ယခုလ  ၈ ရက်အထိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂ သန်း ၃ သိန်း ၅ ထောင်ကျော် တက်ရောက်လျက်ရှိ ကျောင်းစတင်ဖွင့်လှစ်ချိန်နှင့် တွက်ချက်ပါက  တစ်ပတ်အတွင်း ကျောင်းသား  ၁ သန်းကျော် ထပ်မံတိုးတက်လာ

 

 

နေပြည်တော်   နိုဝင်ဘာ   ၉


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၇/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ရှိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး   အစည်းအဝေးခန်းမ၌  ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီး   မြထွန်းဦး၊   ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊   ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး  မိုးမြင့်ထွန်း၊  မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊      ဦးမောင်းဟာ၊    ဦးစိုင်းလုံးဆိုင်၊  စောဒန်နီယယ်၊      ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ် ကြီး   အောင်လင်းဒွေးနှင့်   တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး   ရဲဝင်းဦးတို့  တက်ရောက်ကြ သည်။
ထပ်မံလျှော့ချပေးသွားမည်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က        အဖွင့်အမှာစကား ပြောကြားရာတွင်  ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာ၌ အောက်တိုဘာလကုန်တွင်   ၃  ရာခိုင်နှုန်းအထိ ကူးစက်မှုနှုန်း ကျဆင်းစေရန် ရည်မှန်းဆောင်ရွက် ခဲ့ကြောင်း၊ နိုင်ငံတော်အတွက် အဓိကလိုအပ်ချက် ဖြစ်သည့် ကျောင်းများပြန်လည်ဖွင့်လှစ်ရေး၊ ရပ်နား ထားရသည့်လုပ်ငန်းများနှင့် ယန္တရားများပြန်လည် လည်ပတ်ရေးများကို   ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ် -၁၉ ကူးစက်မှုနှုန်း ကျဆင်းရေးရည်မှန်း ချက်ထားဆောင်ရွက်ခဲ့ရာတွင် ၃ ရာခိုင်နှုန်းအထိ မရောက်ရှိသော်လည်း ၄ ရာခိုင်နှုန်းခန့်သာ ရှိတော့ ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားမှု နှုန်းများလျက်ရှိသည့် မြို့နယ် ၁၅ မြို့နယ်ခန့်ကို ဖယ်ထုတ်လိုက်ပါက ကူးစက်မှုနှုန်း ၃ ရာခိုင်နှုန်း အောက်သို့ ရောက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားသည့်   မြို့နယ်များ၌ ရောဂါထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက်  ကျန်းမာရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး   ဦးဆောင်သည့်  အထူးအဖွဲ့ဖွဲ့စည်း၍ နယ်မြေသုံးခုခွဲကာ ထိန်းချုပ်ရေးဆောင်ရွက်လျက် ရှိကြောင်း၊ သတင်းရရှိသည့် နေရာများအား လိုအပ် သည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကူးစက်သူများ ကို   ဖော်ထုတ်နိုင်သဖြင့်  ရောဂါကုသရေးများကို လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ခြင်းကြောင့် ထပ်မံကူးစက်မှုကိုလျှော့ချနိုင်ခဲ့ပြီး ထိန်းချုပ်ရေးကိစ္စများ တွင်  အထောက်အကူရကြောင်း၊ ရောဂါပိုးကူးစက်မှု ထိန်းချုပ်ရေးကို  ထိထိရောက်ရောက်  ဆောင်ရွက် နိုင်ရန်အတွက် လိုအပ်သည့် ရောဂါထိန်းချုပ်ကုသ ရေးပစ္စည်းများနှင့် ဆေးပစ္စည်းများ လုံလောက်စွာ ဖြည့်ဆည်းပေးထားသော်လည်း    ယခုထက်ပိုမို ဆောင်ရွက်ရန်  လိုအပ်နေသေးကြောင်း၊  Stay  at Home ထားရှိသည့် မြို့နယ်များကျန်ရှိနေပြီး လျှော့ချ ၍ရသည့် မြို့နယ်များကိုလည်း