
ရန်ကုန် စက်တင်ဘာ ၂၆
ကျွဲ၊ နွားအရှင်ကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရာ၌ မွေးမြူသောတောင်သူနှင့် ထုတ်လုပ်သူတို့ အကျိုး အမြတ်ရရှိကြပြီး ထိုသို့ အရှင်တင်ပို့ခြင်းထက် တန်ဖိုးမြင့်နှင့်အရေအသွေးမြင့် ထုတ်ကုန်အဖြစ် ထုတ်လုပ် တင်ပို့နိုင်ပါက နိုင်ငံတော်နှင့် တောင်သူ၊ ထုတ်လုပ်သူတို့ ပိုမိုအကျိုးရရှိစေမည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်ပပို့ကုန် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်စပ်လျက်ရှိသည့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လမ်းညွှန်မှာကြားမှုနှင့်အတူ ဝန်ကြီးဌာနများအနေ ဖြင့် မွေးမြူရေးနှင့် သားငါးကဏ္ဍ ထုတ်လုပ်တင်ပို့မှု ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ မွေမြူရေးကဏ္ဍတွင်လည်း တောင်သူ နှင့် ထုတ်လုပ်သူများ ချေးငွေများရရှိရန် ဆက်စပ်ဌာန များ၊ အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်တို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိ သည်။
ပြည်တွင်းသို့ အေးခဲအသားများ တင်သွင်းခွင့်ကို ယခင်ကပိတ်ခဲ့ပြီး နိုင်ငံခြားခရီးသွား ဝင်ရောက်မှု နှင့် ပြည်တွင်း စားသုံးမှုပုံစံ ပြောင်းလဲလာမှုတို့ကြောင့် အရည်အသွေးမြင့် အေးခဲအသားများ တင်သွင်းခွင့်ကို စိစစ်ခွင့်ပြုခဲ့ရာ ၂၀၁၆-ခုနှစ်တွင် ကုမ္ပဏီ ၂၇ ခုမှ ဘဲသားနှင့် ကြက်ဆင်သား ၁၇၃ ဒသမ ၃၆ တန် တန် တင်သွင်းခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၂၃ ခုမှ အေးခဲသားတန်ချိန် ၂၂၆၃ ဒသမ ၀၅ တန် တင်သွင်းခဲ့သည်။
ပြည်တွင်းသို့ အမဲသားနှင့် ကြက်သားတင်သွင်းမှုနှင့်အတူ ကျွဲသားကို အများဆုံး တင်သွင်းခဲ့ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိရန် ပြည်ပအေးခဲသား တင်သွင်းမှုမှ အသားခြောက်များ ပြုလုပ်၍ ပြည်ပသို့ အသား ခြောက်များ ပြန်လည်တင်ပို့လျက်ရှိသည်။
သဘာဝနှင့်လိုက်ဖက်ညီသော ရေမြေရာသီဥတု ကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံတွင် မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းကောင်း များစွာ စောင့်ကြိုလျက်ရှိပြီး တစ်ပိုင်တစ်နိုင် မွေးမြူ ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်း၊ မွေးမြူ ထုတ်လုပ်သည့် ပုဂ္ဂလိက ကဏ္ဍများ ဖွံ့ဖြိုးလာခြင်း၊ ပို့ကုန်တိုးမြှင့်ရေးအတွက် အကောင်အထည်ဖော်ရာ ၌ ပူးပေါင်းဆောင်ရွက်ခြင်း၊ အစီအမံကောင်း များ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ မျိုးကောင်း မျိုးသန့်နှင့် ခေတ်မီနည်းစနစ် အသုံးပြုနိုင်ရန် ဌာန ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မွေးမြူရေး တောင်သူနှင့် ထုတ်လုပ်သူတို့ လိုက်နာဆောင်ရွက် ရမည့် အခန်းကဏ္ဍအသီးသီးတို့ဖြင့် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနတို့က ဖော်ဆောင်လျက်ရှိသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး