
ပဲခူး နိုဝင်ဘာ ၇
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ အနောက် ဘက်မုခ်၌ ရွေ့လျားစက်လှေကား ဖွင့်ပွဲနှင့် မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲတို့ကို ယမန်နေ့ ညနေ ပိုင်းက အဆိုပါစေတီတော်၌ ကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် အခမ်း အနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြပြီး ကြွရောက်လာသည့် ဩဝါဒါ စရိယ ဆရာတော်ကြီးများက ဇယန္တော ဗောဓိယာမူလေ အောင်ဂါထာကို ရွတ်ဆိုကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စက်ခလုတ်နှိပ်၍ စက်လှေကားကို စတင်မောင်းနှင် ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို အမွှေးနံ့သာ ရည်ဖြင့် ပက်ဖျန်းပေးသည်။
ယင်းနောက် ရေစက်ချအလှူ တော် မင်္ဂလာအခမ်းအနားကို ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်း တောင်းဓမ္မာရုံ၌ ဆက်လက် ကျင်းပရာ နိုင်ငံတော်ဩဝါဒါစရိယ မြို့မစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဂန္ဓမာ အဘိဓဇ မဟာရဋ္ဌဂုရု မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက် ထားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းပေး ဝေကြသည်။
ထို့နောက် ပဲခူးမြို့ ဆုတောင်း ပြည့် ရွှေမော်ဓောစေတီတော် မြတ်ကြီး၌ (၄၁) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်း ပူဇော်ပွဲကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေး ကျော်နှင့် အလှည့်ကျဂေါပက ဦးထွန်းမြိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မင်္ဂလာမောင်း သုံးချက်တီးကာ မသိုးသင်္ကန်း စတင်ရက်လုပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယှဉ်ပြိုင် ရက်လုပ်နေသည့် ဂေါတမီ စင်တော်၊ ယသော်ဓရာစင်တော်၊ ဝိသာခါစင်တော်၊ ရှင်စောပု စင်တော်၊ ရာဇဓာတုကလျာ စင်တော်နှင့် သုဇာတစင်တော် ရက်ကန်းအဖွဲ့များ မသိုး သင်္ကန်း ရက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးကြ သည်။
ထို့နောက် ညပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍ တန်ဆောင်တိုင်ပွဲ တော်အကြို မီးပုံးပျံလွှတ်တင် ပူဇော်ပွဲကို ဆက်လက်ကျင်းပ ရာ အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ များက စိန်နားပန်နှင့် အရုပ်မီးပုံး အကြီးရှစ်လုံး၊ မီးပုံးပျံအသေး အလုံး ၅၀၀ တို့ကို လွှတ်တင် ပူဇော်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်စင်များမှ ရက်လုပ်ခဲ့ သည့် မသိုးသင်္ကန်းများကို ဆုတောင်းပြည့် ရွှေမော်ဓောစေတီ တော်မြတ်ကြီး မုခ်အသီးသီးရှိ ဘုရား ဆင်းတုတော်များအား ဆက်ကပ် လှူဒါန်းပေးကြောင်း သိရသည်။
သတင်းစဉ်