
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမှာစကားပြောကြား
နေပြည်တော် နိုဝင်ဘာ ၂၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေးအမှတ်စဉ်(၆/၂၀၂၁)အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး နှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဘက်ပေါင်းစုံမှစဉ်းစား
ဦးစွာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိုင်ငံတော်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်၊ လုယက်၊ တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ် ရသည့် အဓိကအကြောင်းရင်းများ၊ တရားမဝင်အဖွဲ့အစည်း များဖြစ်သော NUG၊ CRPH နှင့် PDF အကြမ်းဖက်အဖွဲ့ များက လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်၊ လုယက် တိုက်ခိုက်သတ်ဖြတ်ခြင်းများ ဆောင်ရွက်နေမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှတာဝန်ရှိသူများ ပူးပေါင်း ၍ အကြမ်းဖက်မှု တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသူများနှင့် လက်နက်ခဲယမ်းများအား ဖော်ထုတ်ဖမ်းဆီးရမိမှု၊ ထိုသို့ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် လုံခြုံ ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများအား အသိအမှတ်ပြုမှု၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ အရှိန် အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နေမှု၊ မိမိတို့ အနေဖြင့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းနိုင်ရေး ဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပေါ်ခဲ့ ခြင်းနှင့် ပြီးခဲ့သည့် အစိုးရအဖွဲ့မှ တာဝန်ရှိသူအချို့၏ အဂတိလိုက်စားခဲ့မှုများအား ဖော်ထုတ်အရေးယူ ဆောင်ရွက်နေမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ချမှတ်ထားသည့် ဦးတည်ချက် (၅) ရပ်အား အောင်မြင်စွာအကောင်အထည်ဖော်နိုင် ရေး ဥပဒေနှင့်အညီ ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံတော်အတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်း ခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖြည့်စွက်ခြင်းများဆောင်ရွက် ရာတွင် အများပြည်သူများ သိရှိနားလည် လိုက်နာ နိုင်စေရေးအတွက် ဘက်ပေါင်းစုံမှစဉ်းစား၍ လေးလေးနက်နက် စဉ်းစားဆောင်ရွက်ရန်လိုအပ်မှု အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အစည်းအဝေးတက်ရောက်လာကြ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်များနှင့် ဒုတိယ ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍရပ်များနှင့် လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်