ဖောင်းပြင်မြို့နယ်၌ လူနာမရှိတော့သဖြင့် ကိုဗစ်-၁၉ စင်တာနှစ်ခုကို ပိတ်သိမ်း

 

 

ဖောင်းပြင်  အောက်တိုဘာ  ၃၀


စစ်ကိုင်းတိုင်းဒေသကြီး    ဖောင်းပြင်မြို့နယ် အတွင်း ကိုဗစ်-၁၉  ရောဂါကူးစက်ခံရသူများ အား   ပြည်သူ့ကျန်းမာရေးဌာနနှင့်  မင်းကွန်း ဓမ္မရိပ်သာတို့၌    စောင့်ကြည့်ကုသရေးစင်တာ များ          ဖွင့်လှစ်၍  စောင့်ကြည့်ကုသပေးခဲ့ရာ ယခုအခါ  ရောဂါပိုး  ထပ်မံတွေ့ရှိရမှု မရှိခြင်း နှင့်    လူနာများအားလုံး     ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ  အားလုံးဆင်းခွင့်ရခြင်း ကြောင့်  စင်တာများကို  မြို့နယ်  ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊    ထိန်းချုပ်၊    ကုသရေး ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့်  ယမန်နေ့က ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်   မြို့နယ်အဆင့်   ဌာနဆိုင်ရာများ၊     စေတနာ့ဝန်ထမ်းများ  စုစုပေါင်း ၇၅ ဦး  ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ပြီး ပိုးတွေ့ရှိသူများအား  ပြုစုစောင့်ရှောက် ပေးရာတွင်    စေတနာ့ဝန်ထမ်း  ရှစ်ဦးပါဝင် ကြောင်း၊       ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ    အောက်တိုဘာလပထမပတ်မှ        စတင် လျော့ကျလာခဲ့ပြီး   ၂၁ ရက်မှ  ၂၉ ရက်အထိ ရောဂါပိုးတွေ့ရှိသူ  မရှိခဲ့ကြောင်း    မြို့နယ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးကော်မတီထံမှ သိရသည်။

 


မြို့နယ်အတွင်း     ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူများကို   ဇွန် ၂၃ ရက်က စတင် တွေ့ရှိခဲ့ပြီး အောက်တိုဘာ ၂၉ ရက်အထိ    ရောဂါပိုးတွေ့ရှိသူ  စုစုပေါင်း   ၇၄၄ ဦးရှိကာ    ကျန်းမာရေးကောင်းမွန်၍  ဆေးရုံမှဆင်းခွင့် ရရှိသူ ၇၁၉ ဦး၊ သေဆုံးသူ ၂၅ ဦးရှိကြောင်း    မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ    သိရ သည်။                      

ကိုထွန်း(ဖောင်းပြင်)