ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီဝင်ရောက်မှုနည်းပါးလာပြီး အမြင့်ဆုံးဈေးနှုန်းအထိရောက်ရှိလာ

 

ပခုက္ကူ  နိုဝင်ဘာ  ၅


မကွေးတိုင်းဒေသကြီး       ပခုက္ကူဈေးကွက်အတွင်း  ကြက်သွန်နီဝင်ရောက်မှုနည်းပါးလာပြီး    အမြင့်ဆုံး ဈေးနှုန်းမှာ တစ်ပိဿာလျှင်  ငွေကျပ်  ၃၅၀၀  ကျော် နှုန်းအထိ  ရောက်ရှိလာကာ  ဈေးကောင်းလျက်ရှိ ကြောင်း  ပခုက္ကူမြို့  အမှတ်  (၈)  ရပ်ကွက်  ပန်းစွာ    (ခ)   ဦးမေဃကျောင်းတိုက်ဝင်းအတွင်းရှိ ကြက်သွန် ပွဲရုံ  (ဈေးကွက်)  သို့   လာရောက်ရောင်းချနေသည့် ကြက်သွန်ကုန်သည်များထံမှ သိရသည်။

 


အဆိုပါဈေးကွက်သို့      နွေကြက်သွန်နီများကို  ပခုက္ကူနှင့် ဆိပ်ဖြူမြို့နယ်ဒေသများမှ တောင်သူများ က  အများဆုံးလာရောက်ရောင်းချပြီး လက်ရှိအချိန် တွင်   ကြက်သွန်ဝင်ရောက်မှု  နည်းပါးလာကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှပိဿာချိန်ပေါင်း ၁၀၀၀၀ ခန့် ဝင်ရောက်ပြီး ဈေးကောင်းရရှိနေကြောင်း၊ ယခုနှစ် အစောပိုင်းကာလ        ကြက်သွန်နီပေါများချိန်တွင် တစ်ရက်လျှင်   ပိဿာချိန်  အနည်းဆုံး  ၁၅၀၀၀   မှ  အများဆုံး  ၂၀၀၀၀  ကျော်အထိ   ဝင်ရောက်ခဲ့ပြီး တစ်ပိဿာလျှင် အနည်းဆုံး  ကျပ် ၁၀၀ မှ အများဆုံး ကျပ် ၅၅၀ ခန့်သာရှိခဲ့ကြောင်း၊  လက်ရှိအချိန်တွင်မူ ပွဲရုံအထိုင်ဈေးမှာပင်     ဈေးကောင်းရရှိနေကြောင်း၊ အလာတူ ကြက်သွန်ဖြူဈေးနှုန်းမှာလည်း ယခင်က တစ်ပိဿာလျှင် အနည်းဆုံး ကျပ် ၁၉၀၀ မှ အများ ဆုံး ကျပ် ၃၅၀၀ အထိရှိခဲ့ပြီး လက်ရှိတွင် အနည်းဆုံး ကျပ်   ၃၅၀၀  မှ   အများဆုံး   ကျပ်    ၄၀၀၀    အထိ ရောက်ရှိလာကြောင်း ခရိုင် ကုန်စိမ်းလိုင်းခွဲကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်းထံမှ သိရသည်။

 


ဆိပ်ဖြူမြို့နယ်မှ       ကြက်သွန်နီလာရောက် ရောင်းချသည့်တောင်သူ  ဦးညီညီမင်းကျော်က “ယခု နှစ်တွင် ဆောင်းကြက်သွန်နီစိုက်ခင်း နှစ်ဧကစိုက်ပျိုး ခဲ့ကြောင်း၊   တစ်ဧကအတွက်  စိုက်စရိတ်၊   အလုပ် သမားခ၊   မြေဩဇာထည့်စရိတ်၊    လယ်ထွန်စရိတ်၊  ရေသွင်းစရိတ်၊  ပေါင်းသတ်ဆေးစရိတ်နှင့်  ရိတ်သိမ်း စရိတ်များအပါအဝင် အရင်းအနှီး  ကျပ်  ၁၂  သိန်း ကျော်ကုန်ကျခဲ့ကြောင်း၊    ယခုအချိန်မှာ   ရောင်းချ နေဆဲကာလဖြစ်သောကြောင့်         အမြတ်ငွေရရှိမှု ခန့်မှန်းမရနိုင်သေးကြောင်း” ပြောသည်။

 


မြန်မာ့ထွက်ကုန်ကြက်သွန်နီများမှာ  ပြည်တွင်း စားသုံးမှု   ဖူလုံရုံသာမက    ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချနေရကြောင်း၊ ကြက်သွန်ကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင်  အများ ဆုံးစိုက်ပျိုးကြပြီး အညာဒေသများရှိ သဲချောင်းနေရာ များနှင့် မြစ်ကမ်းနံဘေးနေရာများ၌ ရေသွင်းစနစ်ဖြင့် အဓိကစိုက်ပျိုးကြကြောင်း၊     လက်ရှိအချိန်တွင် ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီများ  ဈေးကောင်း ရရှိနေသောကြောင့်         တောင်သူများအနေဖြင့် အဆင်ပြေကြကြောင်း         ခရိုင်ကုန်သည်ပွဲစားများ အသင်းမှ သိရသည်။       

ခရိုင်(ပြန်/ဆက်)