
သာယာဝတီ ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်း က သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ သည် သာယာဝတီမြို့နယ် ကျွဲသတ်ကြီးကျေးရွာ၌ GW-11 နွေစပါး ငါးဧက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုနှင့် လက်ပံတန်းမြို့နယ် ဂွေးတောက် ကွင်းကျေးရွာ၌ အစေ့ချစနစ်ဖြင့် စိုက်ပျိုးထားသည့် နွေစပါး ဧက ၃၀ အား သမန်းနှိုးခြင်း၊ မြေဩဇာ ကြဲပက်ခြင်း ဆောင်ရွက်နေမှုတို့ကို သွားရောက် ကြည့်ရှုပြီး နွေစပါးစိုက်တောင်သူများ စိုက်ပျိုးရေ ရရှိရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ ပန်းတိုင်အထွက် နှုန်းရရှိရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တောင်သူစိတ်ကြိုက် သွင်းအားစု များ အချိန်မီရရှိစေရေး တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် အုတ်ဖိုမြို့နယ် ငါးသားဖောက် စခန်းရှိ ငါးတန်၊ ရေချိုငါးမုတ်၊ ငါးကျည်း၊ ငါးခူ၊ ငါးပြေမ၊ ငါးမြစ်ချင်း၊ ငါးဖန်းမနှင့် ငါးခုံးမကြီး ငါးသားဖောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုနေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး အုတ်ဖိုမြို့နယ် အေးမြ သာယာ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကာ ပျက်စီးနေသည့် စာသင်ဆောင်နှင့် စာသင်ခုံများ ပြန်လည်ပြင်ဆင်နိုင်ရေး တာဝန်ရှိသူများ အား မှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အုတ်ဖိုမြို့နယ် အေးမြသာယာစက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် အေးမြသာယာ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်လူနာများအား အားပေး စကားပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်လူနာများအား ထောက်ပံ့ငွေများပေးအပ် သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကြို့ပင်ကောက်မြို့ ဆည်မြောင်းနှင့် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန၊ တည်ဆောက် ရေး(၂) ရှင်းလင်းဆောင်၌ နွေစပါးတို့ချဲ့ စိုက်ပျိုး နိုင်ရေးနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးက ရှင်းလင်တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေရှိရေးအတွက် ရေပေးမြောင်းတူးဖော် နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နွေစပါးစိုက် ဧကများအားလုံး အစေ့ချစနစ်ဖြင့်သာ စိုက်ပျိုးသွား ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး နွေစပါးတိုးချဲ့ စိုက်ပျိုးရန် ဘော်ဘင်ဆည်ရေသောက် ကျွဲဘိ အောင်ပင်သာ တူးမြောင်းတူးဖော်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ကြို့ပင် ကောက်မြို့ ရေပေးဝေရေးစက်ရုံကို ကြည့်ရှု စစ်ဆေးပြီး ပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိစေရေးနှင့် ရေစစ်ကန်များ၊ ရေစုကန်များ သန့်ရှင်းသပ်ရပ်စေရေး တာဝန်ရှိ သူများအား မှာကြားကြောင်း သိရသည်။
တင်စိုး(ပဲခူး)