
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာ PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုအား ကိုယ်တိုင်ခံစားခဲ့ရသူများ၏ ပြောဆိုချက်
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာအုပ်စု ကာပေါင်းကျကျေးရွာ၌ အိမ်ခြေ ၇၀၀ ခန့်ရှိပြီး ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံအားပေးသူများ၊ NLD ပါတီကိုထောက်ခံအားပေးသူများနှင့် အခြားပါတီများကို ထောက်ခံအားပေးသူများပါ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ခဲ့ကြသည်။ တပ်မတော်က နိုင်ငံတော်တာဝန်အား ရယူထိန်းသိမ်းပြီး နောက်ပိုင်းတွင် ကျေးရွာအတွင်းရှိ NLD ထောက်ခံ သူများသည် သဘောထားသေးသိမ်စွာဖြင့် အစွန်းရောက်အကြမ်းဖက်သမားများအသွင် ကူးပြောင်းလာပြီး သီးကုန်းဆရာတော် ဘဒ္ဒန္တစန္ဒိမာ ဦးဆောင်သော PDF အကြမ်းဖက်အဖွဲ့အဖြစ် ဖွဲ့စည်းကာ ၎င်းတို့ပါတီကို ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာသူ ကျေးရွာသားများကို ၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်တွင် အသက် ၁၁ နှစ်၊ ၁၆ နှစ်၊ ၁၈ နှစ်အရွယ် ကလေးသူငယ်များအပါအဝင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး တစ်ဦးအား သတ်ဖြတ်ခြင်း၊ သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့သည်။ အလားတူ အဆိုပါအကြမ်းဖက်အဖွဲ့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် အသက် (၇၃)နှစ်အရွယ် အဘိုး၊ အဘွား နှစ်ဦးအပါအဝင် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အားလည်းကောင်း၊ အောက်တိုဘာ ၁၀ ရက်တွင် အမျိုးသား တစ်ဦး ၊ အမျိုးသမီး တစ်ဦးတို့အားလည်းကောင်း ထပ်မံသတ်ဖြတ်ခဲ့သည်။ အကြမ်းဖက်လူသတ် မီးရှို့ဖြစ်စဉ်များကြောင့် ကလေးသူငယ်များ၊ သက်ကြီး ဘိုးဘွားများအပါအဝင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး သုံးဦး၊ ပေါင်း ၁၄ ဦး သေဆုံးခဲ့ပြီး ၎င်းတို့၏ ပါတီကို ထောက်ခံခြင်းမရှိသည့် ကျေးရွာသူ၊ ကျေးရွာသားများမှာ အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် အချို့က နီးစပ်ရာကျေးရွာများ၊ ဆွေမျိုးသားချင်းများရှိရာ၌ လည်းကောင်း၊ အချို့က တန့်ဆည်မြို့နယ် မြို့မရဲစခန်းနှင့် ပြည်ခိုင်ဖြိုး ပါတီရုံးများ၌လည်းကောင်း ပြောင်းရွှေ့ခိုလှုံ ခဲ့ကြသည်။ ထိုသို့ ပြောင်းရွှေ့ခိုလှုံသည့်အချိန်တွင်လည်း နယ်မြေခံအကြမ်းဖက်သမားများက နည်းမျိုးစုံဖြင့် ထပ်မံခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာ နိုင်သည့်အတွက်ကြောင့် ခိုလှုံနေကြသူများသည် ကန့်ဘလူမြို့နယ် မြေဒူးအုပ်စု ဦးမော်တောကျေးရွာ သာသနာ့အလင်းရောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝါသဝ၏ ကျောင်းတိုက်သို့ ရောက်ရှိခိုလှုံလျက်ရှိကြပြီး လက်ရှိမှာ လူဦးရေ ၅၀ ကျော်ကို စောင့်ရှောက်တာဝန်ယူထားကြောင်း သိရသည်။
PDF အကြမ်းဖက်
သမားများ၏ အကြမ်းဖက်မှုအား ကိုယ်တိုင်ခံစားခဲ့ရသည့် ကာပေါင်းကျကျေးရွာမှ ဒေါ်သူဇာဝင်း၏ ပြောဆိုချက်
ကျွန်မကတော့ တန့်ဆည်မြို့နယ် ကာပေါင်းကျကျေးရွာက ဖြစ်ပါတယ်။ ကျွန်မတို့က တောထဲမှာ သူတို့ကို ကြောက်လို့ဆိုပြီးတော့ ပုန်းရှောင်နေရပါတယ်။ အဲဒါကို ညနေမိုးချုပ် ၆ နာရီထိုး ထမင်းစား နေတဲ့အချိန်မှာမှ ဆိုင်ကယ်သံတွေကြားတယ်ဆိုပြီး ထမင်းစားနေတာ ကနေ လှည့်ကြည့်လိုက်တော့ ဗြုန်းဆိုသေနတ်တွေနဲ့ ရောက်လာပါ တယ်။ အဲဒီအချိန်မှာ ကျွန်မယောက်ျားက လှည့်ကြည့်လိုက်တော့ ကျွန်မက မလုပ်ကြပါနဲ့၊ မလုပ်ကြပါနဲ့လို့ ဆိုပြီး လက်အုပ်ချီပြီးတော့ တောင်းပန်တယ်။ အဲဒီချိန်မှာမရဘူး။ ကျော်စွာထက်နဲ့ ဝေဖြိုးသန့်နဲ့က အရင်ဆုံး ကျွန်မယောကျ်ားကို သေနတ်နဲ့ ပစ်လိုက်တယ်။ ကျွန်မ ယောကျာ်းက ထမင်းဇလုံနဲ့တားပြီး ပြေးလိုက်တော့ ပထမအချက် ကတော့ မမှန်ပါဘူး။ နောက်တစ်ချက်ကျတော့ ကျော်စွာထက်က အိတ်ထောင်ထဲက သေနတ်အတိုကိုထုတ်ပြီးတော့ ပစ်လိုက်တာပါ။ ရက်ရက်စက်စက်ပစ်လိုက်တာ သုံးချက်။ ကျွန်မ ယောက်ျားကို သေပြီ၊ ဒီကောင်သေပြီ သွားမယ်ဆိုပြီးတော့ အမေတို့၊ အဖေတို့ဆီ အသွားကို ဘယ်လိုမှတားလို့လည်းမရ။ တားလို့ရှိရင်လည်း ကျွန်မတို့ကိုသတ်မှာပဲ။ ကျွန်မလည်း ကိုယ့်သားသမီးတွေ ကိုယ်ရှိနေမှ ဖြစ်မှာဆိုတော့ ပုန်းတဲ့ နေရာကနေ ဒီအတိုင်းပဲကြည့်နေရတယ်။
