
ကိုကိုချွန်(မော်လမြိုင်)
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဆောင်ရွက်ရမည့် ရည်မှန်း ချက် တာဝန်(၄)ရပ်တွင် “မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး” ကို အရေးကြီးသော ဒေါက်တိုင်တစ်ခုအနေဖြင့် ထည့်သွင်းထားသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်(၆)ရပ်တွင်လည်း “မူးယစ်ဆေးဝါး အန္တရာယ် တားဆီးနှိမ်နင်းရေး” လုပ်ငန်းတာဝန်ကို ထည့်သွင်း ဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေးဝါးအန္တရာယ်ဟု ဆိုရာတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင် မှု၊ ရောင်းဝယ်မှု၊ ဖြန့်ဖြူးမှု၊ သုံးစွဲမှု၊ အလွဲသုံးမှု၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသော ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက် မှု/ တင်သွင်းမှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် မူးယစ် ဆေးဝါးကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရမှုများ စသည် ဖြင့် ကျယ်ပြန့်စွာပါဝင်သည်။
နိုင်ငံတော်အစိုးရအဆက်ဆက်သည် မူးယစ် ဆေးဝါးအန္တရာယ်ကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံတော်၏အရေးကြီးသော အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်နေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မူးယစ် ဆေးဝါး အန္တရာယ် ‘တားဆီး’ ‘ကာကွယ်ရေး’ အား ရည်မှန်းချက်တာဝန်အဖြစ် ချမှတ်ဆောင်ရွက်ရာ တွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ပိုမိုထိရောက် စေရေးအတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အား ဖွဲ့စည်းခဲ့ပြီး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုတစ်ရပ်လုံး နှင့်အနီးကပ်ဆုံးမိတ်ဖက်အဖွဲ့ဖြစ်သည့် တပ်မတော် ၏အားကို ရယူကာ တားဆီးနှိမ်နင်းရေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့သဖြင့် နှစ်စဉ်အောင်မြင်မှုများ ရရှိခဲ့သည်။
မူးယစ်ဆေးဝါးအန္တရာယ်ကို ဖြေရှင်းရာတွင် မြန်မာနိုင်ငံ၏ အရေးကြီးသော ပထဝီဝင်အနေ အထားကို သိရှိနားလည်နိုင်ပါမှသာ တားဆီးနှိမ်နင်း ရေးလုပ်ငန်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို သိရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ကုန်းမြေ အကျယ်အဝန်း ၂၆၁၂၂၈ စတုရန်းမိုင်၊ ရေပြင်ပိုင်နက် ၁၄၄၀၀၀ စတုရန်းမိုင်ကျော်ရှိပြီး ကမ်းရိုးတန်း အရှည် ၁၃၈၅ မိုင် (၂၂၂၈ ကီလိုမီတာ) ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်းမြေနယ်နိမိတ်ထိစပ် မှုမှာ တရုတ်နိုင်ငံနှင့် ၁၃၂၃ မိုင်၊ အိန္ဒိယနိုင်ငံနှင့် ၉၁၂ မိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် ၁၆၈ မိုင်၊ လာအိုနိုင်ငံ နှင့် ၁၄၈ မိုင်၊ အရှည်ဆုံးဖြစ်သော ထိုင်းနိုင်ငံနှင့် ၁၅၀၁ မိုင် ထိစပ်လျက်ရှိသည်။ ကြီးမားကျယ်ပြန့် သော မြန်မာနိုင်ငံနယ်မြေအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုများကို တားဆီး နိုင်ရန်မှာ လွန်စွာခက်ခဲမည်ဖြစ်သည်။ ကျယ်ပြန့် လှသောနယ်မြေအတွင်း ကြီးမားသော မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းဆောင်ရွက်နေသူများအဖို့ လွန်စွာခက်ခဲနေမည်မှာ အမှန်ပင်ဖြစ်သည်။
တားဆီးနှိမ်နင်းရေးလုပ်ငန်းများ
ဆောင်ရွက်ရသည့်နယ်ပယ်
တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် မြန်မာနိုင်ငံအတွင်းပိုင်း ကုန်းမြေနယ်နိမိတ်၊ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိသော နယ်စပ် ဒေသများ၊ ရေပြင်နယ်နိမိတ်အပြင် မိမိနိုင်ငံ၏ ရေပြင် ပိုင်နက်တစ်ခုလုံးကို လွှမ်းခြုံဆောင်ရွက် ရမည် ဖြစ်သည်။ နိုင်ငံအတွင်းရှိ မြစ်ချောင်းများ၊ ဆိပ်ကမ်းနယ်မြေများကိုလည်း ချန်လှပ်မထားဘဲ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်နေရလျက်ရှိသည်။ ယခင်က မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာတွင် လမ်းကြောင်း ကောင်းမွန်သော အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် အခြားဒေသတွင်းနိုင်ငံများသို့ သယ်ဆောင်သည့် လမ်းကြောင်းများကို အဓိကထား အသုံးပြုခဲ့ သည်။ ၂၀၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါကာလနောက်ပိုင်းတွင် သယ်ယူ ပို့ဆောင်သည့်ပုံစံများ ပြောင်းလဲလာခဲ့သည်။
ကုန်းမြေနယ်နိမိတ်အတွင်း ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးအနှံ့ မြို့ပြ၊ ကျေးလက်များအပြင် ဆက်သွယ်ရေး လမ်းကြောင်းတစ်လျှောက် တားဆီး နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် ပြဿနာဖြစ်ပွားမှုနှင့် သက်ရောက် မှုမြင့်မားသောဒေသများကို ရွေးချယ်သုံးသပ်ပြီး အထူးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိသည်။ အထူးစစ်ဆင်ရေးများ ဆောင်ရွက်ရာတွင် မိမိ တစ်နိုင်ငံတည်းမှ ဆောင်ရွက်နေသကဲ့သို့ အိမ်နီး ချင်းနိုင်ငံများ (အထူးသဖြင့် နယ်စပ်ဒေသများ) နှင့် ပူးပေါင်းကာ တစ်ချိန်တည်း တစ်ပြိုင်တည်း စစ်ဆင် ရေးဆောင်ရွက်လျက်ရှိသည်။ မဲခေါင်ဒေသနိုင်ငံ များနှင့် ပူးပေါင်းစစ်ဆင်ရေးများ ဆောင်ရွက်နိုင်မှုကို ကြည့်လျှင် ၂၀၂၀ ပြည့်နှစ်အတွင်း Operation 1511 အမည်ဖြင့် တစ်ကြိမ်၊ ၂၀၂၁ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၂၂ ခုနှစ်တွင် တစ်ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်။ မိမိနိုင်ငံအတွင်း အထူးစစ်ဆင်ရေးများ ဆောင်ရွက် နိုင်မှုမှာ ၂၀၂၀ ပြည့်နှစ်တွင် နှစ်ကြိမ်၊ ၂၀၂၁ ခုနှစ် တွင် သုံးကြိမ်၊ ၂၀၂၂ ခုနှစ်တွင် သုံးကြိမ်နှင့် ယခုနှစ် တွင် အထူးစစ်ဆင်ရေးကြီးတစ်ခုကို ဆောင်ရွက် နေဆဲဖြစ်သည်။
မူးယစ်ဆေးဝါးထုတ်လုပ်မှု၏ အရင်းခံ
မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများအတွင်း မူးယစ်ဆေးဝါးပြဿနာကို ခါးသီးစွာခံစားနေရသောနိုင်ငံတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၏ အခြေခံကျသော ပြဿနာမှာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် မရှိ မဖြစ် လိုအပ်သော ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်နေမှုများပင်ဖြစ်သည်။ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အဓိကကျသည့် ထိန်းချုပ်ဓာတုပစ္စည်းများ၊ ချက်လုပ်ရာတွင် အသုံး ပြုသော ဆက်စပ်ပစ္စည်းများသည် နယ်စပ်ဒေသ များမှ တရားမဝင် ဝင်ရောက်ခြင်း၊ ပြည်တွင်းအသုံး ပြုနေသော ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်း များ မူးယစ်ဆေးဝါးချက်လုပ်ရာနေရာများသို့ လမ်းလွှဲရောက်ရှိခြင်းများသည် အရေးကြီးသော ပြဿနာရပ်တစ်ခု ဖြစ်သည်။ မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ထိန်းချုပ်ထားခြင်း မရှိသော ဓာတုပစ္စည်းများ တားဆီးနှိမ်နင်းရေးကို အရှိန်အဟုန်မြှင့် ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ မြန်မာ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် အထူးစစ်ဆင်ရေး “Operation 39” ကို ဆောင်ရွက်နေဆဲဖြစ်သည်။
