
နေပြည်တော် နိုဝင်ဘာ ၂
နိုင်ငံသားများ၏ လူမှုဘဝပြည့်စုံနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံ ချက် အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ (၆)လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတော်၏စီမံချက်တစ်ခုဖြစ်သော ပန်းခင်းစီမံချက်ကို မိမိတို့ဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ်၊ မေလမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် (၆)လတာကြာမြင့်ပြီဖြစ်၍ အရွေ့တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် စီမံချက်ပါအတိုင်း နေ့စဉ်အကောင်အထည်ဖော် ဆောင်ရွက်နေ မှုများအား မိမိတို့မှစောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော် အတွက် အရေးကြီးသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ နယ်မြေဒေသ အလိုက် လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်၊ ကိုဗစ်-၁၉ ရောဂါကန့်သတ် ချက် စသည့်အခက်အခဲများကြားမှ အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရုံးထိုင်ဆောင်ရွက်ရမည့်လုပ်ငန်း များရှိသကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရမည့် လုပ်ငန်းများရှိရာ လုပ်နိုင် သမျှသောလုပ်ငန်းများကို ထိုးထွင်းကြံဆကာ ရည်မှန်းချက်အရွေ့ တစ်ခုသို့ရောက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပန်းခင်း စီမံချက်ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရ မည့်အပိုင်း၊ အခြားသောအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့်အပိုင်း၊ ပြည်သူများ သိရှိနားလည်စေရေးအတွက် မီဒီယာလုပ်ငန်းဖြင့် ဆောင်ရွက်ရမည့်အပိုင်းဟူ၍ အပိုင်း (၃) ပိုင်းဖြင့် ဖော်ဆောင်နေခြင်းဖြစ်ရာ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရမည့် အပိုင်းကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း။
အခြားဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက် ရမည့်အပိုင်းတွင်လည်း လိုအပ်ချက်များနှင့် မိမိတို့မှ ချိတ်ဆက်ပြောကြားပေးရန်ရှိပါကလည်း တင်ပြပေးကြရန်လိုကြောင်း ၊ မီဒီယာပိုင်း အနေဖြင့်လည်း Online အပါအဝင် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် နိုင်ငံတော် အတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်သကဲ့သို့ ပြည်သူတစ်ဦးချင်း အတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်မည့် လုပ်ငန်းဖြစ် သည်ကို ဝန်ထမ်းတိုင်းသိရှိနားလည်ကြရန် လိုအပ်ပါကြောင်း၊ နယ်မြေ ဒေသအလိုက်ကန့်သတ်ချက်များ၊ အခက်အခဲများကြားမှရည်မှန်းချက် အောင်မြင်ရေးအတွက် မဖြစ်မနေဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ပန်းခင်းစီမံချက်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့်အခြေအနေ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးများက ပန်းခင်းစီမံချက် နှင့်ပတ်သက်၍ နယ်မြေဒေသအလိုက် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပြီးစီးမှု၊ ပြည်သူများသိရှိ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မီဒီယာကဏ္ဍအပါအဝင် Billboard များစိုက်ထူပြီးစီးမှု၊ လက်ကမ်းစာစောင်များ ဖြန့်ဝေမှုအခြေအနေများ၊ တွေ့ကြုံရသည့် လုပ်ငန်းအခက်အခဲများ၊ ရည်မှန်းချက်အောင်မြင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးဦးဌေးလှိုင်က (၆) လတာကာလအတွင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း ပမာဏကိုလည်းကောင်း၊ ပန်းခင်းစီမံချက်လုပ်ငန်းဆိုင်ရာ ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက ကော်မတီအလိုက် ပံ့ပိုး ကူညီဆောင်ရွက် ပေးနိုင်ရေးအခြေအနေများကိုလည်းကောင်း ရှင်းလင်းသုံးသပ်ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြော ကြားသည်။
ယနေ့အစည်းအဝေးတွင် ကချင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီး စသည့် တိုင်းဒေသကြီး/ပြည်နယ် (၄) ခု အတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ရှင်းလင်းဆွေးနွေးခြင်းဖြစ်ပြီး ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များမှ လည်း သတ်မှတ်ရက်အလိုက် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ် ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်