
လူနာကို တာဝန်ယူ
ကြည်ဖြူစွာ ကုသဖို့တဲ့
ဂျိန်းဖောလား၊ လီရှောလား
ပလောင်နဲ့ ရှမ်းစကားတွေ
သင်ကြားခဲ့ ပြောနိုင်သူ
သူလိုလူ ဆရာဝန်ကောင်း။
ကျေးလက်နဲ့တောင်ပေါ်
တောအနှံ့ လျှိုမြောင်ကြား
ချောက်ကမ်းပါးတွေ ဖြတ်ကျော်
နှင်းစိုတဲ့လက်ဖက်ခင်း
ထင်းရှူးတောမိုးစက်တွေကြား
လူနာဆီ ရောက်အောင်သွားလို့
ရောဂါတွေ ကာကွယ်
ကျန်းမာအောင်ကုသလို့
တာဝန်ကျေ ဝန်ထမ်းကောင်းရေ။
၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉
သုံးနှစ်လုံး ဆက်တိုက်မှာ
စံပြမြို့နယ်ဆေးရုံဆု
ရခဲ့အောင်စွမ်းဆောင်သူ
ရှမ်းမြေရဲ့ဂုဏ်ဆောင်သူက
မြို့ပေါ်မှာ ကျေနပ်မနေ
ကျေးလက်ကို အရောက်သွား
ထင်းမီးခိုးတဝေဝေ
တောင်ပေါ်ရွာ မီးဖိုနားက
ဒူဝါနဲ့ ပူမိန်း၊ သူကြီးနဲ့ ရွာခေါင်းတွေ
ကလေးအမေ မကျန်ရ
အတူနေ အတူစားလို့
တိုင်းရင်းဆွေ အမျိုးတွေနဲ့
ချစ်ခဲ့သူ ဆရာဝန်ရေ။
၂၀၂၁ ဒီဇင်ဘာ ၁၄
အမှောင်ဖုံး ဆည်းဆာမှာ
မင်းကြွေလွင့်ခဲ့ပါရ
ကွတ်ခိုင်မြေ မုံးစီးနဲ့
ရှမ်းမြောက် မြေတစ်ခွင်လုံးမှာ
မင်းအတွက်မျက်ရည်တွေ
ရွှေလီနဲ့အပြိုင်စီး။
နော်မန်ဗက်သွန်း
အဲဘတ်ရွှိင်ဇာ
ဒီကမ္ဘာမှာ အမြဲရှိသလို
မင်းရုပ်ခန္ဓာ ခွဲခွာသွားလဲ
တာဝန်ကျေစွာ
ထမ်းဆောင်နေစဉ်
ကြွေလွင့်ရသူ
ဆေးဝန်ထမ်းကောင်း
မင်းအကြောင်းကို
ငါတို့မြန်ပြေ
ပြည်ထောင်စုတစ်လွှား
နှလုံးသားများမှာ
သိမ်းဆည်းရတနာ
လေးမြတ်စွာနဲ့
ဦးညွှတ်နေမယ်
ထာဝရအစဉ်။ ။
(၁၄-၁၂-၂၀၂၁ ရက်နေ့ မုံးစီး- တာမိုးညဲလမ်း၊ မော်ဟန်နှင့် နောင်ချို ရွာအကြားတွင် ရိုင်းစိုင်းရက်စက်သူ အကြမ်းဖက်ဝါဒီများ၏ အနီးကပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် ကျည်ဝင် ဒဏ်ရာ ၅ ချက်ဖြင့် ကြွေလွင့်ခဲ့ရသူ ကွတ်ခိုင်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင့်ဝင့်မြိုင် အသက်(၅၀) နှစ်၏ ကျန်ရစ် သူ မိခင်ကြီး၊ ညီမငယ်များနှင့်အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါ ကြောင်း ဖော်ပြအပ်ပါသည်။)
လင်းအောင်
၁၇ ဒီဇင်ဘာ ၂၀၂၁ (၁၁၄၃)