
နေပြည်တော် အောက်တိုဘာ ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ၂၀၂၁ ခုနှစ် ကထိန်လျာသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်း အနားကျင်းပရေး ဦးစီးကော်မတီနာယက၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်စိုးတင့်နိုင်၊ ဦးမောင်မောင်ဝင်း၊ ဦးအေးထွန်း၊ ဦးထွန်းအုံ၊ ဗိုလ်မှူးချုပ် လူမွန်၊ ဦးသန့်စင်၊
ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကို ဖွင့်လှစ်သည်။
လေ့လာတွေ့ရှိရ
အစည်းအဝေးတွင် ဦးစီးကော်မတီနာယက က ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း စတင်ခဲ့ သည့် သမိုင်းကြောင်းနှင့်စပ်လျဉ်း၍ မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ပါဝေယျကတိုင်းသား ရဟန်းတော်များ ဖြစ်ကြသည့် ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့သည် မြတ်စွာဘုရားရှင်အားဖူးမြော်ရန် သာဝတ္ထိပြည်သို့ ထွက်ခွာလာစဉ် ယူဇနာ ၆၀ အလို သာကေတမြို့ အရောက် ဝါဆိုဝါကပ်ခဲ့ရကြောင်း၊ ဝါလကင်းလွတ် သီတင်းကျွတ်သည်နှင့်တစ်ပြိုင်နက် သာဝတ္ထိပြည်၌ သတင်းသုံးနေတော်မူသော မြတ်စွာဘုရားရှင်အား ဖူးမြော်ရန်အလို့ငှာ ထွက်ခွာလာစဉ် လမ်းခရီး တစ်လျှောက် မိုးများ သည်းသည်းမည်းမည်းရွာသွန်း မှုကြောင့် ရွံ့နွံများ အလိတ်လိတ်ကပ်နေသည့် သင်္ကန်းများဖြင့် ဘုရားရှင်ထံ ရောက်ရှိဖူးမြော်ခဲ့ရ ကြောင်း၊ ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်၏ ပင်ပန်းဆင်းရဲ စွာ လာရောက်ခဲ့ရမှုကို အကြောင်းပြု၍ ဘုရားရှင်က ကထိန်လျာသင်္ကန်း အလှူခံယူခွင့်နှင့်အတူ သင်္ကန်း နှင့်စပ်လျဉ်းသည့် သိက္ခာပုဒ် ၁၀ ပုဒ် တို့ကို ပညတ် ပေးတော်မူခဲ့သည်ဟု သိရှိရကြောင်း၊ အဆိုပါ သိက္ခာပုဒ် ပညတ်ချက်များအရ ဝါတွင်းသုံးလအတွင်း မိမိတို့ ဝါဆိုဝါကပ်ရမည့် ကျောင်းတိုက်၌ ပုရိမ ဝါကာလအတွင်း ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များကိုသာ ကထိန်သင်္ကန်း အလှူခံသုံးစွဲ ခွင့်ကို ခွင့်ပြုတော်မူခဲ့သည့်အပြင် ထိုကျောင်းတိုက်ရှိ ကထိန်အနုမောဒနာရရှိသော သံဃာတော်များ အားလုံး ကထိန်အာနိသင် အကျိုးတရားငါးပါး ရရှိကြ ကာ ဝိနည်းပညတ်ချက်ငါးမျိုးကို လိုက်နာစရာမလိုဘဲ ကထိန်အာနိသင်ရရှိသည့်နေ့မှစ၍ တပေါင်းလပြည့် နေ့အထိ ၅ လတိုင်တိုင် ကင်းလွတ်ခွင့်ရရှိစေသည်ကို လေ့လာတွေ့ရှိရကြောင်း။
ထိုသို့ထူးခြားသည့် ကထိန်အလှူပွဲကြီးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက ကြီးမှူး၍ ၂၀၁၂ ခုနှစ်က အစပြုပြီး နေပြည်တော်တွင် ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျှင်(၁၀)ကြိမ်မြောက် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ယခုနှစ် ကထိန် အလှူခံ ကျောင်းအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာ ကျောင်းတိုက်ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ရွေးချယ်ထားပြီး သက်ဆိုင်ရာ ကျောင်းတိုက် ဆရာတော်ကိုလည်း လျှောက်ထား ပြီးဖြစ်သည်ဟု သိရှိရကြောင်း။
အဆိုပါအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး က ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီကို ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ စနစ်တကျ ခွဲဝေဆောင်ရွက်နိုင် ရန် ဆပ်ကော်မတီ ၁၁ ခုကိုလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထပ်မံဖွဲ့စည်းထားပြီး ဖြစ်သည်ကို သိရှိရကြောင်း။
ဆက်ကပ်လှူဒါန်းမည်
ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားသို့ ဒေသခံ ဆရာတော်ကြီးများဖြစ်သည့် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီး ကိုးပါး၊ နေပြည်တော်သံဃနာယက အဖွဲ့ ဆရာတော် လေးပါး၊ ကထိန်အလှူခံ ကျောင်းတိုက်မှ ဆရာတော် ငါးပါး စုစုပေါင်း ဆရာတော်ကြီး ၁၈ ပါးတို့ကို ပင့်ဆောင်ပြီး ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းမည် ဖြစ်ကြောင်း။