ကျွန်မသားဆို ကျွန်မရဲ့ အမေနဲ့ အဖေကို သတ်တဲ့အချိန် ဖျားနေလို့ စောင်ခြုံထဲကနေ ဒီအတိုင်းပဲ ကြည့်နေခဲ့ရတာပါ။ သူ့အဘိုးကို ပထမ အချက်ပစ်တော့ ပေါင်ကိုမှန်တယ်။ အဖေက “အား အား” ဆိုပြီး အော်တော့ ဒီတိုင်းပဲ နားထောင်နေရတယ်။ နောက်တစ်ချက် နားထင် ကိုပစ်လိုက်တော့ အဖေက သေသွားတာ။ ကျွန်မအမေက မျက်စိက လည်းမွဲ၊ သည်းခြေတောင်မရှိဘူး။ ရောဂါဖြစ်လို့ ထုတ်ထားရတာပါ။ ခုတင်ကနေ နေရာမရွှေ့နိုင်ပါဘူး။ ခင်ဗျား - - -လားဆိုပြီး မေးတယ်။ ဟုတ်ပါတယ်တော့ ကျုပ်က - - - ပါဆိုတော့ ပြောပြောဆိုဆိုနဲ့ ပစ်ချ လိုက်တာ။ နားထင်ကို ပွင့်ထွက်သွားတာပဲ။ သူတို့က လူအင်အားတွေ အများကြီးနဲ့ဆိုတော့ ဘယ်လိုမှလည်း လက်တုံ့ပြန်လို့လည်း မရဘူး။ ဘာမှလည်း လုပ်လို့မရဘူး။ အမေးအမြန်းလည်း မရှိပါဘူး။
သူတို့က ကျွန်မယောက်ျားကိုသတ်၊ ဟိုကောင်တွေဆီ သွားမယ် ဆိုပြီးတော့ အမေတို့ အဖေတို့ဆီ သွားသတ်တဲ့အချိန်မှာ ကျွန်မသား၊ သမီးတွေခေါ်ပြီး တောထဲကို ပြေးရပါတယ်။ တောထဲကို ပြေးလိုက်တဲ့ အချိန်မှာ ကျွန်မကို ဟိုကောင်မ ကျန်သေးတယ်။ ဟိုကောင်မ ကျန်သေး တယ်ဆိုပြီး သတ်ဖို့လိုက်ရှာတော့ အသက်ကို ဘယ်လိုရှူလို့ ရှူရမယ် မသိဘူး။ အမေ၊ အဖေတို့ကို သတ်ပြီး တဲတစ်တဲလုံးကို ပတ်မွှေပြီးတော့ အကုန်လုံးကို မီးရှို့ဖျက်ဆီးထားခဲ့တာပါ။ ပစ္စည်းဥစ္စာတွေလည်း ဘာမှ မရလိုက်ဘူး။ ခိုင်းနွားကြီး ခုနစ်ကောင်လုံးကိုလည်း အကုန်လုံးပစ်သတ် ချက်စားလိုက်တယ်။ သူတို့ အဲဒီလိုတွေလုပ်သွားကြတာပဲ။ တောထဲမှာ မိုးတွေကရွာ၊ ခြင်တွေကိုက်၊ ဒူးထိ ရေတွေထဲ တစ်ညလုံးထိုင်ပြီးနေရတာ။ မနက်ရောက်မှ အကူအညီလာပေးတဲ့ ရဲတွေနဲ့ ကျွန်မတို့ လိုက်ခဲ့ရတာပါ။ ကျွန်မတို့ ဘာမှလည်း မရှိတော့ပါဘူး။ အခု ခြေမဲ့၊ လက်မဲ့ ဖြစ်သွားပါပြီ။ ကျွန်မတို့တစ်သက်လုံး စောင့်ရှောက်သိမ်းဆည်းခဲ့တဲ့ စည်းစိမ်ဥစ္စာ ကလည်း လှည်း၊ နွားနဲ့ ရွှေတိုရွှေစလည်း အကုန်လုံးရှာဖွေပြီးတော့ သူတို့ယူသွားကြတာပါ။ မှတ်ပုံတင်တောင် ကိုယ်နဲ့ကပ်ထားလို့ပါခဲ့တာ ပါ။ သူတို့က တဲမှာရှာဖွေပြီးတော့ အကုန်လုံးယူသွားကြတာပါ။
