
၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်
ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား-
ယနေ့အချိန်အခါသမယသည် နိုင်ငံတော်တစ်ဝန်းလုံးရှိ တောင်သူ လယ်သမားများအား အထူးအလေးအနက် ဂုဏ်ပြုသတ်မှတ်ထားသော သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။ ဤရက်မြတ်အချိန်အခါ ကာလတွင် နိုင်ငံတော်တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး ကောင်းကျိုး မင်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆတက်ထမ်းပိုး တိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
လယ်ယာကဏ္ဍ၏ စိုက်ပျိုးမွေးမြူထုတ်လုပ်မှုလုပ်ငန်းစဉ်များသည် စားနပ်ရိက္ခာထုတ်လုပ်မှုအတွက်သာမက ကျေးလက်နေ
ပြည်သူသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် အဓိကကျောရိုးလုပ်ငန်းကြီးဖြစ်ပါသည်။ ထို့အပြင် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများ တိုးတက် ပြောင်းလဲမှုပုံသဏ္ဌာန်ကို ဖော်ဆောင်လျက်ရှိသည့်အတွက် လယ်ယာ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံ၏ပဓာနကျသည့် တာဝန်တစ်ရပ် အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူများ၏ နေ့စဉ်စားနပ်ရိက္ခာဖူလုံရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာစေရန်၊ ပြည်ပတင်ပို့မှုမှ နိုင်ငံခြား ဝင်ငွေရရှိစေရန် အပင်ပန်းခံကြိုးပမ်းစိုက်ပျိုးထုတ်လုပ်ပေးကြသည့် နိုင်ငံ၏ထမင်းရှင်၊ ကျေးဇူးရှင်ကြီးများဖြစ်ကြသော တောင်သူ လယ်သမားကြီးများအား နိုင်ငံတော်အစိုးရအနေဖြင့် ပြဋ္ဌာန်းထားသည့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေနှင့်အညီ ပံ့ပိုးကူညီထောက်ပံ့မှုများကို ထိရောက် အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသည့် စိုက်ပျိုးသီးနှံများအတွက် တောင်သူလယ်သမား များအား အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ကြေးများကို ကျပ် ၂၃.၆၈ ဘီလီယံ ထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် တောင်သူလယ်သမား များဈေးကွက်တွင် မျှတသည့်ဈေးနှုန်းရရှိနိုင်ရန် အခြေခံရည်ညွှန်း စပါးဈေးနှုန်း ထုတ်ပြန်သတ်မှတ်ခြင်းကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ စတင်ဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းစနစ်ကို ပိုမိုထိရောက်ကျယ်ပြန့် စွာ တိုးချဲ့ဆောင်ရွက်ရေးအပြင် တစ်ဖက်တွင်လည်း တောင်သူ လယ်သမားများအတွက် သွင်းအားစုရရှိရေးနှင့် ဈေးကွက် သေချာစေမည့် အကျိုးတူကန်ထရိုက်လယ်ယာစနစ် ကျယ်ကျယ် ပြန့်ပြန့် ပေါ်ပေါက်လာနိုင်ရေးအတွက် တွန်းအားပေးလျက်ရှိပြီး ယင်းစနစ်အား တစ်ပြေးညီကျင့်သုံးနိုင်မည့် လုပ်ထုံးလုပ်နည်းကို ချမှတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား-
လယ်ယာကဏ္ဍကြီးအနေဖြင့် အရည်အသွေးကောင်း သီးနှံ၊ အသားနှင့် ငါးများ ထုတ်လုပ်နိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ ဒေသရေမြေနှင့်လျော်ညီသည့် သီးနှံ၊ သားငါးများ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်မည့် ခေတ်မီ နည်းပညာဖြန့်ဖြူးရေး၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး၊ ပိုးမွှားရောဂါ ကျရောက် ကူးစက်မှုများ ကာကွယ်ထိန်းချုပ်ရေး၊ လယ်ယာ သားငါး ကုန်စည် များ ပြည်တွင်း/ ပြည်ပဈေးကွက်များသို့ ချောမွေ့စွာ ကူးသန်း ရောင်းဝယ်နိုင်ရေး စသည့်လုပ်ငန်းများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
