ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေး

 

နေပြည်တော်   နိုဝင်ဘာ   ၄


လူဝင်မှုကြီးကြပ်ရေးနှင့်     ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်  ဇေယျာ သီရိမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဇေယျာ သီရိမြို့နယ်  ခေတ်အေးကျေးရွာအုပ်စုမှ   အများ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ပေးခြင်းကို   ယနေ့နံနက်ပိုင်းက      အဆိုပါရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။     

 


ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဇေယျာသီရိမြို့နယ် ဦးစီးမှူး ဦးစန်းလွင်က  လက်ရှိဇာတိဒေသတွင်   အမြဲတမ်း နေထိုင်၍      အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက် ပေးခြင်း၊  လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင် ၍ အိမ်ထောင်စုလူဦးရေ  စာရင်းမရှိ၊  ကိုင်ဆောင် လက်မှတ်မရှိသူများကို     ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း လက်ရှိ ဒေသတွင်   ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊   ရွှေ့ပြောင်းနေထိုင်သူများ အတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်လက်မှတ်မရှိ၊    လက်ရှိဒေသတွင် လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက် ပြုလုပ်သည့် ပြည်သူများအား ရှင်းလင်းပြောကြားသည်။ 

 


“ကျွန်တော်တို့ ဒီနေ့ဟာ ဇေယျာသီရိမြို့နယ် ခေတ်အေးကျေးရွာအုပ်စုက   လာရောက်ပြုလုပ်တဲ့ ပြည်သူ ၄၇ ဦးကို ပန်းခင်းစီမံချက်နဲ့  နိုင်ငံသား စိစစ်ရေးကတ်ပြား    ပြုလုပ်ပေးတာဖြစ်ပါတယ်။ ဇေယျာသီရိမြို့နယ်အတွင်းမှာဆိုရင် ပန်းခင်းစီမံချက် စကတည်းက နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း ၁၁၉၁ ကတ်နဲ့ အိမ်ထောင်စုစာရင်းပေါင်း ၇၆၂ စုကို ဆောင်ရွက်ပြီးပါပြီ။   ကျွန်တော်တို့အနေနဲ့   မြေပြင် ကွင်းဆင်းဆောင်ရွက်တာတွေရှိသလို   ယခုလိုပဲ နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့ အိမ်ထောင်စုစာရင်း များ မြို့နယ်အတွင်းရှိ ပြည်သူများ    ဆောင်ရွက်လို ပါက     ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေမှ တစ်ဆင့် ချိတ်ဆက်ပြီး မြို့နယ်ရုံးကို    လာရောက် ပြုလုပ်နိုင်ပါတယ်”ဟု မြို့နယ်ဦးစီးမှူး ဦးစန်းလွင် ထံမှ သိရသည်။ 
အေးလင်းထွန်း(ပြန်/ဆက်)