
နေပြည်တော် စက်တင်ဘာ ၁၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်ဖြင့် စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက် ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ၅ နာရီက ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိ ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးဌေးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တို့အကြား ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေးအတွက် နားလည်မှုစာချွန် လွှာတစ်ရပ်ကို စက်တင်ဘာ ၇ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ဗဟိုရွေးကောက်ပွဲကော်မရှင်ရုံး၌ လက်မှတ်ရေးထိုးခဲ့သည်။
စက်တင်ဘာ ၈ ရက်တွင် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင်သတင်းအချက်အလက်စင်တာသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေနှင့် ဆောင်ရွက်ပုံနည်းလမ်းများ၊ စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် မော်စကိုမြို့နှင့် မော်စကို ဒေသတစ်ဝိုက် လှည့်လည်ကြည့်ရှုခြင်းနှင့် ဒေသန္တရ ရွေးကောက်ပွဲမဲပေးနေမှုအခြေအနေများကို လေ့လာ ခဲ့ကြသည်။
အဆိုပါလေ့လာရေးခရီးစဉ်အတွင်း ရုရှားနိုင်ငံ နှင့်ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နိုင်မည့် နည်းလမ်း များ၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများနှင့် မီဒီယာ ကို စနစ်တကျအသုံးပြုဆောင်ရွက်နိုင်မည့်နည်းလမ်း များ၊ ရွေးကောက်ပွဲတွင် နည်းပညာအကူအညီရယူ၍ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်မည့်နည်းလမ်း များ၊ နှစ်နိုင်ငံအကြား အသိပညာရှင်၊ အတတ်ပညာရှင် များ အပြန်အလှန် အတွေ့အကြုံဖလှယ်နိုင်မည့် နည်းလမ်းများကို နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခြင်းမှတစ်ဆင့် အကောင်အထည်ဖော်ဆောင် ရွက်သွားနိုင်ရေး ဆွေးနွေးနိုင်ခဲ့ပြီး ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပပုံနည်းလမ်းများ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ စီမံဆောင်ရွက်နေမှုအခြေအနေများ၊ ရုရှားနိုင်ငံ၏ ဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် သမိုင်းဝင်ထင်ရှားသောနေရာများသို့ လေ့လာနိုင်ခဲ့ သည့်အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲ ကို ၂၀၂၄ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါရွေးကောက်ပွဲသို့ လာရောက်လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Ella Pamfilova က ဖိတ်ကြားခဲ့ကြောင်း သိရ သည်။
သတင်းစဉ်