
နေပြည်တော် စက်တင်ဘာ ၉
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ လောကနန္ဒာဘုရား ကမ်းပါးအောက်ခြေ ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်း၊ အပြည်ပြည် ဆိုင်ရာ ရေအောက်ကေဘယ်လ်စနစ် (SEA-ME-WE-5) ၏ Cable Landing Station တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူ များနှင့်အတူ နံနက်ပိုင်းတွင် ပုသိမ်မြို့အနီး ငဝန် မြစ်ရေတိုက်စားမှုမှ ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လောကနန္ဒာ ဘုရားကမ်းပါးအောက်ခြေတွင် ကမ်းပြိုမှုကာကွယ် ရေးဆောင်ရွက်ထားရှိမှု၊ ကမ်းပြိုကာကွယ်ရေး ထိန်းသိမ်းနိုင်ရန် ဘုရား၏အထက်ဘက် Up Stream မှ သောင်တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က လုပ်ငန်းဆောင်ရွက်ထားရှိမှုကို အသေးစိတ် ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက ရေတိုက်စားမှုဖြစ်ပေါ်သည့် ကမ်းပါးနေရာများ တည်တံ့အောင် စနစ်တကျ စံချိန်စံညွှန်းနှင့်အညီ ပြုပြင်ဆောင်ရွက်ရန်၊ ရေတိုက်စားမှု ထပ်မံမဖြစ်ပွား စေရေး၊ လိုအပ်သည့်နေရာများတွင် သောင်တူးဖော် ရေးလုပ်ငန်းများအား ကြိုတင်စီမံဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ ဝဲဒေါင့်ဆိပ်ကမ်းရှိ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ဆိပ်ခံတံတားနေရာသို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားပြုပြင်မွမ်းမံရေး ဆောင်ရွက်ရန် အခြေအနေများ၊ တံတားအနီး သောင်တူးဖော်ရေး ဆောင်ရွက်သင့်သည့်အခြေအနေ များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရေအောက် ကေဘယ်လ်စနစ် (SEA-ME-WE-5) ၏ Cable Landing Station သို့ သွားရောက်ကြည့်ရှု့စစ်ဆေးရာ တာဝန်ရှိသူများက ရေအောက်ကေဘယ်လ်စနစ်နှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ရေးစနစ်များ ကောင်းမွန်နေစေ ရေး၊ ပင်လယ်ရေအောက်နှင့် ကုန်းပေါ်တွင် ဆက်ကြောင်းပြတ်တောက်ပါက အချိန်တိုအတွင်း သိရှိစေရေးနှင့် အမြန်ဆုံးပြုပြင်နိုင်ရေး စီမံ ဆောင်ရွက်ထားရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အစည်း အဝေးခန်းမတွင် ပုသိမ်မြို့၌ တာဝန်ထမ်းဆောင် လျက်ရှိကြသော ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ဝန်ထမ်းများကို တွေ့ဆုံရာ တိုင်းဒေသကြီးအဆင့် တာဝန်ခံအရာရှိများက ဌာန၏လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ဘဏ္ဍာငွေ ရှာဖွေနိုင်မှုနှင့် သုံးစွဲမှု၊ ဝန်ထမ်းသက်သာ ချောင်ချိ ရေး ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မိမိဌာနအလိုက် ရည်မှန်း ချက်၊ လုပ်ငန်းတာဝန်နှင့် စွမ်းဆောင်ရည်မြင့်မား ရေးကို အလေးထားဆောင်ရွက်ရေး၊ လက်ရှိအခြေ အနေအချိန်အခါနှင့် ကိုက်ညီသော လုပ်ငန်းအစီအမံ များကို ပြန်လည်သုံးသပ်၍ လုပ်ငန်းများတိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရေး၊ အများ ပြည်သူသယ်ယူပို့ဆောင်ရေး (Public Transport-ation) လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင် ရွက်ရေးနှင့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေး၊ ဝန်ထမ်းများ လုံခြုံရေးအသိ/သတိရှိရန်နှင့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးအစီအမံများကို ရေးဆွဲချမှတ် လေ့ကျင့်ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော SOP နှင့်အညီလိုက်နာရေး ရုံးဌာနများတွင် အဆင့်ဆင့် ကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်