ထပ်မံလျှော့ချပေးသွားမည်ဖြစ်ကြောင်း၊  Stay at Home ဆောင်ရွက် ထားခြင်းမရှိသော်လည်း သွားလာရေးနှင့် နေထိုင်ရေး စည်းကမ်းများအား ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ ညွှန်ကြားထားသည့်အတိုင်း နေထိုင် လိုက်နာဆောင်ရွက်သွားရန်အတွက်  ပြည်သူများ အနေဖြင့် လိုက်နာရန် လိုအပ်သကဲ့သို့ တာဝန်ရှိသူ များအနေဖြင့်လည်း စနစ်တကျဖြစ်စေရန် စေတနာ ထား ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း။
မိုက်မဲသည့်လုပ်ရပ်များဖြစ်
ကျောင်းများပြန်လည်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကျဆင်းလာခြင်းကြောင့် အခြေခံပညာကျောင်းများ    ပြန်လည်ဖွင့်လှစ်ခဲ့ ကြောင်း၊ ကျောင်းများစတင်ဖွင့်လှစ်ချိန်တွင်  ရာသီ တုပ်ကွေးဖြစ်ပွားမှု၊ လက်ရှိနိုင်ငံရေးအခြေအနေများ နှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက် မှုများ နည်းပါးခဲ့ကြောင်း၊ သို့သော် ယခုလ  ၈ ရက် အထိ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂ သန်း ၃ သိန်း ၅ ထောင်ကျော် တက်ရောက်လျက်ရှိကြောင်း၊ ကျောင်းစတင်ဖွင့်လှစ်ချိန်နှင့်    တွက်ချက်ပါက တစ်ပတ်အတွင်း ကျောင်းသား ၁ သန်းကျော် ထပ်မံ တိုးတက်လာသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက် ဖွယ်ပင်ဖြစ်ကြောင်း၊   ပညာရေးနှင့် ပတ်သက်၍ နောက်ကျနေ၍မရသဖြင့် ကျောင်းသား ကျောင်းသူ များ နစ်နာမှုမရှိစေရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်- ၁၉  ရောဂါ ကာကွယ်ဆေးများအား ၁၂ နှစ် အထက်   ကျောင်းသား  ကျောင်းသူများနှင့် ဆရာ ဆရာမများ၊ အသက် ၄၅ နှစ်အထက် ပြည်သူများကို လည်း  ထိုးနှံပေးခြင်းများ   ဆောင်ရွက်ပေးလျက် ရှိကြောင်း၊     လုံခြုံရေးနှင့်    ပတ်သက်၍လည်း ကျောင်းသားမိဘများနှင့် ရပ်ရွာအေးချမ်းသာယာရေး လိုလားသူများက ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးမှု များကြောင့် စာသင်ကျောင်းများတွင် နှောင့်ယှက် မှုများ အနည်းငယ်သာရှိကြောင်း၊ အချို့နေရာများ တွင်     ခြိမ်းခြောက်မှုများရှိပြီး   ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးနှင့် ပတ်သက်၍ မိုက်မဲသည့်လုပ်ရပ်များဖြစ်ပြီး နိုင်ငံကိုဒုက္ခပေးခြင်း ပင် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုများအား ပြည်သူ များအနေဖြင့် လက်ခံမှုမရှိဘဲ ပြည်သူများမှ သတင်း ပေး၍ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် မှုများရှိကြောင်း၊   အလားတူ  ရပ်ရွာများအတွင်း အကြောင်းမဲ့ သတ်ဖြတ်မှုများနှင့် ခြိမ်းခြောက်မှုများ ကိုလည်း ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် တားဆီးသွားရမည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် အကာအကွယ်ပေးခြင်းနှင့် ဖော်ထုတ် ဖမ်းဆီးခြင်းများကို   ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသဖြင့်  ပြည်သူများ၏ တာဝန်သိမှုနှင့် တက်ကြွသည့် စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ ပြည်သူ့လုံခြုံရေးအတွက် ဆောင်ရွက် ရာတွင် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်မှသာ ပြည်သူ့လုံခြုံရေးကို ရရှိမည်ဖြစ် ကြောင်း၊ ပြည်သူများအနေဖြင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်မည်ဆိုပါက နိုင်ငံတည်ငြိမ်အေးချမ်းရေး ကို   များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
