ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံရေး အသိပေးနှိုးဆော်ချက်

 

၁။    ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတကာနှင့်  အိမ်နီးချင်းနိုင်ငံအချို့တွင် ဖြစ်ပွားမှုများပြားလျက် ရှိပါသည်။ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို ပြည်ပမှ ဝင်ရောက်  လာသူများနှင့် ပြည်တွင်းကူးစက်ခံရသူများတွင် တွေ့ရှိနေရပြီး ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းအစုလိုက်ကူးစက်မှုများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရပါသည်။ 
၂။    ရောဂါကူးစက်ပြန့်ပွားမှုများအား လျော့ကျစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် -


    (က)    ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းကိုအခန်းတွင်း၌  လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေခြင်း၊  အများပြည်သူအသုံးပြုသောယာဉ်များဖြင့် ခရီးသွားလာခြင်း၊ အများပြည်သူ ဝင်/ထွက်သွားလာ အသုံးပြုသော ဆေးရုံ/ကျန်းမာရေးဌာနများ၊ ရုံးများ၊ သင်တန်းများ၊ ကျောင်းများ၊ ဈေးများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူစုလူဝေးရှိရာ နေရာများတွင် မဖြစ်မနေတပ်ဆင်ရန်၊


    (ခ)    ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်းစသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ တစ်ခုခုရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့ရန် လိုအပ်ပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းကို မဖြစ်မနေဆောင်ရွက်ရန်၊


    (ဂ)    ရုံးဌာနများသို့ ဖြန့်ဝေထားပြီးဖြစ်သည့် ရုံးဌာနများ၊ လုပ်ငန်းခွင်များအတွက် ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန်၊ 


    (ဃ)     ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံထားခြင်းအားဖြင့်  ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သည်ဖြစ်ရာ အသက် ၅ နှစ်နှင့် အထက်ရှိသူ အားလုံးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံ ထားရှိရန် လိုအပ်သည့်အပြင် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ကာလ ၆ လရှိနေသော ပြည်သူများသည်လည်း ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများ ထပ်မံထိုးနှံရန် လိုအပ်ပါသည်။

 


၃။    သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ ကို တိကျစွာ လိုက်နာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက် ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။


        ကျန်းမာရေးဝန်ကြီးဌာန
        ၃၀-၈-၂၀၂၂