မူးယစ်ဆေးဝါးပြဿနာ၏ သဘောသဘာဝ
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နေသည့် တစ်ချိန်တည်းတွင် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းကာ အထူးစစ်ဆင်ရေးများ ဆောင်ရွက်နေမှုများကြောင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု ပုံသဏ္ဌာန်များလည်း ပြောင်းလဲလာလျက်ရှိသည်။ မူးယစ်ဆေးဝါး ချက်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများသည် Balloon Effect သက်ရောက်မှုပုံစံမျိုးဖြင့် တားဆီး နှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နေ သည့်နေရာမှ အားနည်းချက်များ ဖြစ်ပေါ်နေသည့် နေရာများသို့ ပြောင်းရွှေ့သွားသဖြင့် မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာနှင့်ပုံစံ၊ သယ်ဆောင်ပုံ၊ သိုဝှက်ပုံ နည်းလမ်းများနှင့် လမ်းကြောင်းများ ပြောင်းလဲလာ လျက်ရှိသည်။
သာမန်အားဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်း များ တိုးမြှင့်လာခြင်းက မူးယစ်ဆေးဝါးဈေးနှုန်း မြင့်တက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်သော်လည်း ဒေသ တွင်း မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဈေးကွက်ချဲ့ထွင် လာမှုကြောင့် ထုတ်လုပ်မှုမြင့်မားလာခြင်း၊ သုံးစွဲမှု ပုံစံပြောင်းလဲလာခြင်းနှင့် ဈေးနှုန်းကျဆင်းမှုကို ဖြစ်ပေါ်စေလျက်ရှိသည်။ တင်ပြပါ Balloon Effect ၏ သက်ရောက်မှုသည်လည်း မြန်မာနိုင်ငံအပေါ် ကြီးမားခဲ့သည်။ ဒေသတွင်း၌ ၂၀၁၆ ခုနှစ်မှ စတင် ကာ နိုင်ငံဖြတ်ကျော်မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်သည့် ကွန်ရက်များ၏ ပါဝင်ပတ်သက်မှု မြင့်မားလာကြောင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု များက သက်သေပြလျက်ရှိသည်။ အထူးသဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် သက်ဆိုင်ရာနိုင်ငံအလိုက် ကန့်သတ်ချက် ရှိသော ပင်လယ်ပြင်ကို အသုံးချကာ မူးယစ်ဆေးဝါး အမြောက်အမြား သယ်ဆောင်ရောင်းဝယ်မှုများ မြင့်တက်လာစေသည်။
ပင်လယ်ရေကြောင်းတားဆီးနှိမ်နင်းရေး
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ဖြစ်ပေါ်လာသော အခြေအနေများကို သုံးသပ်ကာ ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို တားဆီးနှိမ်နင်းနိုင်ရန် ကမ်းရိုးတန်းနယ်မြေများ တွင် သတင်းစုဆောင်းမှုများကို တိုးမြှင့်ဆောင်ရွက် ခြင်း၊ ဆိပ်ကမ်းနယ်မြေများတွင် အထူးဂရုပြု ဆောင်ရွက်ခြင်း၊ ရေကြောင်းရဲတပ်ဖွဲ့ တာဝန် ထမ်းဆောင်ရာနယ်မြေများတွင် အထူးအလေးထား စောင့်ကြည့်ခြင်းများကို ပြုလုပ်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် ဆိပ်ကမ်းနယ်မြေ၊ ကမ်းရိုး တန်းနယ်မြေ၊ အတွင်းပိုင်းပင်လယ်ပြင်နှင့် ပိုင်နက် ပင်လယ်နယ်မြေအချို့ကိုသာ ထိန်းချုပ်နိုင်ပြီး ပိုင်နက်ပင်လယ်နှင့် ပိုင်နက်ပင်လယ်အပြင်ဘက် နယ်နိမိတ်များကို ထိန်းချုပ်ရန်ကန့်သတ်ချက်များ ဖြစ်ပေါ်နေလျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တပ်မတော် [အထူးသဖြင့် တပ်မတော်(ရေ)]နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက် မှုများက ပင်လယ်ပြင်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်မှုများကို ဖမ်းဆီးနိုင်ခဲ့သည်။
