ရသေ့တောင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ဒေသခံ ၁၆၅၂ ဦးအား  ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ် ဒုတိယအကြိမ် စတင်ထိုးနှံ


 

ရသေ့တောင်   နိုဝင်ဘာ   ၈


ရခိုင်ပြည်နယ်  ရသေ့တောင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယ အသုတ်  ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို  နိုဝင်ဘာ ၈ ရက်  နံနက်   ၉ နာရီမှ ညနေ ၄ နာရီအထိ ဆေးထိုးသတ်မှတ်စုရပ်အသီးသီးတွင် စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ် မှုဖြင့်   ဆေးထိုးသတ်မှတ်စုရပ်များဖြစ်သည့်   စေတီတောင်ဓမ္မာရုံ၊ ကုန်တန်းဘုန်းတော်ကြီးကျောင်း၊  ကူတောင်တိုက်နယ်ဆေးရုံ၊ အငူမော် ကုန်တန်း    ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့တွင်   အောက်တိုဘာ  ၁၀ ရက်မှစ၍     တတိယအသုတ်  ပထမအကြိမ်ထိုးနှံပြီးစီးခဲ့သည့်  အသက်(၁၈)နှစ်အထက်   ဒေသခံပြည်သူများအနက်  ၁၆၅၂ ဦးတို့အား   ပထမနေ့အဖြစ်   ထိုးနှံပေးခဲ့ပြီး  ကျန်ရှိသူများကိုလည်း  သတ်မှတ်နေ့ရက်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
ထိုသို့  ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနှံပေးခြင်းကို  ကျန်းမာရေးဝန်ကြီးဌာနက     ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးမထိုးမီ သွေးပေါင်ချိန် တိုင်းပေးခြင်း၊          ကိုယ်အပူအချိန်တိုင်းခြင်း၊ သွေးအတွင်း     အောက်ဆီဂျင်တိုင်းခြင်းစသည့်   ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများ      ပြုလုပ်ပြီး   ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့်   ဒေသခံ ပြည်သူများအားဌာနဆိုင်ရာများ၊   မီးသတ်တပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်  စေတနာ့ဝန်ထမ်း များက လိုအပ်သည်များ  ပူးပေါင်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း
(ပြန်/ဆက်)