ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်း ကိုးဖွဲ့မှ ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ


 

နေပြည်တော် သြဂုတ် ၂၅


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုးဖွဲ့မှ ကိုယ်စားလှယ်များအား ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးကာလအတွင်း ကျင်းပရမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ အဓိကကျသော မဲဆန္ဒရှင်အသိပညာပေးခြင်း၊ ရွေးကောက်ပွဲလေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့တွင် ထိရောက်သော အကျိုးသက်ရောက်မှု ရှိစေရန်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ဆောင်ရွက်နိုင်မည့် အခန်းကဏ္ဍ များနှင့်စပ်လျဉ်း၍ တင်ပြခဲ့ကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အခြေအနေတို့ကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသော ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်း ကိုးဖွဲ့မှာ Generation Tree၊ Myanmar Independent Living Initiative (MILI) ၊ MYNFREL ၊ Panna Institute ၊ Kadu Youth Development Associa-tion ၊ Rainmaker ၊ New Myanmar Foundation ၊ Civil Development Institute (CDI) ၊ Bago Observers Group တို့ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်