၂၀၀၄ ခုနှစ် ဇူလိုင် ၈ ရက်တွင် ရေးမြို့နယ် နှစ်ကရင်ကျေးရွာမှ ဘိန်းဖြူ ၅၉၂ ကီလို ဖမ်းဆီးရမိမှု သည် ထိုအချိန်က ပင်လယ်ရေကြောင်းမှ သယ်ဆောင် မည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိသည့် ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။ ဆယ်စုနှစ် တစ်ခုအကြာ ၂၀၁၄ ခုနှစ် ဩဂုတ် ၁၉ ရက်တွင် ဂျလန်းကျွန်းအနီး ပင်လယ်ပြင်၌ တပ်မတော် (ရေ) စစ်ရေယာဉ်မှ အက်တက်စီဆေးပြား ၂ ဒသမ ၃၈၅ သန်း ဖမ်းဆီးရမိခဲ့သည်။ ထို့အတူ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၈ ရက်တွင် မြိတ်မြို့နယ် ကလွင်မီးပြတိုက် အနီးရှိ ဒေသခံကုန်တင်လှေမှ အိုက်စ် ၁၄၃ ကီလို၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် မြိတ်မြို့ အနောက်ဘက်ပင်လယ်ပြင်၌ တပ်မတော်(ရေ) စစ်ရေယာဉ်မှ ကတ်တမင်း ၉၄၀ ကီလိုကို ဖမ်းဆီး မိခဲ့သည်။ ပင်လယ်ရေကြောင်းမှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကိုကြည့်လျှင် တားဆီး နှိမ်နင်းရေးတပ်ဖွဲ့များအတွက် ကန့်သတ်ချက် ရှိခြင်း၊ မူးယစ်ဆေးဝါးအမြောက်အမြားကို သယ်ဆောင်နိုင်ခြင်း၊ ဒေသခံသစ်သား ငါးဖမ်းလှေ များကိုသာ အသုံးပြုနိုင်ခြင်းနှင့် နိုင်ငံဖြတ်ကျော်သယ်ဆောင်မှုများကို အလွယ်တကူဆောင်ရွက်နိုင် ခြင်းစသည့်အချက်များကို အသုံးချကာ ဆောင်ရွက် ခဲ့သည်ကို တွေ့ရှိရသည်။
တရားဝင်ကုန်ပစ္စည်းများနှင့် ရောနှော ကွယ်ဝှက်ကာ ဆိပ်ကမ်းများမှ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်မှုများသည် နိုင်ငံတကာတွင် တဖြည်းဖြည်းကျယ်ပြန့်လာပြီး မြန်မာနိုင်ငံအပေါ် သို့လည်း သက်ရောက်မှုရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နှင့် ၁၇ ရက်နေ့များတွင် ဘရာဇီး နိုင်ငံမှတင်ပို့သော သကြားအိတ်များ ထည့်ထား သည့် ကွန်တိန်နာများအတွင်းမှ ကိုကင်း ၂၅၀ ကီလို နှင့် ၂၀၀ ကီလိုအသီးသီးကို ဖော်ထုတ်ဖမ်းဆီးနိုင် ခဲ့သည်။ ၂၀၁၈ ခုနှစ် မေ ၇ ရက်တွင် မလေးရှားနိုင်ငံ ဆိပ်ကမ်း၌ မြန်မာနိုင်ငံမှတင်ပို့သည့် ကွန်တိန်နာ အတွင်းမှ အိုက်စ် ၁၁၈၇ ကီလိုအား ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်။
ရေလမ်းကြောင်းကိုအသုံးပြုပြီး ပင်လယ်ပြင်မှ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများကို တားဆီးနှိမ်နင်းရာတွင် ကမ်းရိုးတန်းနယ်မြေ ဆိပ်ကမ်းများသို့သွားရောက်ရာ လမ်းကြောင်းများ တစ်လျှောက် ရှာဖွေဖမ်းဆီးခြင်း၊ ကမ်းရိုးတန်း နယ်မြေနှင့် ဆိပ်ကမ်းများမှ တားဆီးကာကွယ်ခြင်း၊ တရားဝင်ကုန်စည်များအတွင်း သိုဝှက်သယ်ဆောင် မှုများကို တားဆီးခြင်းများသည် ကုန်းမြေနယ်နိမိတ် အတွင်းဆောင်ရွက်ရသော လုပ်ငန်းများဖြစ်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်မှုများကြောင့် အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်သည်။ ကုန်းမြေ နယ်နိမိတ်ကို ကျော်လွန်ဖြတ်သန်းသွားသော မူးယစ်ဆေးဝါးများအား တပ်မတော်(ရေ)နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းကလည်း မူးယစ်ဆေးဝါး အမြောက်အမြားကို ဖမ်းဆီးနိုင်သည့် အောင်မြင်မှု များကို ဆွတ်ခူးနိုင်ခဲ့သည်။
