
မိမိတို့မြန်မာ့ပင်လယ်ပြင်နှင့် အကျိုးစီးပွားများကို စောင့်ရှောက်ကာကွယ်ပြီး နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်လာသည့် တာဝန်များကို ကြိုးပမ်းထမ်းရွက်သွားကြရန်လို
နေပြည်တော် အောက်တိုဘာ ၆
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် အတွင်းပိုင်းရေပြင်မှ သီးသန့်စီးပွား ရေးဇုန်အထိ ဧရိယာအတွင်း ရေကြောင်းဆိုင်ရာလုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများအား တာဝန်ခံစီမံကွပ်ကဲ ဆောင်ရွက်ရန်၊ အမျိုးသားရေကြောင်း အကျိုးစီးပွားများအား ကာကွယ် စောင့်ရှောက်ရန်၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ပင်လယ်ဖြတ်ကျော်မှုခင်းများနှိမ်နင်းရန်၊ သတင်း အချက်အလက်များဖလှယ်ရန်၊ နိုင်ငံတကာကမ်းခြေစောင့်တပ်ဖွဲ့များ နှင့်ချိတ်ဆက်ပြီး သံတမန်ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရန်နှင့် စစ်မက်ကာလတွင် တပ်မတော်(ရေ)အား အထောက်အကူပြုရန်စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ယနေ့တွင် စတင်ဖွဲ့စည်းပြီး တပ်ဖွဲ့ဖွဲ့စည်းခြင်းနှင့် တပ်တော်ဝင်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။
ရှင်းလင်းတင်ပြ
အခမ်းအနားအစီအစဉ်အရ တပ်မတော်(ရေ)မှလွှဲပြောင်းပေးမည့် စစ်ရေယာဉ်လေးစင်းမှ အရာရှိ၊ စစ်သည်များသည် စစ်ရေယာဉ်များပေါ်မှထွက်ခွာ၍ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည် များက ရေယာဉ်များပေါ်တွင် အသီးသီးနေရာယူကြ သည်။ ထို့နောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က မြန်မာ နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးက ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေး မှူးချုပ်ထံသို့ ရေယာဉ်များနှင့်ပတ်သက်သော စာရွက် စာတမ်းများအား လွှဲပြောင်းပေးအပ်သည်။ ထို့နောက် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (Deparment of Marine Administration)မှ ခေတ္တ ညွှန်ကြားရေးမှူးချုပ်က ကမ်းခြေစောင့်ညွှန်ကြားရေးမှူးချုပ်ထံသို့ ကမ်းခြေစောင့်တပ်ဖွဲ့နှင့်ပတ်သက် သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ် သည်။ ယင်းနောက် ကမ်းခြေစောင့်တပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ်က ကမ်းခြေစောင့် ရေယာဉ်စုမှူးထံသို့တပ်ဖွဲ့အလံများပေးအပ်သည်။ ဆက်လက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ် ရေးဦးစီးချုပ်(ရေ)က စစ်ရေယာဉ်များ လွှဲပြောင်းပေးအပ်ခြင်းအထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ် များကို ဂါရဝပြုပေးအပ်သည်။
အစီအစဉ်အတိုင်း ဆောင်ရွက်
ထို့နောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က ကမ်းခြေ စောင့်တပ်ဖွဲ့ ဖွဲ့စည်းမိန့်နှင့် ရေယာဉ်များအား ကမ်းခြေစောင့်တပ်ဖွဲ့ တပ်တော်ဝင်ရေယာဉ်များ အဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင် ခြင်း၊ ကမ်းခြေစောင့်တပ်ဖွဲ့အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက်တီးခြင်းနှင့် တပ်တော်ဝင် အခမ်းအနားလုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် မြန်မာ့ပင်လယ်ပြင်အတွင်း စစ်ဆင်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ၊ စစ်ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းများနှင့် စစ်ရေယာဉ်စုများအလိုက်ပြုလုပ်သည့် ပင်လယ်ပြင် လက်တွေ့လေ့ကျင့် ခန်းများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပြီး ကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည့် ရေယာဉ်များအား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသကြသည်။
ဂုဏ်ပြုအလေးပြု
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်ရှိ အလေးပြုခံစင်မြင့် မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကို ခံယူသည်။ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ခံယူနေစဉ် စစ်ရေယာဉ်(ရန်တိုင်းအောင်)နှင့် စစ်ရေယာဉ် (ရန်ကြီးအောင်)တို့မှ အမြောက်(၂၁)ချက် ပစ်ဖောက် ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြု အလေးပြုကြသည်။