လယ်ယာကဏ္ဍကြီးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကတာဝန် ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တောင်သူလယ်သမားကြီးများ ဈေးကောင်းရမည့် အရည်အသွေး ကောင်း သီးနှံများ၊ မွေးမြူရေးတိရစ္ဆာန်များ၊ ရေသတ္တဝါများ၊ စိုက်ပျိုး၊ မွေးမြူထုတ်လုပ်နိုင်ရန် မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးခြင်းနှင့် နည်းပညာပေးခြင်းများအပြင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း (GAP) ၊ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP) ၊ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) တို့ကို ကျင့်သုံးရေး ဆောင်ရွက်ခြင်း၊ Myanmar’s GAP Protocol and Guideline များ ထုတ်ပြန်ခြင်းတို့ကို တိုးချဲ့ဆောင်ရွက်လျက် ရှိပါသည်။
ချစ်ခင်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများခင်ဗျား-
လက်ရှိကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မိုးသီးကြွေခြင်း၊ တောမီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခတ် ခြင်း၊ မြေပြိုခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်ကျရောက်မှု အမျိုးမျိုးကြောင့် တောင်သူလယ်သမားအများစု၏ လူမှုစီးပွားဘဝကို ထိခိုက်မှုများရှိနေပါသည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) တွင် တစ်ခုအပါအဝင်ဖြစ်သည့် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်များ အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။ တစ်ဖက်မှလည်း သစ်တောပြုန်းတီးမှုကာကွယ်ထိန်းသိမ်းခြင်းနှင့် မြေဆီလွှာ အဆင့် အတန်းနိမ့်ကျမှု လျော့နည်းစေရေးအတွက် မြေဆီလွှာထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်ရမည့်အပြင် ရေရှည်စိုက်ပျိုးနိုင်ပြီး မြေဆီလွှာအရည်အသွေး တိုးတက်မြင့်မားလာစေမည့် သီးနှံစိုက်ပျိုး နည်းစနစ်များကိုလည်း ပြောင်းလဲကျင့်သုံးသွားရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် လက်ရှိအားဖြင့် အသားတင်စိုက်ပျိုး မြေဧက (၂၉.၅၉) သန်း ဖြစ်သော်လည်း ယင်းမြေပေါ်တွင် တောင်သူ လယ်သမားကြီးများက ရာသီအလိုက် သီးထပ်၊ သီးညှပ်များလည်း စိုက်ပျိုးလျက်ရှိသဖြင့် နှစ်စဉ်သီးနှံစိုက်ပျိုးဧက စုစုပါင်းမှာ ဧက (၄၈) သန်း ကျော်ဖြစ်ပါသည်။ တိုးတက်လာသော နိုင်ငံ့လူဦးရေ၏ နေ့စဉ်စားနပ်ရိက္ခာဖူလုံရန်အတွက် တောင်သူလယ်သမားကြီးများက စိုက်ပျိုးမြေများကို စနစ်တကျပြုပြင်ပြီး ရာသီအလိုက် အရည်အသွေး ကောင်း၊ အထွက်နှုန်းကောင်းသီးနှံမျိုးများကို စိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်နှုန်း မြင့်မားလာစေမည်ဖြစ်ပါသည်။ ထို့အပြင် မြေယာအသုံးချမှုတွင် တိရစ္ဆာန်မွေးမြူရေးနှင့် ငါးမွေးမြူရေးလုပ်ငန်း များ ထိရောက်အကျိုးရှိစွာ ဆောင်ရွက်နိုင်ရေးအတွက်လည်း အားပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့မှသာ မိသားစုဝင်ငွေကို တိုးတက်စေသည့်အပြင် နိုင်ငံအတွက် စားနပ်ရိက္ခာကို ဖူလုံပိုလျှံ စေမည်ဖြစ်သဖြင့် စိုက်ပျိုးမြေများကို အကျိုးရှိထိရောက်စွာ အသုံးပြု ကြပါရန် တိုက်တွန်းအပ်ပါသည်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ယခုရာစုနှစ်အတွင်း မှာပင် ကမ္ဘာတစ်ဝန်း စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာနိုင်မည်ဟု