ဒီအဖွဲ့တွေနဲ့ကတော့ ဘယ်လိုမှ နေလို့ထိုင်လို့ မဖြစ်တော့ပါဘူး။ ကျွန်မတို့ အသက်နဲ့ခန္ဓာကိုယ်ကပ်အောင် ဘယ်လိုစောင့်ရှောက်ရမယ်၊ ဘယ်လိုနေရမယ်ဆိုတာမသိပါဘူး။ ကျွန်မတို့ စားစရာသောက်စရာလည်း မရှိ၊ နေစရာတည်းခိုဖို့လည်းမရှိ။ ပြေးစရာလွှားစရာ မြေကြီးလည်းမရှိ။ အစ်ကိုကို အားကိုးနေရတော့လည်း ဒီအစ်ကိုကို ရန်ရှာ။ ကျွန်မသားသမီး တွေဆိုရင် အခုဆို အဖေမဲ့။ အဘိုး အဘွား အသတ်ခံရ။ အဖေမရှိတော့ သားသမီးတွေရှေ့ရေး ဘယ်လိုမှကို မတွေးရဲပါဘူး။ ကျွန်မသမီး အငယ်ဆုံးက ၁၁ နှစ်၊ အလတ် ယောက်ျားလေးက ၁၃ နှစ်၊ အကြီးဆုံး က ၁၀ တန်းကျောင်းသားက ၁၇ နှစ်။ သူတို့သတ်မယ့် အန္တရာယ်ကို ကြောက်လို့ တိမ်းရှောင်နေရတာ ကိုယ့်ဘဝကိုယ် လုံခြုံတယ်လို့ မခံစားရဘူး။
ကျွန်မ သမီးကတော့ ရူးမတတ်ပဲ။ အမေ အဖေ့ကို သူတို့ ရက်ရက်စက်စက် သုံးချက် ပစ်သတ်တာ။ အဖေသေပြီ။ ကျွန်မကတော့ သမီးကို စိတ်ထိခိုက်မှာစိုးလို့ အဖေ မသေပါဘူးဆိုပြီး အားပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့အဖေက သူ့ရှေ့တင် သွေးအိုင်ထဲလဲပြီး သေခဲ့ရတာ။ ကျွန်မလည်း မြင်ခဲ့ရပါတယ်။
ကျွန်မသားဆိုရင် သူအဘိုးနဲ့ သူ့အမေကြီးကို ခုတင်ပေါ် ပစ်သတ် ထားခဲ့တာ ကွေးကွေးလေး၊ အဖေက ခြေထောက်ကွေးပြီး သေနေ တာမို့လို့ သူ့အဘိုးကို အသေအချာ ခေါင်းအုံးလေး အုံးပြီးတော့မှ ချပေး ထားခဲ့ရတယ်။ ပြီးတော့ အမေ့ကို နားထင်ပစ်သတ်ထားခဲ့တာကိုတော့ ဇက်ကျိုးကျနေလို့ အဖေက အရှေ့ဘက်က ခုတင်၊ အမေက အနောက် ဘက်က ခုတင်မှာ ဒီအတိုင်းသတ်ထားခဲ့လို့ ကျွန်မသားက သေသေ ချာချာသိပ်ပြီး စောင်ခြုံပေးထားခဲ့တာ။ ကျွန်မတို့ သွားကြည့်မယ် လုပ်တော့ သူတို့အကုန်မီးရှို့ပြီး ဖျက်ဆီးထားခဲ့ပြီ။ ကျွန်မတောင်းဆိုချင် တာက ကျွန်မသားသမီးတွေ ရှေ့လူဆက်ဖြစ်အောင်နေရဖို့ စောင့်ရှောက် ပေးနိုင်မယ်ဆိုလို့ရှိရင် စောင့်ရှောက်ပေးစေချင်ပါတယ်။ ကူညီပေးစေချင် ပါတယ်။ ကျွန်မတို့ ခုလက်ရှိကတော့ အိုးမဲ့အိမ်မဲ့၊ စားရမဲ့သောက်ရမဲ့ သူများပေးမှ ကမ်းမှ စားရမှာပါ။
