
ကေကေစိုး
ပီရူးနိုင်ငံတွင် ရေနံချက်စက်ရုံမှ ယိုဖိတ်မှုများဖြစ်ပေါ်ခဲ့ရာ ယင်းဖြစ်ရပ်ကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးပေါ်ကိစ္စအဖြစ် ပီရူးသမ္မတ ပီဒရိုကက်စတီလိုက ကြေညာခဲ့သည်။ တွန်ဂါနိုင်ငံအနီး ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် အခြားသောဒေသများကိုပါ ရိုက်ခတ်မှုဖြစ်ပွားခဲ့ရာ ပီရူးနိုင်ငံမှ ရေနံသန့်စင်စက်ရုံတွင်လည်း ရေနံယိုဖိတ်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဂေဟဗေဒ ဘေးအန္တရာယ်
မကြာသေးမီကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် အဆိုးရွားဆုံး ဂေဟဗေဒ ဘေးအန္တရာယ်ဟု အာဏာပိုင်များက ပြောသည်။ ပီရူးနိုင်ငံ လီမာမြို့ ကာလာအိုဆိပ်ကမ်းတွင် မိရိုးဖလာအတိုင်း ငါးဖမ်းကြသည့် ငါးဖမ်းသမားများမှာ ပမ်ပီလာ ရေနံချက်စက်ရုံ အပြင်ဘက်တွင် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ ရေနံချက်စက်ရုံမှာ စပိန် စွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် ရက်ပ်ဆိုးလ်က ပိုင်ဆိုင်သည့်စက်ရုံလည်းဖြစ်သည်။ ရေအောက်ရှိ မီးတောင်ပေါက်ကွဲမှုကြောင့် မထင်မှတ်ဘဲ ပေါ်ပေါက်လာရသည့် လှိုင်းလုံးများကြောင့် ရေနံစည်များ ယိုဖိတ်မှု ဖြစ်ပေါ်ခဲ့ရသည်။
လုပ်ငန်းခွင်ဆုံးရှုံးသွားရပြီဖြစ်
ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်သူ မဂူ အိန်ဂျယ်နျူယက်ဇ်က ရှေ့ဆက်ဘယ်လိုရှင်သန်ရမည်ကို စိုးရိမ်ကြောင်း အေအက်ဖ်ပီသို့ ပြောသည်။
အသက်ရှင်ရပ်တည်နိုင်ရေး အလုပ်လုပ်ကိုင်နေသည့်လုပ်ငန်း ခွင်ဆုံးရှုံးသွားရပြီဖြစ်ကြောင်းနှင့် မည်သို့အဆုံးသတ်မည်ကိုမသိရသေးကြောင်း ၎င်းကဆက်ပြောသည်။ ရေနံ ယိုဖိတ်မှုမှာ ရက်ပ်ဆိုးလ်ကုမ္ပဏီ၏ မသိကျေးကျွန်ပြုမှုကြောင့် ဖြစ်သည်ဟု လည်း ၎င်းကဆက်ပြောသည်။
အနည်းစုသာငါးဖမ်းစက်လှေပိုင်ဆိုင်
မိရိုးဖလာ ငါးဖမ်းသမားများသည် နည်းပညာချို့တဲ့ပြီး ပမာဏ အနည်းငယ်ဖြင့်သာ ငါးဖမ်းမှု လုပ်ဆောင်သည်။ အများစုမှာ ကျောက်ဆောင်များကြားနှင့် ကမ်းခြေများတွင် ငါးဖမ်းမှုလုပ်ဆောင် လေ့ရှိသည်။ ငါးဖမ်းစက်လှေပိုင်ဆိုင်သည်မှာလည်း အနည်းစုသာ ဖြစ်သည်။ ကမ်းခြေမှ အနည်းငယ်ကွာဝေးသည့် နေရာသို့သာ သွားရောက်ငါးဖမ်းကြသည်။
