ပြင်သစ်ကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး ဂျာမနီအသင်း ယူ - ၁၇ ကမ္ဘာ့ဖလားဆွတ်ခူး

 

အင်ဒိုနီးရှားနိုင်ငံက  အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ  နောက်ဆုံး ဗိုလ်လုပွဲကို ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၆ နာရီခွဲက ဆာရာကူတာမြို့ မနာဟန် ကွင်း၌ ဂျာမနီနှင့် ပြင်သစ်အသင်းတို့   ယှဉ်ပြိုင်ကစားခဲ့ရာ ပယ်နယ်တီအဆုံးအဖြတ်တွင်  ဂျာမနီအသင်းက လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိပြီး ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။  


ဗိုလ်လုပွဲစဉ်ဖြစ်သည်နှင့်အညီ     ပွဲစသည်နှင့် တစ်ပြိုင်နက် အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင် မှုများဖြင့် အကြိတ်အနယ်ရှိခဲ့သည်။  ဂျာမနီအသင်း သည် ပြင်သစ်အသင်းဘက်သို့  ချဉ်းကပ်မှုမှန်မှန်၊ အပေးအယူ   အချိတ်အဆက်မိမိဖြင့်  ကစားနိုင်ခဲ့ သည်။   ဂျာမနီအသင်းအတွက်    သွင်းဂိုးများကို  ဘရန်နာနှင့် ဒါဗစ်တို့က သွင်းယူပေးခဲ့သည်။ ပြင်သစ် အသင်းအတွက် သွင်းဂိုးများကို ဆိုင်မွန်နှင့် မက်သီးစ် တို့က သွင်းယူပေးခဲ့သည်။ 


ပွဲချိန်  ၆၉  မိနစ်တွင်   ဂျာမနီအသင်းမှ အိုဆာဝီ နှစ်ဝါ    တစ်နီဖြင့်   ထုတ်ပယ်ခံခဲ့ရသည့်အတွက် လက်ကျန်ပွဲချိန်များကို     တစ်ယောက်လျော့ဖြင့် ဆက်လက်ကစားခဲ့ရသည်။ ထို့နောက်တွင် နှစ်သင်း စလုံး သွင်းဂိုးရယူနိုင်ရေးအတွက် လူစားလဲမှုများ   ပြုလုပ်လာကာ တိုက်စစ်မြှင့်လာသော်လည်း    ပွဲချိန် ပြည့်သည်အထိ  ထပ်မံဂိုးသွင်းယူနိုင်ခြင်း  မရှိသည့် အတွက်    တစ်ဖက်နှစ်ဂိုးစီဖြင့်      သရေကျနေခဲ့ သည်။ 


ထို့နောက် သာမန်ပွဲကစားချိန်အတွင်း သရေကျ နေ၍   ပယ်နယ်တီအဆုံးအဖြတ်    ခံယူခဲ့ရသည်။   ပယ်နယ်တီအဆုံးအဖြတ်တွင်    ဂျာမနီအသင်းက လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 


အဆိုပါပြိုင်ပွဲ၏ လက်ရှိချန်ပီယံ   နာမည်ကြီး ဘရာဇီးအသင်းမှာ  ကွာတားဖိုင်နယ်အဆင့်တွင်  ဒေသတွင်းပြိုင်ဘက်    အာဂျင်တီးနားအသင်းကို     ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့်အတွက်  ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကွာတားဖိုင်နယ် အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ သည်။ 


ယူ-၁၇  ကမ္ဘာ့ဖလားပြိုင်ပွဲ   တတိယနေရာလု ပွဲကို ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီခွဲက အာဂျင်တီးနား နှင့် မာလီအသင်းတို့  ယှဉ်ပြိုင်ကစားရာ မာလီ အသင်းက အံ့အားသင့်ဖွယ် သုံးဂိုးပြတ် အနိုင်ရရှိပြီး တတိယနေရာကို ရယူနိုင်ခဲ့သည်။                                                                                                                            
အောင်ဇော်