
ပြည်တွင်းလိုအပ်ချက်ကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်ပသွင်းကုန်များ လျှော့ချနိုင်မည်
နေပြည်တော် နိုဝင်ဘာ ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြ သည့် ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ချည်မျှင် နှင့် အထည်စက်ရုံ (သမိုင်း)နှင့် မြန်မာ့ ဆေးဝါးစက်ရုံ(အင်းစိန်)တို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် အား တပ်မတော်ချည်မျှင်နှင့် အထည် စက်ရုံ(သမိုင်း) စက်ရုံအစည်းအဝေးခန်းမ တွင် စက်ရုံမှူး ဦးခိုင်ရွှေက စက်ရုံသမိုင်း အကျဉ်းနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက် နေမှုအခြေအနေ၊ စက်ရုံမှ ချည်မျှင်များ၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်း များအား အရည်အသွေး ပြည့်မီစွာဖြင့် ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်၍
P ရှေ့ဖုံးမှ
တပ်မတော်၏ လိုအပ်ချက်များနှင့် ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနိုင်မှုအခြေအနေ၊ တိုင်းရင်းသားများ နှင့် ကျေးလက်နေ ပြည်သူလူထု ဝယ်ယူသုံးစွဲနိုင်မည့် ပစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိမှုအခြေအနေ၊ သင်္ကန်းများအားဝိနည်းတော်နှင့်အညီ ထုတ်လုပ်ရောင်းချနိုင်ရေး ဆရာတော်ကြီးများ၏ ဩဝါဒများခံယူ၍ ဆောင်ရွက် လျက်ရှိမှုအခြေအနေ၊ စက်ရုံသန့်ရှင်းသပ်ရပ်ရေး၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက် ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
စက်များစွမ်းအားပြည့် လည်ပတ်နိုင်ရေး
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က မိမိတို့နိုင်ငံတွင် ချည်မျှင်နှင့်အထည် ထုတ်လုပ် သုံးစွဲမှုတွင် လိုအပ်ချက်များရှိသဖြင့် ပြည်တွင်း၌ စက်ရုံများ တည်ဆောက်ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်ပသွင်းကုန်များ လျှော့ချရန်အတွက် ပြည်တွင်းစက်ရုံများမှ လုံလောက်စွာ ထုတ်လုပ်နိုင် ရန်လိုကြောင်း၊ စက်များစွမ်းအားပြည့် လည်ပတ်နိုင် ရေးအတွက် စက်များကြံ့ခိုင်မှုရှိရန် လိုအပ်သဖြင့် ထိန်းသိမ်းမှုများအား စဉ်ဆက်မပြတ် ပြုလုပ်နေ ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် စက်ရုံသန့်ရှင်းရေးနှင့် စက်ပစ္စည်းများ ကြံ့ခိုင်မှုရှိပြီး ယိုယွင်းမှုမရှိစေရေး အသေးစိတ်မှအစ ထိန်းသိမ်းဂရုပြု ဆောင်ရွက်ကြ ရန်လိုကြောင်း၊ စက်ရုံအတွင်း လေဝင်လေထွက် ကောင်းမွန်မှုမရှိခြင်းသည် ဝန်ထမ်းများ၏ ကျန်းမာ ရေးထိခိုက်မှုကို ဖြစ်စေနိုင်ပြီး လုပ်ငန်းခွင်တွင် လုပ်အားများ ဆုံးရှုံးမှုရှိစေနိုင်ကြောင်း၊ ယခုကာလ သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ ဖြစ်သဖြင့် ဝန်ထမ်းများ ကျန်းမာရေးကောင်းမွန်စေ ရေးကို အထူးဂရုပြု ဆောင်ရွက်ရန်လိုကြောင်း။
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူတို့၏ အသုံးအဆောင် အဝတ်အထည်ပစ္စည်း များအား ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဥပမာအားဖြင့် မျက်နှာသုတ်ပဝါ၊ စွပ်ကျယ်၊ စောင်၊ ခြင်ထောင်များ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမြတ်ကို အဓိက မထားဘဲ ပြည်သူများ ဈေးနှုန်းသက်သာစွာရရှိရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ စက်စွမ်းအားပြည့် လည်ပတ်၍ ပြည်တွင်းလိုအပ်ချက်ကို တတ်စွမ်း သရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ပြည်ပ သွင်းကုန်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အဝတ်အထည်များအား အရည်အသွေး ပြည့်မီစွာဖြင့် အဆင့်အတန်းမီထုတ်လုပ်၍ ပြည်တွင်း ဈေးကွက်တွင် ရောင်းချနိုင်ရန်လိုကြောင်း၊ အဝတ် အထည်များအား အရောင်အသွေးစုံလင်စွာဖြင့် ဈေးကွက်အတွင်း လူကြိုက်များသည့် ပုံစံအမျိုးအစား အလိုက် ထုတ်လုပ်ရောင်းချသွားရန်လိုကြောင်း။
