဲ့ ဆရာကျင့်ဝတ်များနဲ့အညီ မိမိတို့ရဲ့ တပည့်များကို ဘေးရန်အန္တရာယ်အသွယ်သွယ်မှ ကင်းဝေးအောင် နည်းမှန်လမ်းမှန် ညွှန်ပြရန်၊ မျိုးဆက်သစ်လူငယ်များ အနာဂတ်ကမ္ဘာ့စိန်ခေါ်မှုများကို ရဲရဲရင့်ရင့် ရင်ဆိုင်ကျော်ဖြတ်နိုင်ရေးအတွက် သင်ကြားရန်၊ အသိမှန် အလုပ်မှန် အကျင့်မှန်ဖြစ်ရေးအတွက် ဦးဆောင်ကြရန်၊ မြန်မာ့ ပညာရေး ကမ္ဘာ့အဆင့်နှင့်အညီ ခေတ်မီတိုးတက်စေရန်နှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ရာတွင် ပညာ ရေးဖြင့် အထောက်အကူပြုရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ဤကမ္ဘာ့ဆရာများနေ့ နေ့ထူးနေ့မြတ် အချိန်အခါသမယ၌ အလေး အနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။