PDF အကြမ်းဖက်သမားများ၏အကြမ်းဖက်မှုအား ကိုယ်တိုင်ခံစားခဲ့ရသည့် ကာပေါင်းကျကျေးရွာမှ ဦးညွန့်ခိုင်၏ ပြောဆိုချက်
ဦးအုန်းသောင်အိမ်ကို သူတို့က ရှိသမျှလူတွေအကုန်စုပြီးတော့ ကျွန်တော့်အိမ်ကို စပြီးရိုက်ဖျက်ပါတယ်။ အိမ်ကိုရိုက်ဖျက်ပြီး ဓားတွေနဲ့ ကျွန်တော့်ကို သတ်ဖို့ကြံတော့ ကျွန်တော် ထွက်ပြေးခဲ့ပါတယ်။ ထွက်ပြေးတော့ ကျွန်တော့်ရဲ့အိမ်အရှေ့ဘက် ကိုက် ၂၀ လောက်အကွာ မှာ အိမ်တစ်လုံးရှိပါတယ်။ အဲဒီအိမ်ပေါ်ကို ကျွန်တော်တက်ပြေးတော့ ကျွန်တော့်ကို ဝိုင်းမိပါတယ်။ ဝိုင်းမိတဲ့အချိန်မှာ မင်းရှေ့လျှောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ဘယ်တော့မှ မဲမပေး ရတော့ဘူး၊ အားလည်းမပေးရတော့ဘူး၊ ဒီလူတွေကို ကန်တော့ပါလို့ ပြောတော့ အေးမွန်နဲ့ နေခြည်ထွန်းက သူတို့ကို ကန်တော့ရင်ရတယ်လို့ ပြောလို့ ကျွန်တော် သူတို့နှစ်ယောက်ကို၊ ကျွန်တော့် သမီးအရွယ်လောက် ရှိတဲ့ မိန်းကလေးနှစ်ယောက်ကို ကျွန်တော် ကန်တော့ခဲ့ရပါတယ်။ သုံးကြိမ်တိတိ။ အဲဒီလိုကန်တော့ရင် သူတို့မသတ်ဘူးဆိုပြီး ဒါတောင်မှ စည်သူဝင်းက ဘတ်နဲ့ပစ်လိုက်လို့ ကျွန်တော် နောက်ဇက်ကို လက်ကာ တာ လက်ကွဲသွားပါတယ်။ ကျွန်တော် အဲဒီနားကနေ တစ်စပ်တည်းပဲ သူတို့က ရွာထဲမှာ မင်းတို့မနေရတော့ဘူးဆိုတော့ ကျွန်တော် သား တစ်ယောက်၊ သမီးတစ်ယောက်နဲ့ မိန်းမကို ဆိုင်ကယ်နှစ်စီးပေးပြီးတော့မှ သူတို့ကို ထွက်ခိုင်းလိုက်ပါတယ်။
ကျွန်တော့်သူငယ်ချင်းကားတစ်စီးကို ကျွန်တော် အကူအညီတောင်းလိုက်ပါတယ်။ သူ့ကားလာလို့ ကျွန်တော့်အသက်ရှင်ခဲ့ရခြင်း ဖြစ်ပါတယ်။ ကျွန်တော့်ညီရယ်၊ ကျွန်တော့်ညီရဲ့ သူငယ်ချင်းရယ် လမ်းဆုံမြို့ကို ကားနဲ့သွားခဲ့ပါတယ်။ အဲဒီနေ့ ကျွန်တော် မပြန်ခဲ့လို့ဆိုပြီး၊ ကျွန်တော့်မသတ်ရလို့ဆိုပြီး ကျွန်တော့်ညီကို