များစွာလိုအပ်လျက်ရှိ
အခြားဈေးကွက်လိုအပ်ချက်ရှိသည့် ဟိုတယ် သုံးပစ္စည်းများနှင့် ပုဂ္ဂလိကသုံးပစ္စည်းများကိုလည်း အရည်အသွေးပြည့်မီစွာ ထုတ်လုပ်၍ ဈေးကွက် ရရှိရေး စဉ်းစားဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ လုပ်ငန်း အောင်မြင်တိုးတက်စေရေးအတွက် သုတေသနပြုလုပ်ငန်းများအား ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး ပြည်တွင်း၌ ချည်ထည်အသုံး အဆောင်များနှင့် အဝတ်အထည်ပစ္စည်းများ များစွာ လိုအပ်လျက်ရှိကြောင်း၊ ချည်ထည်များ ထုတ်လုပ်နိုင် ရန် အဓိကအကျဆုံးဖြစ်သည့် ဝါစိုက်ပျိုးမှုများအား တိုးချဲ့ဆောင်ရွက်ရန်နှင့် စိုက်ပျိုးသည့် ဝါများ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝါများ အထွက်နှုန်း တိုးအောင်ဆောင်ရွက်နိုင်ခြင်းဖြင့် ဝါစိုက်တောင်သူ များ၏ လူမှုစီးပွားဘဝ တိုးတက်မည်ဖြစ်သကဲ့သို့ ပြည်တွင်းလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင် မည်ဖြစ်ကြောင်း၊ ဝါထွက်ကုန်များမှတစ်ဆင့် ဝါဂွမ်း ကိုသာမက ဝါစေ့ဆီနှင့် ဝါကြိတ်ဖတ်များကိုလည်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ဝါထွက်ကုန် ဖြစ်သည့် ဝါစေ့ဆီမှ စားဆီနှင့် စက်သုံးဆီများ၊ ဝါကြိတ်ဖတ်များအား တိရစ္ဆာန်အစာထုတ်လုပ်ခြင်း များကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းဝါစိုက်ပျိုးမှု တိုးတက်စေရေး ဝါစိုက်တောင်သူများအား နိုင်ငံတော်မှ ကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ချည်မျှင်နှင့် အထည်စက်ရုံများသည် နိုင်ငံအတွက် လွန်စွာအကျိုး ရှိသည့် စက်ရုံများဖြစ်သဖြင့် နိုင်ငံ့လိုအပ်ချက်များ အား ပြည့်မီစွာထုတ်လုပ်၍ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် အဝတ်အထည်များအား အသုံးပြု နိုင်ရေး စနစ်တကျ စဉ်းစားသုံးသပ် ဆောင်ရွက်ကြ ရန်လိုကြောင်းမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ခင်းကျင်းပြသထား သည့် စက်ရုံထုတ် အဝတ်အထည်ပစ္စည်းများကို ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း ချည်မျှင်နှင့် အထည်များအား အဆင့်ဆင့်ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံမှူးနှင့် တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ စက်ရုံဝန်ထမ်း များအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
အဆိုပါ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (သမိုင်း)မှ ချည်မျှင်ညို၊ တက်ထရက်ပိတ်ညို၊ စွပ်ကျယ်ပိတ်ညို၊ ပဝါပိတ်ညို၊ သင်္ကန်းများ၊ တက်ထရက် ပိတ်ရောင်စုံ၊ စွပ်ကျယ် ပိတ်ရောင်စုံ၊ ပဝါရောင်စုံ၊ တီရှပ်မျိုးစုံ၊ စပို့ရှပ်မျိုးစုံ၊ နိုင်လွန်တာ ဖက်တာများ၊ ဆေးဂွမ်းလိပ်များ၊ အိပ်ရာခင်းရောင်စုံ တို့အပြင် အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်း အမျိုးမျိုးတို့ကို အရည်အသွေးပြည့်မီစွာ ထုတ်လုပ်၍ တပ်မတော်၏ လိုအပ်ချက်နှင့် ပြည်တွင်းဈေးကွက် လိုအပ်ချက်အား ဈေးနှုန်းသက်သာစွာဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ရှင်းလင်းတင်ပြ