 ပညာရေးကိုပဲ စိတ်ဝင်စားဖို့လို
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ် နိုင်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “တစ်ဆက် တည်းမှာပဲ ကျွန်တော်တို့က အခြေခံပညာ ကျောင်း တွေဖွင့်လာပြီ။   ဆက်လက်ပြီး  ကျွန်တော်တို့က တက္ကသိုလ်တွေ အဆင့်မြင့်ပညာနဲ့ ပတ်သက်ပြီး ဖွင့်ဖို့ရှိပါတယ်။  အဲဒီတော့  အခုလောလောဆယ် တက္ကသိုလ်မှာ   လိုအပ်တဲ့   ဆရာ   ဆရာမတွေကို ကျွန်တော်တို့ အသစ်တွေ ခန့်ထားတာတွေ လုပ်နေပါ တယ်။ ခန့်ထားပြီးတော့ ကျွန်တော်တို့ သင်တန်းတွေ ပေးနေပြီ ဖြစ်ပါတယ်။ အဲဒီတော့ ဒီအခြေခံပညာ ကျောင်းဖွင့်မှုရဲ့      ရလဒ်အပေါ်မူတည်ပြီးတော့ တက္ကသိုလ်များကို      ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်၊ ဒီလိုဖွင့်တဲ့အခါမှာလည်း အဆင့်လိုက် ဖွင့်လှစ်ပါမယ်။ တစ်ပြိုင်တည်း ကျွန်တော်တို့ အကုန် တော့ မဖွင့်နိုင်ဘူး။ မဟာတန်းတွေ၊ ပါရဂူတန်းတွေ၊ Qualified တန်းတွေ၊ ဂုဏ်ထူးတန်းတွေ ဒါပြီးလို့ရှိရင် နောက်ဆုံးနှစ်၊ တတိယနှစ်၊ ဒုတိယနှစ် စသည်ဖြင့် ဒီလိုဖွင့်သွားမှာပါ။ ဒီလိုအဆင့်လိုက် ဖွင့်သွားမယ် ဆိုရင် သက်ဆိုင်ရာကျောင်းတွေမှာလည်း သိပ်ပြီး တော့မှ အခက်အခဲသိပ်မရှိနိုင်ဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်။  အဲဒီလိုလေး ကျွန်တော်တို့ စဉ်းစား ထားပါတယ်။  ဒါကတော့ အခြေခံကနေစပြီး ပညာ ရေးနဲ့   ပတ်သက်ပြီး  ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကျောင်းသားများကတော့ ပညာသင်ကြားရေးမှာ ပညာသင်ကြားရမယ့်အရွယ်မှာ    ပညာရေးကိုပဲ စိတ်ဝင်စားဖို့လိုပါတယ်။  ကျွန်တော်တို့ လိုလားတာ ကတော့ ကျောင်းသားက ပညာသင်ကြားဖို့ပါ။ ပညာ သင်ကြားရမှာ။ ပညာသင်ကြားဖို့ တာဝန်ရှိပါတယ်။ စာတွေတတ်အောင်သင်ဖို့လည်း ပညာရေးဝန်ကြီး ဌာနကိုလည်း ကျွန်တော်ကြပ်မတ်ပြီးတော့ ပြောဆို လျက်ရှိပါတယ်။   ပညာတတ်အောင်၊  စာကိုတတ် အောင် သင်ပေးမယ်။ အတန်းအောင်ဖို့ထက် စာတတ် ဖို့ အရေးကြီးပါတယ်။ အတန်းအောင်ဖို့ထက်၊ စာမေး ပွဲအောင်ဖို့ထက် ပညာတတ်ဖို့ အရေးကြီးပါတယ်။ သူ့ရဲ့လျော်ညီတဲ့ အတန်းပညာတတ်ဖို့ လိုပါတယ်။ ဒါအရေးကြီးပါတယ်။   ကျွန်တော့်အနေနဲ့  ပြီးခဲ့တဲ့ အစည်းအဝေးမှာလည်း   ပြောပါတယ်။  KG+9 ကတော့   ကျွန်တော်တို့  အခြေခံကျွန်တော်တို့ရဲ့ ပညာရေးရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ KG+9 ဖြစ်ပါ တယ်။ KG+9 ပြီးတာနဲ့ ကျွန်တော်တို့ vocational ကို   အသက်မွေးဝမ်းကျောင်း   ပညာသင်ကြားဖို့ အတွက် အခြေခံရသွားပြီ ဖြစ်ပါတယ်။ သူသင်လို့ ရသွားပြီ။ KG+9 မရှိဘဲနဲ့တော့ ကျွန်တော်တို့ voca-tional  သွားနိုင်ဖို့  တော်တော်လေး ခက်ပါတယ်။ အဲ့ဒါတွေပြီးတော့ အထက်တန်းပညာ၊ အဲဒါတွေ     ပြီးတော့  အဆင့်မြင့်ပညာတစ်ဆင့်ပြီးတစ်ဆင့် သွား ပေါ့ဗျာ။ ဒီလိုသွားမယ်ဆိုရင် တိုင်းပြည်ပညာရေးက ဒါမြှင့်တင်ပေးရာ ရောက်ပါတယ်။ တိုင်းပြည်ပညာ ရေးမြှင့်တင်ပေးနိုင်ပြီဆိုရင်  တိုင်းပြည်ရဲ့ အနာဂတ် ကောင်းနိုင်မယ့် အနေအထားရှိတယ်ဆိုတာလည်း ကျွန်တော်ပြောလိုပါတယ်။    ပညာတတ်တွေနဲ့ပဲ တိုင်းပြည်တည်ဆောက်ရတာ ဖြစ်ပါတယ်။ ပညာ မတတ်တဲ့သူတွေနဲ့ တိုင်းပြည်တည်ဆောက်လို့မရပါ ဘူး။ ကျွန်တော်တို့ ဒါကိုလည်း အလေးထားဖို့ လိုပါ တယ်။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိတဲ့ ပုဂ္ဂိုလ် များအားလုံးက  ပညာနဲ့ပတ်သက်ပြီးတော့  ပညာ သင်ကြားရေးမှာ အေးချမ်းစွာ ပညာသင်ကြားရေးနဲ့ အေးချမ်းစွာပညာသင်ကြားရေးပေါ့။ သင်ကြားနိုင် ရေးနဲ့သင်ကြားရေး ဒီနှစ်ခုကို ကျွန်တော်တို့ ဖန်တီး ပေးဖို့    လိုမယ်ဆိုတာလေး    ပြောလိုပါတယ်”ဟု ပြောကြားသည်။ 