ဗန်တန်နီလာခရိုင်တွင် ဖြစ်ပေါ်သည့် ရေနံယိုဖိတ်မှုမှာ ရေနံစည်ပေါင်း ၆၀၀၀ ကျော် ပင်လယ်အတွင်းသို့ ယိုဖိတ်မှုဖြစ် ပေါ်နေသည်။ ဘောလုံးကွင်း ၂၇၀ စာအကျယ်ရှိသော ပင်လယ်ပြင်၊ ကမ်းခြေနှင့် သဘာဝကြိုးဝိုင်းများတွင် ရေနံယိုဖိတ်မှုကြောင့် သက် ရောက်မှုဖြစ်ပေါ်ခဲ့သည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး ဌာနက ပြောသည်။
ကမ်းခြေသုံးခုပိတ်ထားရ
ယင်းသို့ရေနံယိုဖိတ်မှုကြောင့် အကာအကွယ်ပေးထားသည့် ဒေသနှစ်ခုမှ ရှားပါးတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ ထိခိုက်မှုဖြစ် စေခဲ့သည်ဟုလည်း ရှေ့နေချုပ်ရုံးက ပြောသည်။
ပင်လယ်ပြင်အတွင်း ရေနံများ ပေကျံကာ သေဆုံးနေကြသည့် ငါးများနှင့်ငှက်များကို အာဏာပိုင်များက ပြသခဲ့သည်။ ယင်းအခြေ အနေကြောင့် ကမ်းခြေ သုံးခု ပိတ်ထားရမည်ဖြစ်ရာ ရာနှင့်ချီသည့် ငါးဖမ်းသမားများအဖို့ အလုပ်လုပ်ကိုင်ရန် မဖြစ်နိုင်တော့ချေ။
နှစ်နှင့်ချီ၍ရှည်ကြာနိုင်
ရေနံယိုဖိတ်မှုဖြစ်ပေါ်နေသည့် နေရာများတွင် အတားအဆီး များ ချထားပြီး ပင်လယ်နှင့်မြေပြင်ကျွမ်းကျင်သူများကိုပါ တာဝန်ချ ထားသည်ဟု ရေနံချက်စက်ရုံမှ အာဏာပိုင်များက ပြောသည်။
သို့သော်လည်း ငါးဖမ်းသမားများမှာ ၎င်းတို့အလုပ်လုပ်ကိုင်ရာ နေရာများ တားမြစ်ပိတ်ပင်ခံရမှုမှာ ရှည်ကြာပြီး လုပ်ကိုင်စားသောက် ရန် မလွယ်ကူတော့မည်ကို စိုးရိမ်နေကြသည်။
ယင်း ဧရိယာတွင် အလုပ်လုပ်ကိုင်နေသည့် မိရိုးဖလာငါးဖမ်းသမား ၁၅၀၀ ရှိပြီး နေ့စဉ်ငါးဖမ်းခြင်းမှ အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာမှ ဒေါ်လာ ၃၀ ကြားရရှိသည်။
ယခုကြုံတွေ့ရသည့် သဘာဝကပ်ဘေးမှာ တစ်လ၊ နှစ်လနှင့် ပြီးသွားမည့်အရာမဟုတ်ဘဲ နှစ်နှင့်ချီ၍ ရှည်ကြာနိုင် သည်ဟု ငါးဖမ်းသမားတစ်ဦးဖြစ်သူ ရောဘတ်တိုကာလို့စ်အက်စ်ပင် နိုဇာက အေအက်ဖ်ပီသို့ ပြောသည်။
သတိပေးထား
“ဒီနေ့အတွက် လုပ်စရာမရှိ၊ ရှေ့ဆက်မည်သို့လုပ်ကိုင်ရမည် နည်း” ဟု ၎င်းက ဆက်ပြောသည်။ ရက်ပ်ဆိုးလ် ကုမ္ပဏီမှာ အရေးပေါ် အစီအစဉ် ကြိုတင်ပြင်ဆင်ထားမှု မရှိသည့်အတွက် ၎င်းက အပြစ်တင်ပြောကြားခဲ့သည်။ ရေနံယိုဖိတ်မှုများမှာ အိမ်နီးချင်း ခရိုင်များရှိ ကမ်းခြေများအထိရောက်ရှိခဲ့ပြီး ယင်းနေရာများတွင် ပင်လယ်ဖျံများနှင့် ပင်ဂွင်ငှက်အသေများကို တွေ့ရှိရသည်။ ကမ်းခြေ ၁၂ ခု ထိခိုက်မှုရှိသည့် အတွက် ရေလာချိုးသူများနှင့် ရေကူးသူများ လာရောက်ခြင်းမပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည်။