ခန့်မှန်းထားရာ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျော ညီထွေရှိမည့် သီးနှံအမျိုးအစား၊ သီးနှံပုံစံ၊ စိုက်ပျိုးနည်းစနစ် စသည်တို့ကို ပြောင်းလဲစိုက်ပျိုးနိုင်မည့်အစီအမံများကို ရေတိုရေရှည် စီမံချက်များချမှတ်၍ သက်ဆိုင်ရာဌာနများနှင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ် ကြီးများ ကြုံတွေ့ပါက စားနပ်ရိက္ခာမလုံလောက်မှုအန္တရာယ်မှ ကျော်လွှားနိုင်ရေးနှင့် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း အားကောင်းရေးတို့ကို နိုင်ငံတိုင်း အလေးထားဆောင်ရွက်လျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံ တွင်လည်း အစိုးရနှင့်ပုဂ္ဂလိက ညီညွတ်စွာပူးပေါင်း၍ အရန်မျိုးစေ့ များ စုဆောင်းထားရှိခြင်း၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်း၊ သီးနှံပျက်စီးဧရိယာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အားပေးကူညီလျက်ရှိပါသည်။
သီးနှံစိုက်ပျိုးထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးတွင် အဓိက လိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးရေရရှိရေးအတွက် နှစ်စဉ် မိုးစပါး၊ နွေစပါးနှင့် အခြားသီးနှံ ဧက (၂၄) သိန်းခန့်ကို တည်ဆောက်ပြီး ဆည်တမံနှင့် အခြားရေရရှိရေးလုပ်ငန်းများမှ စိုက်ပျိုးရေပေးဝေမှု ဆောင်ရွက်လျက်ရှိသကဲ့သို့ သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီး နစ်မြုပ်မှုလျော့ပါးရေးအတွက် နိုင်ငံတစ်ဝန်းတွင် ချောင်းကော၊ မြောင်းကောနှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်း လုပ်ငန်းပေါင်း (၄၅၁၉) ခုကို ဆောင်ရွက်ပေးနိုင်ခြင်းဖြင့် လယ်မြေဧက (၃) သန်းကို ကာကွယ်ပေးနိုင်ခဲ့ပါသည်။
ကုန်ဆုံးခဲ့သည့်နှစ်များအတွင်း မုတ်သုံမိုးရွာသွန်းရက်နှင့် မိုးရေချိန်နည်းပါးလာခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် မိုးရေရရှိမှု လျော့နည်းလျက်ရှိသဖြင့် တည်ဆောက်ပြီး ရေလှောင်တမံများ၏ ရေသိုလှောင်မှုပမာဏ လျော့ကျလျက်ရှိပါသည်။ သိုလှောင်ဖြန့်ဖြူး ပေးလျက်ရှိသောရေများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဆည်ရေပေးမြောင်းများ ပြုပြင်တည်ဆောက်မှုအပြင် ရေပေးဝေမှုစနစ် များ ပိုမိုကောင်းမွန်ရန် လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် ရေကိုအလေအလွင့်လျော့ပါးပြီး ထိရောက်စွာခွဲဝေသုံးစွဲနိုင်ရန် တောင်သူလယ်သမားများကိုယ်တိုင် ပါဝင်စီမံဆောင်ရွက်နိုင်သော ရေအသုံးချသူအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်စေလျက်ရှိရာ ပြည်နယ်/ တိုင်းဒေသကြီး (၁၃) ခုတွင် အဖွဲ့ပေါင်း (၈၁၈၈) ခုကို တောင်သူလယ်သမား (၂၃၈၇၅၀) ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ပါသည်။ သို့ဖြစ်ရာ တောင်သူလယ်သမားကြီးများအနေဖြင့် ရေအသုံးချသူ အစုအဖွဲ့များတွင် ကိုယ်တိုင်ပါဝင်ပြီး သီးနှံစိုက်ပျိုးမှုအတွက် ထိထိရောက်ရောက် အကျိုးရှိစွာ အသုံးချကြရန်နှင့် လေလွင့်ဖြုန်းတီးမှု မဖြစ်စေရေး အလေးဂရုပြု ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း လိုပါသည်။
