
နေပြည်တော် ဇူလိုင် ၁၂
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကား ပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ အတွင်း ရေးမှူး စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများဖြစ်ကြသည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Online မှ တက်ရောက်ကြသည်။
ဦးစွာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ ယခုချိန်ထိ ဗဟိုအဖွဲ့အစည်းအဝေး ၅ ကြိမ် ပြုလုပ် ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ(ပဉ္စမမူကြမ်း)နှင့် ယင်း နည်းဥပဒေ(ပဉ္စမမူကြမ်း)အပေါ် ဥပဒေ ရေးရာဝန်ကြီးဌာနမှပေးပို့သည့် ပြင်ဆင် ချက်နှင့် သဘောထားမှတ်ချက်များကို ဆွေးနွေးနိုင်ရန် ဖြန့်ဝေပေးထားပြီးဖြစ်ပါ ကြောင်း၊ နည်းဥပဒေ(ပဉ္စမမူကြမ်း)နှင့် စပ်လျဉ်း၍ အစည်းအဝေး တက်ရောက်သူ များက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြ ရန်နှင့် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် အကြံပြုချက်များရှိပါကလည်း အမြန် ပြန်လည်တင်ပြကြရန်ဖြစ်ကြောင်း၊ ဥပဒေ ရေးရာဝန်ကြီးဌာနမှ ရေးထုံးများ ထပ်မံ စိစစ်ပြီး ပြင်ဆင်ဖြည့်စွက်အကြံပြုချက် များ မရှိပါက အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထိထိ ရောက်ရောက် ပီပီပြင်ပြင် အကောင် အထည်ဖော်ဆောင်ရွက်ရန်နှင့် ထိုသို့ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင် ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များက မှန်မှန်ကန်ကန်နှင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင် ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံသားတိုင်းသည် အခြေခံ ဥပဒေအရ နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်ရန်၊ စစ်မှုထမ်းဆောင် ရန်နှင့် စစ်ပညာသင်ကြားရန် တာဝန်ရှိ သည်ကို လမ်းညွှန်မှာကြားထားပါကြောင်း။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ် စဉ် (၁)မှ(၃)အထိ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွင့်လှစ်ပြီးခဲ့သည့်သင်တန်းများ နှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့များ အနေဖြင့် ရည်မှန်းချက် ပြည့်မီအောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ် အနည်းဆုံး ဖြင့် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရ ကြောင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့များ အနေဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်း ကောက်ယူရာ တွင် ဥပဒေပါ သတ်မှတ်အသက် မပြည့်မီ သူနှင့် အသက်ကျော်လွန်သူများ မပါရှိစေ ရေး၊ ကာယကံရှင် ဆန္ဒမပါဘဲ အတင်း အကြပ် စာရင်းသွင်းခြင်း မရှိစေရေး၊ အစားထိုး ပေးပို့မှုများမရှိစေရေး၊ မြေပြင် တွင် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ နေကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများမှ မသမာမှုများမရှိစေရေးတို့ အတွက် အလေးထားကြပ်မတ်ဆောင် ရွက်ကြရန်နှင့် ကင်းလွတ်ခွင့်၊ လျှော့ပေါ့ ခွင့်၊ ရွှေ့ဆိုင်းခွင့်များ တင်ပြမှုနှင့် ပတ်သက်၍လည်း စနစ်တကျ စိစစ်ပြီး သတ်မှတ်ချိန်အတွင်း တင်ပြကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဖွင့်လှစ်ပြီးခဲ့သည့် ပြည်သူ့စစ်မှုထမ်း သင်တန်း(၃)ခုနှင့် စပ်လျဉ်း၍ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာ တွင် ကြုံတွေ့ခဲ့ရသည့် အားသာချက်၊ အားနည်းချက်များနှင့် သင်တန်းအမှတ် စဉ်(၄)အတွက် လျာထားချက် ပြည့်မီ အောင် ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး
ယင်းနောက် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဝင်များ ဖြစ်ကြ သည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး အတွင်းရေးမှူး စစ်ရေးချုပ်၊ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူ များက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ရေးဆွဲရေးနှင့် စံပြုလုပ်ထုံးလုပ်နည်း ရေးဆွဲရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ် များ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့မှုအခြေအနေများ နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ထပ်မံဖွင့်လှစ်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်းများအတွက် Time Frame များ သတ်မှတ်ဖြန့်ဝေပေး ထားပြီးဖြစ်သည့်အတွက် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်များကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရန် Check List များဖြင့် စစ်ဆေးဆောင်ရွက်ရန် လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ အချက်အလက် များကို ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်က မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုအပ် သကဲ့သို့ တိုင်း/ခရိုင်အဆင့်များကလည်း စနစ်တကျ တာဝန်ပေးကြပ်မတ်ရန် လိုအပ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူများ၊ ဆေးအောင်ပြီးမှ အကြောင်းမဲ့ပျက်ကွက်သူများ၊ သင်တန်း ကျောင်းသို့ ရောက်ရှိပြီးမှ ခွင့်မဲ့ပျက်ကွက် သူများအတွက် သက်ဆိုင်ရာ နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် များမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် ရန်၊ ပြည်သူ့စစ်မှုထမ်းအဖြစ် ကိုယ်ပိုင် အမှတ်ရရှိပြီးမှ ခွင့်မဲ့ပျက်ကွက်သူများ အတွက် သက်ဆိုင်ရာဥပဒေနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း။
ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာ တွင် အသက်မပြည့်သူများ မပါရှိစေရေး အထူးဂရုပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ ကင်းလွတ်ခွင့် ၊ လျှော့ပေါ့ခွင့် ၊ ရွှေ့ဆိုင်းခွင့် တင်ပြလာမှုများကို ဗဟိုအဖွဲ့သို့ သတ်မှတ် ချိန်အတွင်း တင်ပြမှသာ သင်တန်း ကျောင်းသို့ မရောက်မီ အချိန်မီ ခွင့်ပြုပေး နိုင်မည်ဖြစ်ကြောင်း၊ ယခင်ဖွင့်လှစ်ပြီးခဲ့ သည့် သင်တန်းများ၏ အားနည်းချက်/ အားသာချက်များကို သုံးသပ်ပြီး နောင် ဖွင့်လှစ်မည့် ပြည်သူ့စစ်မှုထမ်း သင်တန်း များအတွက် သတ်မှတ်လျာထားချက်များ အတိုင်း ပြည့်မီရေး အလေးထားကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်