ရေနံချက်ကုမ္ပဏီဘက်မှ ဝန်ထမ်းများက သန့်စင်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြသော်လည်း မလွယ်ကူပေ။ ရေနံယိုဖိတ်မှုများကို သန့်စင်နိုင်ရေး အချိန်နှစ်နှစ်ယူရမည်ဟု သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဟောင်းဖြစ်သူ ဖာဘီယိုလာမြူနော့ဇ်က ပြောသည်။
ရှေ့နေများကလည်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုအတွက် ရေနံချက်စက်ရုံကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် တောင်းဆိုလာ သည်။ ယင်းအမှု အတွက် ရေနံချက်စက်ရုံပိုင်ရှင်မှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၅ သန်းအထိ ဒဏ်ငွေပေးဆောင်ရဖွယ်ရှိသည်။
မည်သူ့ကိုအပြစ်တင်ရမည်မသိ
ရေနံယိုဖိတ်မှုအတွက် မည်သူ့ကိုအပြစ်တင်ရမည်ကို သေချာ မသိသေးကြောင်းနှင့် ကုမ္ပဏီဘက်မှမူ ရုတ်တရက်ပေါ်ပေါက်လာသည့် လှိုင်းလုံးများကြောင့်ဟု အပြစ်တင်ထားကြောင်း ရက်ပ်ဆိုးလ်ကုမ္ပဏီ မှ ပြောရေးဆိုခွင့်ရှိသူ တိုင်းဗန်ဒန်ဝေါလ် ဘိတ်ခ်ရိုဒရိုဂုဇ် ကပြော သည်။
ယင်းလှိုင်းလုံးများကြောင့် ကုမ္ပဏီတွင်လည်း သက်ရောက်မှု ကြီးမားကြောင်း ၎င်းက ဆက်ပြောသည်။ ပမ်ပီလာ ရေနံချက်စက်ရုံမှာ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၁၇၀၀၀ ကို ထုတ်လုပ်ပေးနိုင်ပြီး ယင်းပမာဏမှာ ပီရူးနိုင်ငံ ရေနံထုတ်လုပ်မှုစုစုပေါင်း၏ တစ်ဝက်နီးပါး ရှိသည်။
ဝေဖန်မှုများနှင့်ရင်ဆိုင်နေရ
ယခုဖြစ်ရပ်ကြောင့် တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း ၆၀၀၀ ကျော် ညစ်ညမ်းမှုဖြစ်စေသည်ဟု ပီရူးအစိုးရက ခန့်မှန်းထားသည်။ ပင်လယ်ငှက်များနှင့် ဖျံများ သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး သဘာဝပတ်ဝန်း ကျင် အုပ်စုများက တိရစ္ဆာန်များကို ကယ်ဆယ်နိုင်ရေး ကြိုးပမ်း လျက်ရှိသည်။
ပီရူးကမ်းရိုးတန်းတွင် စိုးရိမ်ရသည့် ဂေဟဗေဒဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းဖြစ်သည်ဟု ပီရူးသမ္မတက ပြောသည်။
စပိန်ကုမ္ပဏီထံမှ လျော်ကြေးရရှိရန်လည်း တောင်းဆိုသွားမည့် အစီအစဉ်ရှိသည်ဟု သိရသည်။
ရေအောက်မီးတောင်ပေါက်ကွဲစဉ်က ပီရူးအာဏာ ပိုင်များသည် ဆူနာမီ ဖြစ်ပေါ်နိုင်သည်ဟူသော သတိပေး ချက်မျိုး မထုတ်ပြန်ခဲ့သည့် အတွက်လည်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ။
ကိုးကား - အေအက်ဖ်ပီ၊
အင်န်အိတ်ချ်ကေ