ထို့နောက် ဖရီဂိတ်စစ်ရေယာဉ်(အောင်ဇေယျ) ဦးဆောင်သော ဖရီဂိတ်စစ်ရေယာဉ်(ဆင်ဖြူရှင်)၊ကော်ဗက်စစ်ရေယာဉ်(တပင်ရွှေထီး)နှင့် အမြန်သွား တိုက်ခိုက်ရေးရေယာဉ်များက Single Line Formation ပုံစံဖြင့် ပုံပြုမောင်းနှင်ချီတက် အလေးပြု ပြီး တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် သုံးစင်း၊ သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စင်းနှင့် ပင်လယ်ရေကြောင်း ကင်းထောက် လေယာဉ် နှစ်စင်းတို့က အုပ်စုဖွဲ့မြှားခေါင်းပုံစံဖြင့် လည်းကောင်း၊ တိုက်ခိုက်ရေးလေယာဉ် သုံးစင်းတို့ က Vic Formation ပုံစံဖြင့်လည်းကောင်း အသီးသီး သရုပ်ပြပျံသန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား ချီတက်အလေးပြုကြသည်။
ဂါရဝပြုပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား ကာကွယ်ရေးဦးစီးချုပ်(ရေ)က အမြောက်ပစ် ဖောက် ဂုဏ်ပြုအလေးပြု ပစ်ခတ်ထားသည့် ပထမ ဆုံးအမြောက်ကျည်ဆန်ခွံအား အထိမ်းအမှတ် လက်ဆောင်အဖြစ် ဂါရဝပြုပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ နိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဂုဏ်ပြုမောင်းနှင်ချီတက်အလေးပြုခဲ့ကြသည့် စစ်ရေ ယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်များမှ အရာရှိ၊ စစ်သည်များနှင့် တပ်တော်ဝင်ကမ်းခြေစောင့် ရေယာဉ်များမှ အရာရှိ၊ စစ်သည်များအတွက် ဂုဏ်ပြု အထိမ်းအမှတ်တံဆိပ်နှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူကြ သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များနှင့် တွေ့ဆုံ၍ ယနေ့သည် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်သည့် နေ့ဖြစ်ပြီး မိမိတို့နိုင်ငံနှင့် တပ်မတော်အတွက် သမိုင်း ဝင်မော်ကွန်းတင်သည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ကျယ်ဝန်းသည့် ပိုင်နက်ပင်လယ်ပြင် နှင့် ရှည်လျားသည့် ကမ်းရိုးတန်းပိုင်ဆိုင်သော ကမ်းရိုးတန်း နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အချက်အချာ ရေလမ်းကြောင်းများ၊ ဒီရေလမ်းကြောင်းများကို ထိန်းချုပ်နိုင်သည့် Choke Point များ တည်ရှိသည့် အတွက် မြန်မာ့ပင်လယ်ပြင်သည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာ နှစ်ခုအကြား မဟာဗျူဟာကျကျ တည်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
မိမိတို့ပင်လယ်ပြင်သည် သက်ရှိ၊ သက်မဲ့ သယံ ဇာတအရင်းအမြစ်များ ကြွယ်ဝပြီး ဒေသတွင်းမဟာ ဗျူဟာကျစွာ တည်ရှိနေသည့်အတွက် နိုင်ငံတော်၏ အကျိုးစီးပွား ဖော်ဆောင်ရန် အခွင့်အလမ်းနယ်မြေတစ်ခုလည်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်(ရေ)နှင့်အတူ ပိုင်နက်ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုး စီးပွားများ၊ ရေကြောင်းသယံဇာတများကို ကာကွယ် စောင့်ရှောက်ရန်နှင့် ရေကြောင်းလုံခြုံရေး (Maritime Security) ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းပေးခြင်း ပင်ဖြစ်ကြောင်း။
အဓိကထားဆောင်ရွက်ကြရမည်
ယခင်က မိမိတို့နိုင်ငံတွင် ကမ်းခြေစောင့် တပ်ဖွဲ့မရှိသည့်အတွက် ၎င်းတာဝန်များကို တပ်မတော်(ရေ)က ပူးတွဲဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း၊ ယနေ့အချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် ပင်လယ်ပြင် တရား ဥပဒေစိုးမိုးရေးကဏ္ဍ(Constabulary Role)၊ လူသား ချင်းစာနာမှု အကူအညီပေးရေးကဏ္ဍ(Benign Role)များကို ကမ်းခြေစောင့်တပ်ဖွဲ့က အဓိကထားဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ရေကြောင်းအကျိုးစီးပွား များ ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင် ရှာဖွေ ကယ်ဆယ်ရေးနှင့် ပင်လယ်ပြင် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးတို့ကိုလည်း လုပ်ဆောင်ရန် တာဝန်ရှိမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် ကုန်းမြေဧရိယာ ၂၆၁၂၂၈ စတုရန်းမိုင်ခန့်နှင့် ရေပြင်ဧရိယာ ၁၄၄၉၁၂ စတုရန်း မိုင်ခန့်ပိုင်ဆိုင်ပြီး ရေပြင်ဧရိယာအနေဖြင့် စုစုပေါင်း ဧရိယာ၏ ၃၅ ရာခိုင်နှုန်းရှိကြောင်း၊ ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိ ပြီး သဘာဝကပေးအပ်သည့် အရင်းအမြစ်များ၊ စီးပွားရေးအခွင့်အလမ်းများ များစွာရှိကြောင်း၊ ထို့အပြင် မိမိတို့နိုင်ငံ၏ ကမ်းရိုးတန်းနှင့် ပိုင်နက် ပင်လယ်ပြင် သဘာဝအလှတရားများ၏ ဆွဲဆောင် အားနှင့် ပင်လယ်ပြင်ရေကြောင်း ခရီးသွားလုပ်ငန်း Marine and Coastal Tourism လုပ်ငန်းအတွက် အခြေခံကောင်းများစွာရှိသည်ကို တွေ့ရမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များကို လုပ်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း။