ဆရာတော်ကြီးများ၏ ဆွမ်းကွမ်းကိစ္စရပ်များကို လည်း ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဆပ်ကော်မတီအနေဖြင့် ကိုဗစ်-၁၉ ကာလဖြစ်သည့်အားလျော်စွာ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်ပါက ချက်ချင်းဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ သံဃာရာမကျောင်းဆောင် များတွင် အနောက်တိုင်းဆေးခန်းနှင့် တိုင်းရင်း ဆေးခန်းများ ဖွင့်လှစ်ပေးခြင်း၊ သာသနာ့မဟာ ဗိမာန်တော်ကြီး၊ သံဃာရာမကျောင်းဆောင်များနှင့် ဆွမ်းကပ်ဆောင် ပတ်ဝန်းကျင်များတွင် ကိုဗစ် - ၁၉ ကာကွယ်ရေးဆိုင်ရာ ဆေးဖျန်းပေးခြင်းတို့ကိုလည်း ဆောင်ရွက်ထားရန်ဖြစ်ကြောင်း။
အခမ်းအနားကျင်းပပြုလုပ်မည့် သာသနာ့မဟာ ဗိမာန်တော်ကြီးအတွင်း Social Distancing အရ ခြောက်ပေအကွာ နေရာချထားနိုင်ရေးအပြင် ဘုရားခန်းနှင့် သံဃာစင်မြင့်ကို ကြည်ညိုဖွယ်ဖြစ် အောင် ပြင်ဆင်ထားရန်လိုအပ်မည်ဖြစ်ကြောင်း။
အမှားအယွင်းမရှိအောင် စီမံဆောင်ရွက်
ပဒေသာပင်များကိုလည်း ကြည်ညိုဖွယ်ဖြစ် အောင် ပြင်ဆင်ဆောင်ရွက်ရန်၊ သာသနာ့မဟာ ဗိမာန်တော်ကြီးရှိ သတ်မှတ်နေရာသို့ပဒေသာပင်များ အချိန်မီရောက်ရှိရန်နှင့် အခမ်းအနားပြီး၍ ပဒေသာ ပင်များကို ကျောင်းတိုက်များသို့ ပို့ဆောင်ရာတွင် လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီး ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ပို့ဆောင် နိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ် ကြောင်း၊ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနား ဖြစ်သည်နှင့်အညီ စနစ်တကျကျင်းပနိုင်ရေး စီစဉ်ကြ ရန်နှင့် နှစ်စဉ် ကျင်းပပြုလုပ်နေကျဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီဝင်များအနေဖြင့် လုပ်ငန်း ကျွမ်းကျင်မှု၊ အတွေ့အကြုံ ရှိပြီးဖြစ်၍ အမှားအယွင်း မရှိအောင် ဆက်လက်စီမံဆောင်ရွက်ကြရန် လိုအပ် မည် ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ဗဟိုကော်မတီနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာလမ်းညွှန်ချက် များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ကြရန် အလေး အနက်ထား မှာကြားလိုကြောင်း။
အောင်မြင်စွာကျင်းပ
ယနေ့ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေး တွင် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးတို့၏ လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ဆွေးနွေးပေးကြရန်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ကထိန်လျာသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ် နိုင်ရေးအတွက် ကော်မတီအသီးသီးမှ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးကြရန်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက် မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြ သည်။
ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဦးအေးထွန်းက လုပ်ငန်းကော်မတီက ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေး တင်ပြသည်။
ဆွေးနွေးတင်ပြ
ဆက်လက်၍ ဆွမ်းဆက်ကပ်ရေး ဆပ်ကော်မတီ၊ သံဃာတော်များပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ အခမ်းအနား ကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထား ရေးဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်း ပြင်ဆင်ရေးနှင့် ဆက်ကပ်ရေးဆပ်ကော်မတီ၊ ပဒေသာပင်များ စီစဉ်ရေးဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေး ဆပ်ကော်မတီ၊ သတင်းမှတ်တမ်းထုတ်ပြန်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဥပ္ပါတသန္တိစေတီတော်ပရိဝုဏ်အတွင်း စိမ်းလန်း စိုပြည်ရေးနှင့် သာသနာရေးဆိုင်ရာ အခင်းအကျင်း ပြင်ဆင်ရေးဆပ်ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီ တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဗိုလ်မှူးချုပ်လူမွန်၊ ဦးသန့်စင်နှင့် ဒေါက်တာအေးထွန်း တို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် အခမ်းအနားကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်