
နေပြည်တော် စက်တင်ဘာ ၁၀
ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုကို အခြေအနေအမျိုးမျိုးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များဖြည့်စွက်ရေးနှင့် အခက်အခဲများဖြည့်ဆည်းပေးနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့နှင့် စက်တင်ဘာ ၉ ရက်တွင်လည်းကောင်း၊ ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည် နယ် (အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့နှင့် ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် လည်းကောင်း၊ နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်း အနားများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများသည် သက်ဆိုင်ရာဒေသအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေး များတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပန်းခင်းစီမံချက် အစည်းအဝေး များကို ယခုကဲ့သို့ မကြာခဏ ဆောင်ရွက်ရခြင်းသည် နိုင်ငံတော် အတွက် အရေးကြီးသည့်လုပ်ငန်း ဖြစ်ပြီး အချိန်ကာလနှင့် လုပ်ငန်း ပမာဏ သတ်မှတ်ချက်များရှိခြင်း ကြောင့်ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေတွင် ပန်းခင်းစီမံချက် လုပ်ငန်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနအပိုင်းမှ ဖြည့်ဆည်း ပေးရန် လိုအပ်ချက်များကို အတတ် နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တိုင်း ဒေသကြီး/ ပြည်နယ်များရှိ ဒေသ အာဏာပိုင်အဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းပေးလျက်ရှိ ကြောင်း။
ထို့ပြင် ပြည်သူများ သိရှိ နားလည် ပူးပေါင်းဆောင်ရွက်နိုင် ရေးအတွက် မီဒီယာပိုင်းမှ အသိပေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ လုပ်ငန်းများပြီးစီးနိုင် ရန် အချိန်ကာလနှင့် လုပ်ငန်း ပမာဏ ကန့်သတ်ချက်များရှိ သည့်အတွက် လုပ်ငန်းများ ရပ်တန့်နေခြင်းမျိုး မဖြစ်စေရေး တတ်နိုင်သမျှ ၊ စွမ်းဆောင်နိုင်သမျှ နည်းလမ်းများကို ဘက်ပေါင်းစုံမှ တွေးတောကြံဆ ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီမံချက်ဖြစ်သည်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ အပါအဝင် အခြားသော အဟန့်အတား၊ အခက်အခဲများ ကြားမှ မဖြစ်မနေ အကောင် အထည်ဖော် ဆောင်ရွက်ရမည့် စီမံချက်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်များကို ရက်အလိုက် သတ်မှတ်၍ အစည်း အဝေးများ ဆောင်ရွက်ရခြင်းမှာ နယ်မြေဒေသတစ်ခုနှင့် တစ်ခု လုပ်နည်းလုပ်ဟန် မတူညီသော အချက်များမှ မိမိတို့ နယ်မြေ ဒေသနှင့် ကိုက်ညီဆောင်ရွက်နိုင် မည့် နည်းလမ်းများ၊ အကြံဉာဏ် များကို ညှိနှိုင်းတိုင်ပင်ကာ အတု ယူ၊ အမြင်ချင်းဖလှယ် အသုံးပြု ဆောင်ရွက်နိုင်ရေး အတွက် ဖြစ်ကြောင်း။
မိမိတို့ နယ်မြေဒေသအလိုက် ဆောင်ရွက်ပေးနိုင်မည့် ဦးစားပေး နယ်မြေ ခွဲခြားသတ်မှတ်ကာ အခြေအနေ ပေးလာသည်နှင့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင် ရေးတို့အတွက်လည်း ကြိုတင်စီမံ ဆောင်ရွက်ထားကြရန် လိုအပ် ကြောင်း၊ ပန်းခင်းစီမံချက်ကြောင့် နိုင်ငံသားတစ်ဦး ဖြစ်ကြောင်း ဥပဒေနှင့်အညီ ခိုင်လုံသည့် အထောက်အထားတစ်ခု ရရှိ ကိုင်ဆောင်နိုင်မည့် အခွင့်အရေး ဖြစ်ပြီး ၎င်းတို့၏ လူမှုဘဝ ဆောင်ရွက်ချက်တိုင်းတွင် မရှိ မဖြစ်လိုအပ်သည့် သက်သေခံ မှုဖြစ်သည်ကို ပြည်သူများ နားလည်သိရှိကြရန် အရေးကြီး ကြောင်း၊ ထို့ကြောင့် ပြည်သူ့ အကျိုးအတွက် ဆောင်ရွက်ပေး သည့်လုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းဆောင်ရွက် နိုင်ရေး အလေးထားကာ ထိထိ ရောက်ရောက် ဆောင်ရွက်ကြရန် လည်း လိုအပ်ကြောင်း၊ လုပ်ငန်း လိုအပ်ချက်များကိုလည်း ဝန်ကြီး ဌာနမှ အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပန်းခင်းစီမံ ချက်ဆောင်ရွက်နေမှုနှင့် လုပ်ငန်း ဆိုင်ရာ လိုအပ်ချက်များကို ရှင်းရှင်းလင်းလင်း တင်ပြကြရန် ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူး များက နယ်မြေဒေသအလိုက် ပန်းခင်းစီမံချက် အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်း ဆိုင်ရာ အခက်အခဲများနှင့် လုပ်ငန်း လိုအပ်ချက်များကို အသီးသီး ရှင်းလင်းတင်ပြကြ သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာ လိုအပ်ချက် များကို ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြ ချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ယခုကာလ အတွင်း ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အညီ လိုက်နာ ဆောင်ရွက်ကြရေးနှင့် သတ်မှတ်သည့် အရွေ့တစ်ခုသို့ အချိန်မီ ရောက်ရှိနိုင်ရေးအတွက် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် ကြရေး ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်