တစ်ဖက်တွင်လည်း ရေလိုအပ်မှုများပြားသည့် စပါးအခြေခံ သီးနှံပုံစံများနေရာတွင် ဈေးကွက်ဝယ်လိုအားရှိသော တန်ဖိုးမြင့် သီးနှံများ စိုက်ပျိုးမှုပုံစံကို ပြောင်းလဲစိုက်ပျိုးရေးအတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်း ရာသီဥတုပြောင်းလဲမှု ကြောင့် မိုးရေရရှိမှုနည်းပါးလာပြီး ဆည်ရေသိုလှောင်မှု ပုံမှန်ထက် လျော့နည်းသဖြင့် ရေကို အကျိုးရှိရှိ အသုံးချစေလိုပါသည်။ နိုင်ငံတော် မှလည်း ဒေသအလိုက် သင့်လျော်သော သီးနှံစိုက်ပျိုးမှုပုံစံများကို စံပြကွက်များတည်ထောင်ပြီး ပညာပေးလုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့မှသာ စိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမားကြီးများအနေဖြင့် ဈေးကွက်ရရှိပြီး ဝင်ငွေ မြင့်မားသော လယ်ယာစီးပွားလုပ်ငန်းများကို ရွေးချယ်ပြီး ပြောင်းလဲ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။
ချစ်ခင်လေးစားရပါသော တောင်သူလယ်သမားကြီးများခင်ဗျား-
ယနေ့အချိန်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတု ပြောင်းလဲမှုအခြေအနေအရ သဘာဝဘေးအန္တရာယ်များ၊ ကိုရိုနာ ဗိုင်းရပ်ကူးစက်ရောဂါ ကျရောက်မှုအခြေအနေများကို ရင်ဆိုင်နေရ လျက်ရှိပြီး နိုင်ငံနှင့်ပြည်သူပြည်သားများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးအခြေအနေများယုတ်လျော့မှု နည်းနိုင်သမျှနည်းပါး အောင် စွမ်းဆောင်ကြိုးပမ်းလျက်ရှိပါသည်။ အထူးသဖြင့် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ မြို့ပြနှင့်ကျေးလက်ဒေသ အကြား လူမှုစီးပွားအဆင့်အတန်းကွာဟချက်များ ကျဉ်းမြောင်း လာစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရရှိနိုင်သော လူ့စွမ်းအားနှင့် ငွေကြေးအရင်းအနှီးများကို ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ကျေးလက်နေပြည်သူများ၏စွမ်းဆောင်ရည် တိုးတက်လာစေရေးနှင့် ဘေးအန္တရာယ်များ ကျရောက်လာပါက ကျေးလက်ဒေသများ၌ တုံ့ပြန်ကာကွယ်ဆောင်ရွက်နိုင်မှုအားကောင်းသော လူမှုအဖွဲ့အစည်း များ ဖြစ်ပေါ်လာစေရေးတို့အတွက် ဆောင်ရွက်နိုင်ရန်နှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို အားပေးမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးလိုပါသည်။
နိုင်ငံအဝန်းရှိ လုပ်ကွက်ငယ် တောင်သူလယ်သမားများ၏ စွမ်းအားကို ရယူပေါင်းစု၍ လယ်ယာထုတ်ကုန်သမဝါယမအသင်း အဖွဲ့များ ဖွဲ့စည်းထူထောင်ပြီး၊ မြေပြုပြင်မျိုးစေ့ချ စိုက်ပျိုးသည့် အဆင့်မှ စျေးကွက်သို့တင်ပို့ရောင်းချသည့်အဆင့်ထိ လုပ်ငန်းစဉ် အဆင့် အားလုံးတွင် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် တောင်သူလယ်သမား များလည်း လက်တွေ့ပါဝင် လုပ်ဆောင်ခွင့်ရရှိပြီး အလုပ်အကိုင် အခွင့်အလမ်းနှင့် အကျိုးကျေးဇူးများ ခံစားခွင့်ရရှိရေးအတွက် သမဝါယမကဏ္ဍအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။
သို့ဖြစ်ပါ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စိတ်စေတနာ အပြည့်အဝဖြင့် ရိုးသားဖြူစင်စွာ ကြိုးစားဆောင်ရွက်ကြသည့် တောင်သူလယ်သမားတို့၏ ပေါင်းစည်းအင်အားဖြင့် လယ်ယာကဏ္ဍ အပါအဝင် နိုင်ငံတော်၏ အမျိုးသားလူမှုစီးပွားရေးနှင့် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရမည့် အချိန်အခါဖြစ်သည်နှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအပါအဝင် နိုင်ငံသား အားလုံး၏ ရေရှည်အကျိုးစီးပွားအတွက် ရင်ဆိုင်ကြုံတွေ့ကြရမည့် စိန်ခေါ်မှုများ၊ အတားအဆီးများနှင့် အခက်အခဲမှန်သမျှတို့ကို ကျော်လွှားပြီး နိုင်ငံ၏အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူလက်တွဲကြိုးပမ်းပေးကြပါရန် အလေးအနက်တိုက်တွန်း အပ်ပါသည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