
အစ္စလမ္မာဘတ် သြဂုတ် ၂၅
မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများသည် ပါကစ္စတန်နိုင်ငံ၌ ဇွန်လလယ် ကတည်းကဖြစ်ပွားခဲ့ရာ ယခုအချိန်အထိ လူပေါင်း ၉၀၃ ဦးသေဆုံးခဲ့ပြီး ၁၃၀၀ ကျော်ဒဏ်ရာရရှိခဲ့ကာ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ) က သြဂုတ် ၂၅ ရက်က ပြောကြားလိုက်သည်။
နိုင်ငံ၏ ဒေသအတော်များများတွင် မိုးနှင့် ဆက်စပ်သည့် အမျိုးမျိုးသော သဘာဝဘေး အန္တရာယ်များကြောင့် လွန်ခဲ့သော ၂၄ နာရီအတွင်း လူ ၇၀ ကျော် သေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၈၂၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း အင်န်ဒီအမ်အေ၏ စာရင်း များအရ သိရသည်။
ထူးထူးခြားခြား ရေကြီးမှုများကို ဖြစ်စေသည့် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားပြီးနောက် ဖြစ်ပေါ် လာသော အခြေအနေများကို ဖြေရှင်းရန် ပါကစ္စတန် နိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းကို ဝိုင်းဝန်း ကူညီကြရန် တိုက်တွန်းပြောကြားလိုက်သည်။
လတ်တလော ဖြစ်ပွားနေသော ရာသီဥတု ကပ်ဘေးကြောင့် လူသားချင်းဆိုင်ရာ အကူအညီ ပေးရေး ကြိုးစားဆောင်ရွက်မှုများတွင် နိုင်ငံတကာ နှင့် အမျိုးသားရေး ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်လျက်ရှိကြောင်း၊ အစားအစာနှင့် နားခိုရာ နေရာများသာမက ကယ်ဆယ်ရေးလုပ်ငန်းများ လည်း လိုအပ်လျက်ရှိကြောင်း ပါကစ္စတန်ရာသီဥတု ပြောင်းလဲရေးဝန်ကြီး ရှာရီ ရာမင်န်က ပြောသည်။
နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်သည် သဘာဝ ဘေးဒုက္ခကို ခံစားခဲ့ရသည့် အဆိုးဆုံးပြည်နယ် တစ်ခုဖြစ်ပြီး လူပေါင်း ၂၉၃ ဦး သေဆုံးခဲ့ကြောင်း၊ ထို့နောက် အနောက်တောင်ပိုင်း ပြည်နယ်တစ်ခု ဖြစ်သည့် ဘလိုချီစတန်ပြည်နယ်သည် သဘာဝ ဘေးဒုက္ခကို ခံစားခဲ့ရသည့် ဒုတိယအဆိုးဆုံး ပြည်နယ်တစ်ခုဖြစ်ကာ လူပေါင်း ၂၃၀ သေဆုံး ခဲ့သည်။
ထို့အပြင် အနောက်မြောက်ပိုင်း ခေဘာပါ့က်ခ် သွန်ခွာပြည်နယ်တွင် သေဆုံးသူ ၁၆၉ ဦးနှင့် အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်တွင် သေဆုံးသူ ၁၆၄ ဦး ရှိဖြစ်ကြောင်း သိရသည်။
ရေကြီးရေလျှံဖြစ်ပွားမှုများကြောင့် ပါကစ္စတန် နိုင်ငံတစ်ဝန်း အိုးအိမ်ပေါင်း ၄၉၅၀၀၀ ကျော် ပျက်စီးခဲ့သည်။
ဆင်ဟွာ