ပင်လယ်ရေကြောင်း တားဆီးနှိမ်နင်းရေး
ဆောင်ရွက်နိုင်ခဲ့မှုများ
ဒေသတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲမှုပုံစံနှင့် သုံးစွဲ သည့် မူးယစ်ဆေးဝါးများ ပြောင်းလဲလာခြင်းသည် ထုတ်လုပ်သည့်ပုံစံနှင့် သယ်ဆောင်ရောင်းဝယ်မှုများ ကို သက်ရောက်လျက်ရှိသည်။ တားဆီးနှိမ်နင်း ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကုန်းမြေ နယ်နိမိတ်နှင့် လမ်းကြောင်းတစ်လျှောက် စစ်ဆေး ရေးဂိတ်များ တိုးမြှင့်ဆောင်ရွက်လာခြင်းနှင့် အိမ်နီး ချင်းနိုင်ငံများနှင့် ပူးတွဲစစ်ဆင်ရေးများ ဆောင်ရွက် နိုင်ခြင်းများသည် ကုန်းမြေလမ်းကြောင်းများကို အသုံးပြုပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ် လာရာမှ ရေလမ်းကြောင်းအသုံးပြုကာ သယ်ဆောင် ရောင်းဝယ်သည့်ပုံစံသို့ ပြောင်းလဲလာခဲ့သည်။ ပင်လယ်ရေလမ်းကြောင်းအသုံးပြုပြီး မူးယစ် ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု မြင့်တက်လာ သကဲ့သို့ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက် ရာမှ ဖမ်းဆီးရမိမှုများ မြင့်တက်လာလျက်ရှိ သည်။
ဖြေရှင်းဆောင်ရွက်နေရမှုများ
ပင်လယ်ရေကြောင်း၏ အားသာချက်များကို အသုံးချပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသည် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြသည်။ မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို ခါးသီးစွာ ခံစားနေရသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် ကုန်းမြေနယ်နိမိတ်အတွင်း တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ သယ်ဆောင်ရာ လမ်းကြောင်းများတစ်လျှောက် စစ်ဆေးရေးဂိတ်များကို တိုးချဲ့ခြင်း၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခြင်း၊ နိုင်ငံတကာနှင့် ပူးတွဲစစ်ဆင်ရေးများ ကို ဆောင်ရွက်လျက်ရှိသည်။
တစ်ဖက်တွင်လည်း မူးယစ်ဆေးဝါးထုတ်လုပ် မှု၏ အရင်းခံဖြစ်သော ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုများကို ထိန်းချုပ်နိုင်ရန် အထူးစစ်ဆင်ရေးအား ဆောင်ရွက်ခဲ့သဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် ဓာတုပစ္စည်း အမြောက်အမြား ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ ဓာတုပစ္စည်းများ သည် စက်မှုလုပ်ငန်းများတွင်လည်း အသုံးပြုနေရ သဖြင့် နိုင်ငံတော်မှ ဓာတုပစ္စည်းတင်သွင်းမှုများကို တရားဝင်ခွင့်ပြုပေးခဲ့သော်လည်း အချို့လုပ်ငန်းရှင် များ၏ မသိနားမလည်မှု/ အမြတ်အစွန်းရလိုမှုများ ကြောင့် တရားဝင်ခွင့်ပြုပေးထားသော ဓာတုပစ္စည်း များသည် မူးယစ်ဆေးဝါးချက်လုပ်ရာနေရာများသို့ ရောက်ရှိနေလျက်ရှိသည်။ ထိုအချက်များကို ထိန်းချုပ်နိုင်ရန်အတွက် ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ကုမ္ပဏီ/လုပ်ငန်းရှင်များနှင့် ကျင်းပပြုလုပ်ပြီး အသိပညာပေးခြင်းနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်း များကို တိုးချဲ့ဆောင်ရွက်လျက်ရှိသည်။