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးစက်ရုံ (အင်းစိန်)သို့ ရောက်ရှိကြပြီး စက်ရုံမှ ထုတ်လုပ်ထား သည့် ဆေးပစ္စည်းများအား ကြည့်ရှုကာ စက်ရုံ အစည်းအဝေးခန်းမတွင် စက်ရုံမှူး ဦးသောင်းဦးက စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံဖွဲ့စည်းမှု၊ စက်ရုံမှ ဆေးဝါးများ ထုတ်လုပ်နေမှုနှင့် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေ၊ မြွေဆိပ်ဖြေဆေးများ အဆင့်ဆင့် ထုတ်လုပ်နေမှုအခြေအနေ၊ စက်ရုံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်(6 M)ဆိုင်ရာ စိစစ် သုံးသပ်ချက်အခြေအနေ၊ နည်းပညာမြင့် စက်များ တပ်ဆင်အသုံးပြုလျက်ရှိမှုအခြေအနေ၊ ကုန်ကြမ်း ရရှိ၊ သုံးစွဲမှုအခြေအနေ၊ ဆေးဝါးများထုတ်လုပ်ရာ တွင် လိုက်နာဆောင်ရွက်လျက်ရှိသည့် နည်းစဉ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ ပုဂ္ဂလိကဆေးဝါးစက်ရုံ များအား ကူညီဆောင်ရွက်ပေးနေမှုနှင့် ပြည်ပမှ တင်သွင်းလျက်ရှိသည့် ဆေးဝါးများအား အစားထိုး နိုင်ရေးအတွက် စက်ရုံမှ ထုတ်လုပ်သွားမည့်အခြေ အနေနှင့် ပြည်တွင်း၌ ကိုဗစ် -၁၉ ရောဂါကာကွယ် ဆေးထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆေးထုတ်လုပ်မှုနှင့်ပတ်သက်၍ မြန်မာ့ဆေးဝါးစက်ရုံ (အင်းစိန်)သည် ကောင်းမွန်သည့် သမိုင်းကြောင်းများ ရှိသည့် ဆေးဝါးထုတ်လုပ်ရေးစက်ရုံဖြစ်ကြောင်း၊ ထို့ကြောင့် စက်ရုံနှင့် ပတ်သက်သည့် သမိုင်းကြောင်း မှတ်တမ်းများအား စနစ်တကျဖြင့် ထိန်းသိမ်း ထားရှိရန်လိုအပ်ကြောင်း၊ ဆေးဝါးထုတ်လုပ်ရာတွင် အမြတ်ရရှိမှုကို အဓိကမထားဘဲ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ဦးစားပေး စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ ဆေးဝါးများ ထုတ်လုပ်ရာတွင် ဆေးများ၏အရည်အသွေး ပြည့်မီရန် လိုအပ်သကဲ့သို့ ထုပ်ပိုးမှုပုံစံများ ကောင်းမွန် ရန်လိုအပ်ကြောင်း၊ ပြည်သူများ အမှန်တကယ် လိုအပ်သည့် ဆေးဝါးများ ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်ပေးနိုင်ရန်လိုကြောင်း။
မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား နိုင်ငံတော်အစိုးရမှ အပြည့်အဝဆောင်ရွက်ပေးနိုင်ရေးအတွက် အစီအစဉ် ရေးဆွဲ၍ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးဝါး ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းများ လုံလောက်စွာ ရရှိရေးနှင့် စက်ရုံမှထုတ်လုပ်သည့် ဆေးဝါးများအား ဖြန့်ဖြူးနိုင်ရေး ဈေးကွက်သုတေသနပြု ဆောင်ရွက် နေရန်လိုကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူများ၏ ကျန်းမာရေးအခြေအနေများအား သုတေသနပြုလုပ်၍ လိုအပ်သည့် ဆေးဝါးများအား ထုတ်လုပ်ဖြန့်ဖြူး ရောင်းချ နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စက်ရုံ အနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း၊ ပြည်ပမှတင်သွင်းလျက်ရှိသည့်ဆေးဝါး များအား ဈေးကွက် သုတေသနပြုလုပ် ဆောင်ရွက်၍ ပြည်ပတင်သွင်းမှု လျှော့ချနိုင်ရေးအတွက် စက်ရုံမှ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့် လိုအပ်သည့် စက်ပစ္စည်းများအား ထပ်မံဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။
ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့် ပတ်သက်၍ ဆေးစတင် ထုတ်လုပ်နိုင်သည့် အချိန်မှ စ၍ ပြည်သူများအတွက် လိုအပ်ချက်များ ပြည့်မီစွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ ထုတ်လုပ်သည့် ဆေးဝါးများ၏အရည်အသွေးနှင့် ဈေးနှုန်းများကို ပြည်ပဈေးကွက်ဖြင့် ယှဉ်နိုင်ရန် လိုကြောင်း၊ အခြားအရေးကြီး ဆေးဝါးများမှအပ ပြည်ပမှတင်သွင်းသည့်ဆေးနှင့် မိမိတို့စက်ရုံမှ ထုတ်လုပ်သည့် အမျိုးအစားတူ အခြေခံဆေးဝါး များ၏ ဈေးနှုန်းများကို နှိုင်းယှဉ်၍ ခိုင်မာသည့် ဈေးနှုန်း၊ ဈေးကွက် အဖြစ်ရပ်တည် နေအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက် များအား ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်၍ ပြည်ပမှတင်သွင်းမှုကိုလျှော့ချနိုင်ပါက ပြည်ပငွေ သုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
တိုးမြှင့်ထုတ်လုပ်သွားရန်လို
နိုင်ငံအတွက်အကျိုးရှိသည့် စက်ရုံဖြစ်သဖြင့် ပြည်တွင်းလိုအပ်ချက်များအား လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မိမိတို့ထုတ်နိုင်သည့် ဆေးဝါးများအား တိုးမြှင့်ထုတ်လုပ်သွားရန်လို ကြောင်း၊ ပြည်တွင်း ပုဂ္ဂလိကဆေးဝါးစက်ရုံများကို လည်း အားပေးကူညီမှုများ ဆောင်ရွက်ပေးသွားရန် လိုကြောင်း မှာကြားပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာလအတွင်း ယခု မြန်မာ့ဆေးဝါးစက်ရုံ (အင်းစိန်)မှ ဝန်ထမ်းများအနေဖြင့် နားရက်မရှိ တာဝန် ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်၏ ကျန်းမာရေးအခန်း ကဏ္ဍကို များစွာအထောက်အကူပြုခဲ့သည့်အတွက် လည်း အသိအမှတ်ပြုချီးကျူးပါကြောင်း ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်းရှိ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာန၊ ပဋိဇီဝဆေးဝါးထုတ်လုပ်ရေးဌာန၊ အရည်အသွေး ထိန်းသိမ်းရေးဌာန၊ ဆေးဝါးထုတ်လုပ်မှုဌာနတို့ အတွင်း လှည့်လည်ကြည့်ရှု၍ ကောင်းမွန်သည့် ထိန်းသိမ်းထားသိုမှုကျင့်စဉ်နှင့်အညီ ကုန်ကြမ်း၊ ကုန်ချောနှင့် ထုပ်ပိုးပစ္စည်းများ သိုလှောင်ထားရှိမှု တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံမှူးနှင့် တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
မှတ်တမ်းကောင်းရှိသည့် ဆေးဝါးစက်ရုံကြီး
အဆိုပါ မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)ကို ၁၉၅၄ ခုနှစ် ဧပြီ ၂၃ ရက်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၅၇ ခုနှစ် ဩဂုတ် ၂၃ ရက်တွင် တည်ဆောက်ပြီးစီး ခဲ့ကာ ၁၉၅၈ ခုနှစ် ဧပြီ ၂၃ ရက်တွင် စက်ရုံဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၅၄ ခုနှစ်တွင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးနုက အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူပေးခဲ့ပြီး စက်ရုံတည်ဆောက် ပြီးစီးခဲ့သည့် ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမောင် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ စက်ရုံ အနေဖြင့် ခေတ်အဆက်ဆက်နိုင်ငံတော်မှ လိုအပ် သည့် ဆေးဝါးများကို ထုတ်လုပ်ပေးနိုင်ခဲ့သည့် သမိုင်း မှတ်တမ်းကောင်းရှိသည့် ဆေးဝါးစက်ရုံကြီးတစ်ခု ဖြစ်ပြီး လက်ရှိတွင်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO Guidelines အတိုင်း တိကျစွာ လိုက်နာကာ ပြည်သူများအတွက် အရည်အသွေးကောင်းမွန် ယုံကြည်စိတ်ချရသည့် ဆေးဝါးအမယ်ပေါင်း ၁၉၅ မျိုးကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်