စားသုံးမှုပုံစံ ပြောင်းလဲ
ယင်းနောက် ကျန်းမာရေးနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်    သန်းခေါင်စာရင်းအပေါ်တွင်  မူတည်ပြီး မျှော်မှန်းသက်တမ်းများအား မိမိတို့နိုင်ငံ ကျန်းမာ ရေးဝန်ကြီးဌာန၏ တွက်ချက်မှုအရ ၂၀၂၀ ပြည့်နှစ်တွင် ၆၇ ဒသမ  ၄၂  နှစ်ရှိပြီး  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂလူဦးရေဌာနမှ   တွက်ချက်ရာတွင် ၆၇ ဒသမ ၇၈ နှစ်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် မျှော်မှန်း သက်တမ်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၅၁ တွင်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် မိမိတို့နိုင်ငံ သည် နံပါတ် ၆ အဆင့်တွင်ရှိပြီး အာဆီယံနိုင်ငံများတွင် နံပါတ် ၁၀ ရှိကြောင်း၊ အဆိုပါ မျှော်မှန်းသက်တမ်းအား အခြေခံအချက်များဖြစ်သည့်  ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်ဘဝ အခြေအနေများ၊ ပညာသင်ကြားမှု အခြေအနေများ၊   လူမှုစီးပွားဘဝအခြေအနေများ၊ လူနေမှုပုံစံများ၊  ကလေးသေဆုံးမှုနှုန်းများအပေါ် တွင် အဓိကထား၍ တွက်ချက်ကြခြင်းဖြစ်ကြောင်း၊ ပြည်သူများကျန်းမာရေးနှင့်ပတ်သက်၍ ဆီစားသုံးမှု လျှော့ချရန်၊   အရက်၊  ဆေးလိပ် သောက်သုံးမှုများ လျှော့ချရန် တိုက်တွန်းပြောကြားလျက်ရှိကြောင်း၊ အောက်တိုဘာ  ၁  ရက်တွင်  မိမိပြောကြားခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    နိုင်ငံတော် တာဝန်ယူသည့် ၉ လပြည့်မိန့်ခွန်း၌ မိမိအနေဖြင့် ဆန်စားသုံးမှုအား လျှော့ချ၍ စားသုံးမှုပုံစံ ပြောင်းလဲ ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆန်အား ဗိုက်ပြည့်သည်အထိ စားသုံးကြပြီး အဆိုပါ ဆန်တွင်  ကာဗိုဟိုက်ဒရိတ်များ  များပြားစွာ ပါဝင် သဖြင့်  အဆီနှင့်  အချိုဓာတ်များ ပါဝင်ကြောင်း၊ အလားတူ    အခြားအချိုပါဝင်သည့်မုန့်များနှင့် ဟင်းလျာများတွင်လည်း         ဆီကိုအလွန်အမင်း ထည့်သွင်းအသုံးပြုမှုများရှိသဖြင့် ကာဗိုဟိုက်ဒရိတ် စားသုံးမှု များပြားပါကြောင်း၊ အလားတူ အချိုနှင့် ဆီများစားသုံးမှု၊ အရက်နှင့် ဆေးလိပ်များ သောက် သုံးမှုများကြောင့်လည်း   ကျန်းမာရေးကို  များစွာ ထိခိုက်နိုင်ကြောင်း၊    ထို့ကြောင့်   ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား   ဆောင်ရွက်မှုနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် တိုက်တွန်းဆောင်ရွက် လျက်ရှိသကဲ့သို့ ရုပ်မြင်သံကြားများမှလည်း အဆက် မပြတ် ထုတ်လွှင့်ပညာပေးလျက်ရှိကြောင်း။
