
နေပြည်တော် ဧပြီ ၁၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်း အနားကို ယနေ့ညနေပိုင်းက မြန်မာ့မီးရထား နေပြည်တော် ဘူတာကြီးဝင်းအတွင်းရှိ မြန်မာ့ ရိုးရာ အတာသင်္ကြန် ရေကစား မဏ္ဍပ်၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ဌာနအကြီးအကဲများ၊ ၎င်းတို့ ၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ဌာနအသီးသီးမှ ယိမ်းအဖွဲ့များ တက်ရောက်ကြသည်။
ခြိမ့်ခြိမ့်သဲဆင်နွှဲ
အခမ်းအနားတွင် ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံ အသီးသီးမှ လူမျိုးအသီးသီးတို့ သည် ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများနှင့်အညီ နှစ်သစ်ကူးပွဲတော်များကျင်းပရာတွင် မိမိတို့ မြန်မာလူမျိုးများသည် နှစ်ဟောင်း မှ နှစ်သစ်ကို ကူးပြောင်းချိန်၌ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ကျင်းပကြကြောင်း၊ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရေ နှင့် ဆေးကြောပြီး နှစ်သစ်ကို ကြိုဆိုကာ သင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ်များ၊ အတီးအမှုတ် များဖြင့် ကပြဖျော်ဖြေ၍ ခြိမ့်ခြိမ့် သဲ ဆင်နွှဲကြကြောင်း၊ ထို့ကြောင့် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ကိုယ် စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာ ဖြင့် ရေသဘင်ပွဲတော်တွင် ပါဝင် ဆင်နွှဲရန်နှင့် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ အလှူဒါနပြုခြင်း စသည့် မင်္ဂလာအပေါင်း ပြည့်စုံစွာ ဖြင့် နှစ်သစ်ကို အတူတကွ ကြိုဆို ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသည် ဌာနအကြီးအမှူးများ နှင့်အတူ ရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အကြီး အကဲများနှင့် မိသားစုများက ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ နှင့် ယိမ်းအဖွဲ့များအား အမွှေး နံ့သာရည်များပက်ဖျန်း၍ ပျော်ရွှင် စွာ ရေကစားကြသည်။
ယင်းနောက် ဌာနအသီးသီးမှ ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်း အကများ၊ သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်