ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၁)ကျင်းပ

မိမိတို့အနေဖြင့် ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်
ဆက်လက်လျှောက်လှမ်းနိုင်ရေး ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေ

 

နေပြည်တော်    နိုဝင်ဘာ     ၂၃    


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၁)အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။


တက်ရောက်


အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင် ကျော်၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်    ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦခင်ရီ၊ ဦးမြင့်ကြိုင်၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာ ညွန့်ဖေ၊  ဒေါက်တာသက်ခိုင်ဝင်း၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးနှင့်     ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။


ရှင်းလင်းပြောကြား


ဦးစွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိုင်ငံတော်တွင်ဖြစ်ပွားနေသည့် အကြမ်းဖက်၊ လုယက်၊  တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ရသည့် အဓိကအကြောင်းရင်းများ၊ တရားမဝင်အဖွဲ့အစည်းများဖြစ်သော   NUG၊  CRPH  နှင့်  PDF  အကြမ်းဖက်အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်၊ လုယက်တိုက်ခိုက်သတ်ဖြတ် ခြင်းများ ဆောင်ရွက်နေမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ ပူးပေါင်း၍ အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေးလုပ်ငန်းများ   ဆောင်ရွက်နေမှု၊  အကြမ်းဖက် လုပ်ရပ်များ   ဆောင်ရွက်နေသူများနှင့်    လက်နက်ခဲယမ်းများအား ဖော်ထုတ်ဖမ်းဆီးရမိမှု၊ ထိုသို့ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် တာဝန်ရှိသူ များအား အသိအမှတ်ပြုမှု၊  မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုနှင့်  မူးယစ် ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ   အရှိန်အဟုန်မပျက်    ဆက်လက် ဆောင်ရွက်နေမှု၊ မိမိတို့အနေဖြင့် ပြည်သူများ၏ဆန္ဒဖြစ်သည့်  ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်  ဆက်လက်လျှောက်လှမ်းနိုင်ရေး  ဥပဒေနှင့်အညီ  ထိန်းသိမ်းဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင်   မဲမသမာမှုဖြစ်ပေါ်ခဲ့ခြင်းနှင့်  ပြီးခဲ့သည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့၏ အဂတိလိုက်စားခဲ့မှုများအား ဖော်ထုတ်အရေးယူဆောင်ရွက်နေမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ချမှတ်ထားသည့်   ဦးတည်ချက် (၅) ရပ်အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဥပဒေနှင့်အညီ  ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံတော်အတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများဆောင်ရွက်ရာတွင်  အများပြည်သူများ သိရှိနားလည် လိုက်နာနိုင်စေရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစား၍ လေးလေးနက်နက်   စဉ်းစားဆောင်ရွက်ရန်       လိုအပ်မှုအခြေအနေများနှင့်ပတ်သက်၍  အကျယ်တဝင့်  ရှင်းလင်းပြောကြားသည်။


ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး    ကောင်စီအဖွဲ့ဝင်များ၊   ပြည်ထောင်စုဝန်ကြီးများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍရပ်များနှင့် လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေးဆိုင်ရာ   ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်