ပြည်သူတိုင်း သက်တမ်းစေ့နေနိုင်ရေး  အရေး ကြီးသဖြင့် ကာဗိုဟိုက်ဒရိတ် လျှော့ချနိုင်ရေးအတွက် ဆန်စားသုံးမှုလျှော့ချရေးဆောင်ရွက်ပြီး    အခြား လိုအပ်သည့် ပရိုတိန်းဓာတ်များ ရရှိစေရေးအတွက် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဥများအား စားသုံး ၍ ဖြည့်ဆည်းပေးရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုး ရေး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရေး  မိမိ အနေဖြင့် တိုက်တွန်းဆောင်ရွက်လျက်ရှိကြောင်း၊ လူတစ်ဦးအနေဖြင့် တစ်ရက်လျှင် ကြက်ဥ ၃ လုံးမှ ၆  လုံးအထိ  စားသုံးရန်လိုအပ်ပြီး အသားငါးအား တစ်ရက်လျှင် ၅ ကျပ်သားမှ ၁၀ သားအထိနေ့စဉ် စားသုံးရန်နှင့် ဟင်းသီးဟင်းရွက်များအား ၅ ကျပ် သားမှ ၁၂ ကျပ်သားအထိ  စားသုံးရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည်  ရေမြေသဘာဝကောင်းမွန်သည့် နိုင်ငံဖြစ်သည့်အတွက်  သီးနှံများဖြစ်ထွန်းအောင် စိုက်ပျိုးရန် လိုအပ်ပြီး မြစ်ချောင်းများအတွင်း ငါးများ ပေါများအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူများ အာဟာရပြည့်ဝစွာ စားသုံးနိုင် ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း၊     လူတိုင်းသက်တမ်းစေ့နေနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်၏စွမ်းအား သည် ပြည်သူများပင်ဖြစ်သဖြင့် ပြည်သူများ အားလုံး ကျန်းမာစွာဖြင့် နေထိုင်နိုင်ရန် လိုအပ်သဖြင့် ကျန်းမာ ရေးနှင့်   ပတ်သက်၍   မိမိတို့နိုင်ငံ၏  မျှော်မှန်း သက်တမ်းများတိုးတက်စေရေး အလေးထား ဆောင် ရွက်ကြရန်လိုကြောင်း၊  ထို့ကြောင့်  ပြည်သူများ၏ စားသုံးမှုနှင့်   နေထိုင်မှုပုံစံများ    ပြောင်းလဲနိုင်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းနေခြင်းဖြစ်ကြောင်း။
၁၁   သန်းကျော်ခန့်  မဲစာရင်းများ မှားယွင်း
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ  ၈  ရက်တွင် ကျင်းပ ခဲ့သည့်       ပါတီစုံအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍  နိုင်ငံတကာနှင့်  အွန်လိုင်းစာမျက်နှာ များတွင်    လွတ်လပ်သည့်    ရွေးကောက်ပွဲဖြစ်ခဲ့ ကြောင်း   ရေးသားထားမှုများရှိသည်ကို  တွေ့ရှိရ ကြောင်း၊ ရွေးကောက်ပွဲနေ့တွင် လွတ်လပ်စွာ ဆန္ဒမဲ ပေးခဲ့ကြသည်ကိုတွေ့ရှိရသော်လည်း မဲစာရင်းများ နှင့်ပတ်သက်၍ လိုအပ်သည့်  ပြန်လည်စိစစ်မှုများဆောင်ရွက်ချိန်၌ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင် ရွက်ချိန်တွင် မဲမသမာမှုများ များစွာဖြစ်ပေါ်ခဲ့သည်ကို တွေ့ရပြီး ၎င်းကိစ္စများကိုမူ မသိကျိုးကျွန်ပြုထားကြ ကြောင်း၊ ဆန္ဒမဲပေးရာတွင် ရွေးကောက်ပွဲတစ်ရက် တည်းကိုသာ ကြည့်၍မရဘဲ ရွေးကောက်ပွဲအကြို ကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအလွန် ကာလများကို ကြည့်၍ လွတ်လပ်သည့် ရွေးကောက်ပွဲ ဖြစ်မဖြစ် ကြည့်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှု များရှိကြောင်းကို   မိမိထံသို့ နိုင်ငံရေးပါတီများမှ စာရေးသားတင်ပြခြင်း၊ တွေ့ဆုံစဉ်တင်ပြခြင်းများရှိကြောင်း၊ ထို့ကြောင့်မဲစာရင်းများအား စိစစ်ဆောင် ရွက်ခဲ့ချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲ ပေါင်း ၁၁   သန်းကျော်ခန့်  မဲစာရင်းများ မှားယွင်း ခဲ့သည်ကို အခိုင်အမာတွေ့ရှိရကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအား ဥပဒေနှင့်အညီအရေးယူ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊      ဒီမိုကရေစီစနစ်တွင် မဲစာရင်းမသမာမှုပြုလုပ်ခြင်းသည်    အဆိုးရွားဆုံး သော   လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ သည် ဒီမိုကရေစီ  ၁၀  နှစ်သားသာ ရှိသေးသဖြင့် မိမိအနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေး ခဲ့ကြောင်း။