ထို့အပြင် ကမ်းရိုးတန်းတစ်လျှောက်၌ အလား အလာကောင်းသည့် ရေနက်ဆိပ်ကမ်းများရှိပြီး နိုင်ငံ တကာကုန်သွယ်ရေး ရေလမ်းကြောင်းများ ဖြတ်သန်း လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့ရေပြင်နှင့်ဆက်စပ် ပင်လယ်ပြင်တွင်ရှိသည့် ပင်လယ်ပြင်ဆက်သွယ်ရေး လမ်းကြောင်း (Sea Line of Communication) လုံခြုံရေးနှင့် မိမိတို့ ရေနက်ဆိပ်ကမ်းများ ဘေးကင်း လုံခြုံရေးကို ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။
မိမိတို့ပင်လယ်ပြင်သည် ငါးသယံဇာတ အမြောက်အမြားရှိပြီး တိုင်းရင်းသား ပြည်သူလူထု အတွက် အစားအစာ လုံခြုံမှု (Food Security) ကို အဓိကပံ့ပိုးပေးလျက်ရှိကြောင်း၊ ပင်လယ်ပြင်တွင် ငါးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း ပြုသူများ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ပင်လယ်ပြင်တွင် တရားမဝင် ငါးခိုး ဖမ်းဆီးမှုများကိုလည်း စစ်ဆေးရှာဖွေဖမ်းဆီး ထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်
ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပင်လယ်ပြင်အခြေပြု စီးပွားရေးလုပ်ငန်းများ (Ocean Based Economy)တစ်နည်းအားဖြင့် ပင်လယ်ပြာစီးပွားရေးလုပ်ငန်း (Blue Economy)များဖြစ်သည့် ရေကြောင်းခရီးသွား လုပ်ငန်း၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလုပ်ငန်း၊ ရေနက်ဆိပ်ကမ်းများလုပ်ငန်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း စသည့် စီးပွားရေးလုပ်ငန်းများ ဘေးကင်း လုံခြုံရေး၊ ပင်လယ်ပြင်မှ တရားမဝင်ဖြတ်သန်းဝင်ရောက်မှု မရှိစေရေးနှင့် ပင်လယ်ပြင်တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ပေးရန်အတွက် ယနေ့ကမ်းခြေစောင့် တပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း။
မိမိတို့တပ်မတော်သည် ပြည်သူလူထုအရေးကို ရှေးရှုပြီး ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးအပါအဝင် လူသားချင်းစာနာထောက်ကူမှုနှင့် သဘာဝဘေး ဒုက္ခကယ်ဆယ်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်(ရေ) အနေဖြင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ ပင်လယ် ပြင်အတွင်းမှ ဒုက္ခသည် ၄၀၀၀ ကျော်ကို ကူညီ ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ပို့ဗလဲယားတို့တွင် ကာလကြာရှည်စွာ ဒုက္ခခံနေရ သည့် မြန်မာနိုင်ငံသား ၁၁၅၀ ကျော်ကိုလည်း စစ်ရေယာဉ်များ စေလွှတ်ပြီး ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့သော တာဝန်များကို ကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် တပ်မတော်(ရေ)နှင့်ပူးပေါင်းပြီး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
စောင့်ရှောက် ကာကွယ် ဒို့ပင်လယ်
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ် အေးချမ်းပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝများ တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လိုအပ်ချက်အရ ကမ်းခြေစောင့်တပ်ဖွဲ့ကို နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းပေးလိုက် ပြီးဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် တပ်ဖွဲ့ ဆိုင်ရာမျှော်မှန်းချက်အမြင်(Vision)၊ ရည်မှန်းချက် တာဝန်(Mission)များ သတ်မှတ်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ရည်မှန်းချက် တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး ကမ်းခြေစောင့်တပ်ဖွဲ့ အတွက် ရည်မှန်းချက် တာဝန်များနှင့် ကိုက်ညီမည့် တပ်ဖွဲ့ဆောင်ပုဒ်ကိုလည်း သတ်မှတ်ပေးလိုကြောင်း၊ ယင်းဆောင်ပုဒ်မှာ “Guard, Protect and Save Our Sea” “စောင့်ရှောက် ကာကွယ် ဒို့ပင်လယ်” ပင်ဖြစ်ကြောင်း၊ မိမိတို့မြန်မာ့ပင်လယ်ပြင်နှင့် အကျိုးစီးပွားများကို စောင့်ရှောက်ကာကွယ်ပြီး နိုင်ငံတော်နှင့် တပ်မတော်မှ ပေးအပ်လာသည့် တာဝန်များကို ကြိုးပမ်းထမ်းရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
အဆိုပါ မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်းနှင့် ရေယာဉ်များ တပ်တော်ဝင် အခမ်း အနားသို့ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက် သတင်းရယူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်