ပွင့်ဖြူ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ် ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ယခု ၂၀၂၂ - ၂၀၂၃ မိုးသီးနှံစိုက်ပျိုး ရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဇွန် ၁၅ ရက်ကစပြီး မဲဇလီရေလွှဲ ဆည်မှ ဆည်ရေများကို တောင် မုန်းမြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီးတို့မှတစ်ဆင့် စိုက် ပျိုးရေများ စတင်ဖြန့်ဝေပေးနေပြီ ဖြစ်ကြောင်း အဆိုပါ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ ယခု ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုး ရာသီအတွက် ဒေသခံတောင်သူ များ မိုးစပါးနဲ့ အခြားမိုးသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ယခု ၁၅ ရက်နေ့ကစပြီး မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို စတင် ဖြန့်ဝေပေးနေပြီ ဖြစ်ပါတယ်။ စိုက်ပျိုးရေ ဖြန့်ဝေပေးတဲ့ စနစ်ကိုလည်း ဒေသခံတောင်သူတွေ စိုက်ပျိုးရေနဲ့ သီးနှံအောင်ရေအတွက် အဆင်ပြေ စွာ ရယူသုံးစွဲနိုင်အောင် အဓိက ရေပေးဝေတဲ့ တောင်မုန်းမြောင်းမကြီးနဲ့ မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် ရေလက်တံမြောင်းတွေကို ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။ ယခု မိုးစပါးနဲ့ အခြားမိုးသီးနှံအတွက် ဆည်ရေဖြန့်ဝေပေးခြင်းကို ဇွန် ၁၅ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ ဆည်ရေဖြန့်ဝေပေးခြင်းနဲ့ပတ်သက် ပြီး ဒေသခံတောင်သူတွေ စိုက်ပျိုးရေးလုပ်ငန်းအတွက် အချိန်မီ ဆောင်ရွက်သွားနိုင်ဖို့နဲ့ ဆည်ရေ စနစ်တကျသုံးစွဲဖို့အတွက် ကြိုတင် အသိပေးအကြောင်းကြားထားပြီးဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဦးစီးအရာရှိ ဦးရဲထွဋ် အောင်က ပြောပြသည်။
မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို ဒေသခံတောင်သူ များ ရာသီအလိုက် သီးနှံများအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ လုံလောက်စွာ ရယူသုံးစွဲနိုင်ရေး စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုး ရာသီတွင် ဒေသခံတောင်သူ များက ဒေသတွင်း ဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေရန်နှင့် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိုးစပါးသီးနှံ ၆၉၀၉၄ ဧက၊ ဆီထွက်သီးနှံ ၉၆၆၅ ဧက၊ ပဲမျိုးစုံ သီးနှံ ၅၉၉၁ ဧက၊ ချည်မျှင် ရှည်ဝါ ၂၄၄၉ ဧက၊ စားဖိုဆောင်သီးနှံ ၄၄၃၄ ဧက၊ အခြားပရဆေးပင် နှင့် ကျွဲနွားအစာ ၅၃၉၂ ဧက စုစုပေါင်း မိုးသီးနှံဧက ၉၇၀၂၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံး၏ မိုးသီးနှံစာရင်းအရ သိရသည်။
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေလှောင် တမံနှင့် ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေလှောင်တမံမှတစ်ဆင့် မဲဇလီ ရေလွှဲဆည်သို့ ၂၀၂၂ -၂၀၂၃ မိုးသီးနှံ လျာထားဧရိယာများအတွက် ဆည်ရေပေးဝေရာ၌ စိုက်ပျိုးရေလိုအပ်ချက်အရ ပေးဝေမည့် ဆည်ရေများကို မုန်းချောင်းရေလှောင်တမံနှင့် ကြီးအုံကြီးဝရေလှောင် တမံ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားထုတ်လွှတ်ပြီး ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်နိုင်သည့် အပြင် မဲဇလီဆည်ရေသောက် ဧရိယာများသို့ စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေး ဦးစီးဌာနရုံးမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)