ဓားစာခံအဖြစ် သတ်လိုက်ပါတယ်။ ကျွန်တော့်ညီရယ်၊ ကျွန်တော့်ညီရဲ့သူငယ်ချင်းကို သတ်ပစ်လိုက်ပါတယ်။ သတ်ပြီးတော့ ကျွန်တော့်ကို ပြန်လာအောင် အကြိမ်ကြိမ် အမျိုးမျိုးခေါ်ခဲ့ပါသေးတယ်။ သီးကုန်းကျောင်းဆရာတော် ဦးစန္ဒိမာကနေပြီး ဖုန်းဆက်ခေါ်ပါတယ်။ ရွာပြန်ခဲ့၊ မင်းရွာပြန်ခဲ့ရင် အကုန်လုံး အေးဆေးတယ်ဆိုလို့ တပည့်တော် ပြန်ခဲ့မယ်ဘုရား။ အဲဒါဆို တပည့်တော်ရဲ့ အသက်လုံခြုံမှုပေးနိုင် သလားဆိုတော့ သူက ဘာမှမပြောခဲ့ပါဘူး။ ကျွန်တော့်ရဲ့အသက်ကို လုံခြုံမှုပေးနိုင်ဖို့ ဘာမှမပြောခဲ့တဲ့အတွက် ကျွန်တော် ပြန်မသွားတော့ ပါဘူး။
ဦးကျော်မျိုးသက်က ဘုန်းကြီးစကားကိုယုံပြီး သူပြန်သွားတဲ့ အချိန်မှာ ရွာမှာ သူ့ကျောင်းပေါ်တင် အသတ်ခံရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ရွာနားကို မနေရဲပါဘူး။ ကျွန်တော် မုံရွာကို သုံးလတိတိ တိမ်းရှောင်နေပါတယ်။ မုံရွာက လိုင်းပေါ်ကို ကျွန်တော့်ပုံတင်လိုက်လို့ မုံရွာမှာလည်း ကျွန်တော် နေမဖြစ်တဲ့အတွက် ဟိုနား ၁၅ ရက်၊ ဒီနား ၁၅ ရက် တိမ်းရှောင်နေရခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အဖေရယ်၊ အမေရယ်၊ ယောက်ဖ၊ မွေးချင်းမိသားစုကို အကုန်သတ်ရင်တော့ ဒီကောင် ပြန်လာမှာပဲဆိုပြီး ရက်ရက်စက်စက် သူတို့ကို ပစ်သတ်သွားခဲ့ ပါတယ်။ ကျွန်တော် မပြန်ခဲ့လို့။ အဲဒီလိုသတ်ရင် ကျွန်တော်ပြန်ခဲ့မှာပဲ ဆိုပြီးတော့မှ သူတို့ရဲ့ သန္နိဋ္ဌာန်တွေ၊ မဟုတ်မမှန်တဲ့ စွပ်စွဲချက်တွေနဲ့ လုပ်နေပါတယ်။ ကျွန်တော်တို့ တောင်းဆိုလိုတာကတော့ အခု ကျွန်တော်တို့ လက်ရှိနေနေတဲ့ နေရာကလည်းမလုံခြုံဘူး။ အဲဒီတော့ ကျွန်တော်တို့က ဒီနေ့ဒီအချိန်ထိ သူတို့ရဲ့ အသက်ဘေးအန္တရာယ်ကလည်း ကြောက်ရတယ်။ ညလည်းမအိပ်ရဘူး။ နေ့လည်း အိပ်ရေးဝအောင် ကောင်းကောင်းမအိပ်ရဘူး။ ကျွန်တော်က အခု ညီလေးတွေ၊ ညီမလေး တွေနဲ့ တစ်နေရာဆီ ခွဲထားရတယ်။ သူတို့အတွက်လည်း သိပ်မလုံခြုံ ဘူး။ သူတို့အတွက်ရော၊ ကျွန်တော်တို့အတွက်ရော နောင်ဘယ်လိုလုပ် စားရမလဲ ကျွန်တော်တို့ စဉ်းစားနေရတယ်။ ကျွန်တော်တို့မှာ ဒီနေ့ ဒီအချိန်အထိ နေစရာလည်းမရှိဘူး၊ စားစရာလည်းမရှိဘူး။ ခန္ဓာကိုယ်က ပါလာတဲ့ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ပဲ ကျွန်တော်တို့ ကိုယ်သိတဲ့ နေရာလေးမှာ နေနေရခြင်းဖြစ်ပါတယ်။
PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုအား ကိုယ်တိုင်ခံစားခဲ့ရသည့် ကာပေါင်းကျကျေးရွာမှ ဦးတင်စိုး ပြောဆိုချက်
ကျွန်တော်ကတော့ ကြံ့ခိုင်ရေးအလံထောင်ခဲ့တာပေါ့။ အဲ့ဒါကို သူတို့အဖွဲ့တွေကနေပြီးတော့ အိမ်ကိုလာရိုက်ဖျက်တယ်။ ရိုက်ဖျက်တော့ ကျွန်တော်တို့ ထွက်ပြေးတယ်။ မိသားစုထွက်ပြေးတော့ ကျွန်တော့်ကို ဖမ်းမိသွားတယ်။ သူတို့ဝိုင်းဖမ်းတဲ့အချိန် ဓားတွေ၊ လှံတွေ၊ သံချွန်တွေနဲ့ ဝိုင်းပြီးတော့ထောက်ထားပါတယ်။ ထောက်ထားတဲ့အချိန်မှာ ကြိုးနဲ့ တုပ်ရအောင်ရှာနေတဲ့အချိန်မှာ စစ်တပ်လာပြီဟေ့လို့ ဘေးလူက အော်လိုက်တဲ့အချိန်မှာ သူတို့အဖွဲ့တွေက ပြေးလိုက်ပါတယ်။ အဲ့ဒီအချိန် မှာ ကျွန်တော်တစ်ယောက်တည်း ကိုယ့်အိမ်ကို ပြန်ပြေးခဲ့ရတယ်။ အဲဒီအချိန်မှာ စစ်ကားရောက်ခဲ့တာ ဟုတ်တယ်။ ကျွန်တော့်အိမ်ထိအောင် စစ်သားတွေ ရောက်ခဲ့ပါတယ်။ ကျွန်တော့်မှာ သူတို့လိုက်တဲ့အချိန်မှာ ပစ်လိုက်တာ သေနတ်နဲ့ခေါင်းကိုမှန်ပါတယ်။ သားတစ်ယောက်က ဒူးမှာ အုတ်ခဲနဲ့ပစ်ခံရပါတယ်။ ဒူးကွဲသွားတယ်။ ကျွန်တော်တို့မိသားစု လုပ်ကိုင်စားနေတဲ့ စက်တွေ၊ တဲတွေကို မီးနဲ့ရှို့ပစ်လိုက်ပါတယ်။ အိမ်ကိုလည်း မီးနဲ့ရှို့ပစ်တယ်။ တောထဲမှာလုပ်ကိုင်စားနေတဲ့ ကိရိယာ တွေအကုန် မီးနဲ့ရှို့ပစ်တယ်။ ကျွန်တော်တို့အိမ်က တိုက်ဆိုတော့ တန်ဖိုးက အားလုံးပေါင်း သိန်း ၇၀၀ လောက်တန်တာပေါ့။ ကျွန်တော်တို့ မိသားစုက လူပဲကျန်တော့တယ်၊ ဘာမှမကျန်တော့ဘူး။ သူတို့က ကျွန်တော်တို့ကိုမြင်ရင် သတ်ပစ်မှာပဲ။ နေတဲ့နေရာတောင်မှ ကျွန်တော် တို့က သတင်းမပေးဝံ့ဘူး။ ဟိုပုန်းလိုက်၊ ဒီတိမ်းလိုက် အဲဒီလိုနေရတာ။ သူတို့က သတင်းထောက်ပြီး လိုက်ရှာနေတယ်။
သာသနာ့အလင်းရောင် ကျောင်းတိုက်ဆရာတော် ဦးဝါသဝ၏