 ကျန်းမာရေးစစ်ဆေး
ပြည်တွင်းခရီးသွားလာရေးနှင့်    ပတ်သက်၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးပြီးဖြစ်သဖြင့်  ပို့ဆောင် ရေးလုပ်ငန်း၊ တည်းခိုရေးလုပ်ငန်း၊ စားသောက်ရေး လုပ်ငန်းများနှင့်   ပစ္စည်းရောင်းဝယ်မှုလုပ်ငန်းများ အထိုက်အလျောက် လုပ်ငန်းများပြန်လည် လည်ပတ် လာပြီဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့် ကိုဗစ် ရောဂါထိန်းချုပ်မှုအခြေအနေများအပေါ်တွင် မူတည် ၍ နိုင်ငံတကာခရီးသွားလုပ်ငန်းများအား ဒီဇင်ဘာလ (သို့မဟုတ်) ဇန်နဝါရီလအတွင်း  ပြန်လည်ဖွင့်လှစ် နိုင်ရေး  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  နိုင်ငံ တကာတွင်လည်း  ခရီးသွားလုပ်ငန်းများ  ပြန်လည် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊      ခရီးသွား လုပ်ငန်းများနှင့်ပတ်သက်၍  တာဝန်ရှိသူများအနေ ဖြင့် နယ်မြေအလိုက်၊ မြို့ဝင်မြို့ထွက်များအလိုက်  ကိုဗစ်စည်းကမ်းနှင့်အညီဖြစ်စေရေး  ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားကြ ရန်လိုကြောင်း မှာကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက်  ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်တို့က ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေး ဥပဒေ ပြဋ္ဌာန်းရေး၊  အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနက်  မြန်မာနိုင်ငံအပေါ် ကိုယ်ချင်းစာနားလည်မှုရှိသည့် နိုင်ငံများနှင့်   ဆက်ဆံရေးပိုမိုကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး  ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ကြံစိုက် တောင်သူများ  ကြုံတွေ့နေရသည့်  အခက်အခဲနှင့် လိုအပ်ချက်များကို   ဖြေရှင်းဆောင်ရွက်ပေးရေး၊ အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH NUG PDF တို့၏ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတစ်ဝန်း ရှိ  အများပြည်သူ   ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် လက်ကမ်းစာစောင်များ ထုတ်ဝေဖြန့်ချိရေး၊ အခြေခံ ပညာကျောင်းများတွင် စာသင်ခန်းသုံး သင်ထောက် ကူပစ္စည်းများ ဖြည့်ဆည်းပေးရေး၊ ကိုဗစ်-၁၉ ရန်ပုံ ငွေ ချေးငွေအစီအစဉ်တွင် အခြေခံလူတန်းစားများကို ထည့်သွင်း ထုတ်ချေးပေးရေး၊ အခြေခံလူတန်းစားများ ဝင်ငွေရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်း များ ဖော်ဆောင်ပေးရေး၊ အာဆီယံခရီးသွားလုပ်ငန်း အစီအစဉ်တွင် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး၊  ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်  ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် မူဝါဒများထပ်မံဖြည့်စွက်ပေးရေး၊ နိုင်ငံ့ဝန်ထမ်းများ ရာထူးတိုးမြှင့်ရေးကိစ္စနှင့် ပတ်သက်၍ လက်ထောက် ညွှန်ကြားရေးမှူးနှင့်အထက် ရာထူးတိုးမြှင့်ရေးတွင် စနစ်တကျ စိစစ်ဆောင်ရွက်ရေး၊ လေယာဉ်ဖြင့် ခရီး သွားမည့်   ပြည်သူများအား  ကိုဗစ်-၁၉  ရောဂါ စစ်ဆေးခလျှော့ချပေးရေးနှင့် အလွယ်တကူ စစ်ဆေး နိုင်ရေး စီစဉ်ဆောင်ရွက်ပေးရေး၊ ကယားပြည်နယ်ရှိ ပြည်သူများ၏ ဘဝလုံခြုံရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်   ပူးပေါင်းဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှ လမ်းညွှန်မှုပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်နေ
ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေး ချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားရာတွင် ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည့်  နိုင်ငံအလိုက်  ဥပဒေများအား ဥပဒေရေးရာဝန်ကြီးဌာနက   လိုအပ်သည့်  စိစစ် လေ့လာမှုများ  ဆောင်ရွက်ရန်   တာဝန်ပေးထား ကြောင်း၊   မိမိတို့အနေဖြင့်  မြေပေါ်မြေအောက် သယံဇာတထုတ်ယူမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်နေကြောင်း၊       ကုန်ကြမ်းအနေဖြင့် ထုတ်လုပ်ရောင်းချမှုကို   တားမြစ်ထားပြီး  Value added တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချ မှုကိုသာ အားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများနှင့်   မိတ်ဖက်ဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံ များနှင့်လည်း ဆက်သွယ်ဆက်ဆံလျက်ရှိပါကြောင်း၊ ထို့ပြင်  အာဆီယံက  ကျင်းပသည့် ဝန်ကြီးအဆင့် အစည်းအဝေးများတွင် မိမိတို့နိုင်ငံမှ ပြည်ထောင်စု ဝန်ကြီးများ ပါဝင်တက်ရောက် ဆွေးနွေးလျက်ရှိပြီး လုပ်ဆောင်သင့်၊   လုပ်ဆောင်ထိုက်သည်များကို လုပ်ဆောင်လျက်ရှိကြောင်း၊ ကြံစိုက်တောင်သူများ လတ်တလော တွေ့ကြုံနေရသည့် အခက်အခဲများကို ဥပဒေနှင့်အညီ အမြန်ဆုံးစိစစ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း။
အလေးထားဆောင်ရွက်လျက်ရှိ
အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များနှင့် စပ်လျဉ်း၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိ နိုင်ရေးအတွက် နိုင်ငံပိုင်နှင့် တပ်မတော်ပိုင် မီဒီယာ ကဏ္ဍမှ        ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားကဏ္ဍနှင့်  စပ်လျဉ်း၍  လူထုအခြေပြု အားကစားဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင် ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ အခြေခံ လူတန်းစားများအား ချေးငွေထုတ်ချေးပေးရေးနှင့် ပတ်သက်၍  လိုအပ်သည့် အချက်အလက်များကို အခြေခံတွက်ချက်၍    ဘဏ္ဍာရေးအခြေအနေပေါ် မူတည်၍  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏      ဝင်ငွေတိုးတက်စေရေးအတွက် သဘာဝသယံဇာတများကိုသာ အားကိုးနေ၍မရဘဲ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ပေးပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံ ခရီးသွားစင်္ကြံတွင် ပါဝင်လျက်ရှိပြီး  လက်ရှိအခြေ အနေတွင် ပြည်တွင်း ခရီးသွားလုပ်ငန်းများ စတင် လည်ပတ်နေပြီဖြစ်ကြောင်း၊   ပြည်တွင်း  ခရီးသွား လုပ်ငန်းများ၌  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ပြီ ဆိုပါက ပြည်ပခရီးသွားလုပ်ငန်းများကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း။
စီမံကိန်းများအား ဆက်လက်ဆောင်ရွက်
