ပဲခူးတိုင်းဒေသကြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးအခြေခံသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်ရေး ညှိနှိုင်း

 

 

နေပြည်တော်   ဒီဇင်ဘာ   ၆
ပဲခူးတိုင်းဒေသကြီး၏   လယ်ယာကဏ္ဍ   ဖွံ့ဖြိုး တိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်ရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို      ယနေ့     နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးခန်းမ၌     ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ပဲခူးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။
နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်
ဆွေးနွေးပွဲတွင် မိုးစပါးနှင့် နွေစပါး အထွက်နှုန်း တိုးရေး၊  မြေဆီလွှာကောင်းမွန်ရေးနှင့်  ဓာတ်မြေ ဩဇာ   ထိရောက်စွာ  သုံးစွဲရေးကြိုးပမ်းလျက်ရှိရာ ရေရှည်တည်တံ့သော မြေအသုံးချမှုနည်းပညာများ ထိထိရောက်ရောက်   ဖြန့်ဖြူးပေးရန်နှင့်  သစ်စိမ်း မြေဩဇာ အသုံးပြုမှု ပိုမိုကျယ်ပြန့်စွာဆောင်ရွက်ရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆည်ရေသောက်များ တွင်    ဖြူးချောင်းတမံ   ရေသောက်ဧရိယာကဲ့သို့  မိုးစပါးနှင့် နွေစပါးကြားတွင် ပဲသီးနှံ ထည့်သွင်း၍ တစ်နှစ်သုံးသီး   စိုက်ပျိုးနိုင်ရေး   စီမံဆောင်ရွက် ပေးခြင်းဖြင့် တောင်သူအတွက် ဝင်ငွေတိုးတက်ရရှိ စေရေး ဆောင်ရွက်ရန်နှင့် ဈေးကွက်ရှိပြီး တောင်သူ များ စိတ်ဝင်စားသည့် မတ်ပဲ၊ ပဲတီစိမ်း သီးနှံများတိုးချဲ့ စိုက်ပျိုးရေး၊  ဒေသ၏   စားသုံးဆီဖူလုံရေးအတွက် အခြေအနေပေးသည့်ဒေသများတွင်    နေကြာနှင့် နွေနှမ်း စိုက်ပျိုးရန်၊ လိုအပ်ချက်များကို ဦးစီးဌာနများ အလိုက် ကူညီပေးရန်၊ ဝင်ငွေရ နှစ်ရှည်သီးနှံ သီဟိုဠ်၊ မြေပြန့်ကော်ဖီနှင့်   ငရုတ်ကောင်း    စိုက်ပျိုးရေး၊ ဈေးကွက်    အလားအလာကောင်းသည့်   ရာသီပင် ပီလောပီနံစိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့် မျိုးစေ့ များဖူလုံစွာ   သုံးစွဲနိုင်ရေးအတွက်  ဝန်ကြီးဌာနက မိဘမျိုးနှင့်   နည်းပညာများ   ကူညီပေးမည့်  အခြေ အနေများ၊ ပုဂ္ဂလိက မျိုးစေ့ထုတ် လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ် တောင်သူများအတွက် ပံ့ပိုးဖြည့်ဆည်း ပေးရန် လိုအပ်ချက်များ၊ ဝက်၊ နွား၊ ဆိတ်၊ ကြက် မွေးမြူရေးတိုးမြှင့်ရန်၊    တိရစ္ဆာန်အစာမြက်များ စိုက်ပျိုးကျွေးမွေးခြင်းနှင့်  နွားစာ  ချဉ်ဖတ်  ပြုလုပ် သုံးစွဲရေးအတွက် ပညာပေးဆောင်ရွက်ရန်၊ အဆင့်မီ သားသတ်ရုံနှင့်  အေးခဲသိုလှောင်ရုံ လိုအပ်ချက်များ နှင့် တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်နိုင်ရေးအတွက် လယ်ယာထွက်ကုန် အခြေခံစက်မှုဇုန်များဆောင်ရွက် ရန်၊ ဆည်တမံများနှင့် သဘာဝရေပြင်ကျယ်များတွင် လှောင်အိမ်စနစ် စီးပွားဖြစ် ငါးမွေးမြူရေး အောင်မြင် အောင် ဆောင်ရွက်ရန်၊ စစ်တောင်းမြစ်ရေ တိုက်စား မှုမှ စိုက်ပျိုးမြေများဆုံးရှုံးမှု လျှော့ချကာကွယ်နိုင်ရေး အတွက်  ဆက်စပ်ဌာနများပူးပေါင်း၍  နည်းလမ်း မျိုးစုံဖြင့်    ဆောင်ရွက်ရန်၊    ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးစီးပွားလုပ်ငန်းများ    ဖြစ်စေရေးအတွက် ပြည်ထောင်စုနှင့်  တိုင်းဒေသကြီးနှင့် ပြည်နယ်များ ၏   စီမံကိန်းစီမံချက်နှင့်  ရန်ပုံငွေလျာထားမှုများ ဟန်ချက်ညီ ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များ ကို ဆွေးနွေးကြသည်။
ထိရောက်စွာအသုံးပြု
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိ သူများသည် ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှုဌာနခွဲ (ပဲခူး)သို့ ရောက်ရှိကြပြီး တည်ဆောက်ရေးပစ္စည်း များ စမ်းသပ်ခြင်းနှင့် ဆည်တာတမံနှင့် ရေပေးဝေမှု ဒီဇိုင်းများ    ရေးဆွဲအကောင်အထည်ဖော်ရာတွင် စကေးကိုက်ပုံစံငယ်များ တည်ဆောက်၍ ပုံစံထုတ် ခြင်းလုပ်ငန်းများ  ဆောင်ရွက်နေမှု၊  သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့မှုများနှင့်     ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများ၊ သုတေသနလုပ်ငန်းများနှင့်   နည်းပညာ   ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းဆိုင်ရာများကို     ကြည့်ရှု စစ်ဆေးကာ  ခေတ်မီ အီလက်ထရွန်နစ် ဆက်သွယ် ရေးနည်းပညာကို  ထိရောက်စွာအသုံးပြု၍   နိုင်ငံ တကာ၏    သုတေသနဖော်ထုတ်တွေ့ရှိချက်များ၊ နောက်ဆုံးပေါ် နည်းပညာများကို တိုးတက်လေ့လာ ကြရန်     လိုအပ်သကဲ့သို့      မိမိရေမြေဒေသနှင့် လိုက်လျောညီထွေပြီး လက်တွေ့အကျိုးများစေမည့် နည်းပညာသစ်များ    ဖော်ထုတ်အသုံးပြုနိုင်ရေး ကြိုးပမ်းကြရန်နှင့် လူသားအရင်းအမြစ်များ တိုးပွား ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိ သူများက ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်