ပင်လယ်ရေကြောင်းမှ မူးယစ်ဆေးဝါးသယ်ဆောင် မှုများကို တားဆီးနိုင်ရန်အတွက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ရေကြောင်း ရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနတို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကမ်းရိုးတန်း ဒေသသို့ ဝင်ရောက်ရာလမ်းကြောင်းများ၊ ဆိပ်ကမ်း များ၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ ဒေသခံဆိပ်ကမ်း များ၊ ကမ်းကပ်နိုင်သည့်နေရာများကိုလည်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ကြည့်ခြင်း၊ သတင်းစုဆောင်း ထောက်လှမ်းခြင်းများ ပြုလုပ်လျက်ရှိသည်။တပ်ဖွဲ့ ဝင်များရောက်ရှိသွားလာရန် ခက်ခဲသော ပင်လယ် ပြင်အတွင်း မူးယစ်ဆေးဝါးသယ်ဆောင်မှုများကို တားဆီးနိုင်ရေးအတွက် တပ်မတော်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ ကျယ်ပြန့်သော နယ်မြေအတွင်း ဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးပြဿနာကြီးကို ဖြေရှင်းနိုင်ရန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် ပြည်သူ လူထု၏ ပူးပေါင်းဆောင်ရွက်မှုသည် မရှိမဖြစ် လိုအပ်နေမည်ဖြစ်သည်။ တားဆီးနှိမ်နင်းရေး တပ်ဖွဲ့အတွင်း ခေါင်းဆောင်သူများ၏အမြော်အမြင် ရှိမှု၊ ခေါင်းဆောင်မှုကောင်းမွန်မှု၊ တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းအပေါ် စေတနာထားမှု၊ လုပ်ငန်းကျွမ်းကျင် မှုနှင့် ကြိုးပမ်းဆောင်ရွက်တတ်မှု၊ ထိုးထွင်းတီထွင် လုပ်ကိုင်တတ်မှုနှင့် စနစ်တကျရှိမှု၊ အဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်မှုတို့ကြောင့် မြန်မာနိုင်ငံ ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကဏ္ဍသည် အထိုက်အလျောက် အောင်မြင်မှုသမိုင်းမှတ်တိုင်ကို ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။
မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး
မြန်မာနိုင်ငံ၏ ခံယူထားချက်
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏အကူအညီ နှင့် အထောက်အပံ့များရရှိသည်/မရရှိသည်ဖြစ်စေ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရေး သမိုင်းက ပေးသည့် အမျိုးသားရေးတာဝန်အဖြစ် ခံယူထားပြီး ဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှမပါ ဘဲ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရေး အစဉ်အဆက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဆန္ဒမမှန်သော အဖွဲ့အစည်းများ၊ နိုင်ငံရေးကို ဦးစား ပေးသောအဖွဲ့အစည်းများနှင့်လည်း အကောင်းဆုံး သော ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ပေးခဲ့ပြီး ဖြစ်သည်။ ထိုအဖွဲ့အစည်း၊ နိုင်ငံများ၏ ချီးကျူး ဂုဏ်ပြုမှု/ အပြစ်တင်မှုများကို အနည်းငယ်မျှပင် စိတ်ထဲအလျှင်းမရှိဘဲ မိမိတို့ဆောင်ရွက်ရမည့်၊ ဆောင်ရွက်သင့်သည့် မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေးကို ဆန္ဒမှန်၊ နှလုံးသားအမှန်၊ ခံယူချက် အမှန်ဖြင့် ရှေ့ဆက်ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ပြု ထားပါကြောင်း တင်ပြအပ်ပါသည်။ ။
- Log in to post comments