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အပါအဝင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်သည့်    စီမံကိန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အောင်မြင်အောင် အကောင်အထည်ဖော်   ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊    နိုင်ငံတော်အားကစားကဏ္ဍမူဝါဒတွင် လိုအပ်သည့်  အချက်များကို  ထပ်မံဖြည့်စွက်သွား မည်ဖြစ်ကြောင်း၊  ကျောင်းသား  ကျောင်းသူများ ပညာရည်မြင့်မားရေးအတွက် လိုအပ်သော အလုပ်ရုံ ဆွေးနွေးပွဲများ၊ ပြိုင်ပွဲများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ လေကြောင်း ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးကိစ္စများနှင့် ပတ်သက် ၍ အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဘဝလုံခြုံရေး အတွက်    အလေးထားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင်       တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် ငွေကြေးခိုင်မာမှုရှိပြီး     စီးပွားရေးကောင်းမွန်ရန် လိုအပ်ပါကြောင်း၊   မိမိတို့အနေဖြင့်  တိုင်းပြည် စီးပွားရေးကောင်းမွန်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည်၏ ကုန်သွယ်မှုလိုငွေကို လျှော့ချနိုင်ရေး အတွက် သွင်းကုန်များကို ထိန်းချုပ်ဆောင်ရွက်လျက် ရှိပြီး ဈေးကွက်ရှိသည့် တန်ဖိုးမြင့်ပို့ကုန်များ တိုးမြှင့် တင်ပို့နိုင်ရေးကို    ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်အောင် ဆောင်ရွက် ခြင်းဖြင့် ပြည်သူများအလုပ်အကိုင်ရရှိပြီး ဝင်ငွေရရှိ ကာ လူမှုစီးပွားဘ၀ သာယာဝပြောမည်ဖြစ်ကြောင်း။
မိမိတို့အစိုးရ၏    ရည်ရွယ်ချက်သည်လည်း တိုင်းပြည်သာယာ၀ပြောပြီး စားရေရိက္ခာပေါများ ရေးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများဝင်ငွေ ရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊     ဘဏ္ဍာရေး လုပ်ငန်းစနစ်များ ကောင်းမွန်စွာလည်ပတ်နိုင်စေရန် အတွက်လည်း    စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုဘဏ်၏  ဦးဆောင်မှုကို   ပုဂ္ဂလိကဘဏ်များ အနေဖြင့်   လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ငွေပေးချေမှုစနစ်တွင် ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင် ရွက်ရမည်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များ လိုက်နာဆောင် ရွက်နိုင်ရန်      ဘဏ်စည်းကမ်းများ  ထုတ်ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  နိုင်ငံတော်နှင့် ဗဟိုဘဏ်မှ ဝင်ရောက်ထိန်းကျောင်းပေးခြင်းဖြင့် ပြည်သူများဘဏ်စနစ်အပေါ်       ယုံကြည်မှုရှိပြီး ငွေကြေးခိုင်မာမှုရှိအောင်   ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
နိုင်ငံခြားငွေကုန်ကျမှုကို    စိစစ်သုံးစွဲနိုင်ပါက တိုင်းပြည်အတွက်      အကျိုးရှိမည်ဖြစ်ကြောင်း၊ စားအုန်းဆီတင်သွင်းမှုနှင့် စက်သုံးဆီတင်သွင်းမှုကို လျှော့ချနိုင်မှသာ နိုင်ငံခြားသုံးငွေ လျှော့ချနိုင်မည် ဖြစ်ကြောင်း၊   သို့ဖြစ်၍  ပြည်သူလူထုအနေဖြင့် စားသောက်မှုပုံစံကို ပြင်ဆင်သွားရန်နှင့် ဆီစားသုံး မှုကို လျှော့ချသွားရန်လိုအပ်ကြောင်း၊ ထို့ပြင် စက်သုံး ဆီ တင်သွင်းမှုလျှော့ချရေးအတွက် တာဝန်ရှိသူများ အနေဖြင့်        အများပြည်သူပို့ဆောင်ရေးစနစ် ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ် ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်