ပြောဆိုချက်
ကာပေါင်းကျဖြစ်စဉ်မှာ ဒီအရေးပေါ်ကာလမှာ မိသားစုညီအစ်ကို မောင်နှမဆိုတာ သူတို့မှာမရှိတော့ဘူး။ ဒီနီပိတ်တွေက နီပိန်းတွေကပေါ့။ ကာပေါင်းကျမှာ သူတို့အိမ်တွေ ဖျက်ဆီးခံရတယ်။ အနိုင်ကျင့်ခံရတယ်။ တူမီးနဲ့ ထောက်ခံရတယ်။ အပစ်ခံရတယ်ကြားတော့ ဆရာတော်ကနေ ဆက်သွယ်ပြီးတော့ နေကောင်းကြလား၊ ဘာညာမေးတာပေါ့။ သူတို့က ပြေးလာခဲ့ပြီ။ သူတို့က ကြံ့ခိုင်ရေးရုံးမှာလည်းနေတယ်။ တန့်ဆည် မြို့နယ်စခန်းတွေမှာနေတဲ့အခါမှာ နောက်ဆုံးတော့ တစ်လဝန်းကျင် သူတို့နေတဲ့အခါမှာ အဆင်မပြေလို့ ခက်ခဲမှုတွေရှိတယ်။ လုံခြုံမှုမရှိဘူး။ စားရေး နေရေး၊ ထိုင်ရေး၊ ကျန်းမာရေးကအစ မလွယ်ဘူးဆိုတော့။ ဆရာတော်ကနေပြီးတော့ ငါလာခေါ်လှည့်မယ်ဆိုပြီးတော့ ကားနဲ့ သွားခေါ်လိုက်တယ်။ အဲဒီကစပြီးတော့ ခုအချိန်ထိအောင် စောင့်ရှောက် ပေးတယ်။ ဆရာတော်စောင့်ရှောက်ပေးတာ လူဦးရေ ၆၀ ကျော်တယ်။ တချို့က များတဲ့အခါမှာ ရွှေ့ပေးရတာရှိတယ်။ အခုတော့ ဆရာတော် ကျောင်းမှာ လက်ရှိ ရှိတာကတော့ ၅၀ ကျော်လောက်ရှိတယ်။ လက်ရှိ ကယ်တင်ပေးထားတဲ့ပုဂ္ဂိုလ်တွေက တကယ်ခက်ခဲမှုတွေ အများကြီး ရှိတယ်။ စားဝတ်နေရေး၊ ကျန်းမာရေးတွေကရော သူတို့ပြေးလာခဲ့ရတာ အသက်တစ်ချောင်းပဲ ပါခဲ့တယ်။
အိမ်တွေလည်း မီးရှို့ခံရပြီးပြီ။ လူတွေ လည်း အသတ်ခံရပြီးပြီ။ ကာပေါင်းကျဟာ ၁၄ ယောက်အထိ အသတ်ခံရပြီး ပြီ။ အိမ်တွေလည်း ၁၇ အိမ်လောက် မီးရှို့ခံရတယ်။ အိုးအိမ်တွေလည်း ဖျက်ဆီး ခံရပြီးပြီ။ တစ်သက်လုံးရှာထားတဲ့ပစ္စည်းတွေလည်း နောက်ဆုံး ကျွဲ၊ နွားတွေလည်း အသတ်ခံခဲ့ရတယ်။ ဝေစားမျှစား PDF တွေက လုပ်သွားတယ်။ အသက်တစ်ချောင်းပဲ ပါခဲ့တယ်။ နောက်ဆုံး ဖိနပ်တောင်မပါဘူး ပြေးခဲ့ရတာ။ နောက်ဆုံး ဆရာတော်ပြောချင်တာက ခင်ဗျားတို့ ဒီအတိုင်းပစ်မထားပါနဲ့။ မျက်စိကြီးကြီး၊ နားကြီးကြီး၊ သဘောထား ကြီးကြီး၊ စေတနာကြီးကြီးနဲ့ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဆိုတဲ့အတိုင်းပဲ ဒီအချိန်မှာ တပ်မတော်ကို တအား အားကိုးနေကြပြီ။ ဆရာတော်ရဲ့ရွာမှာ စောင့်ရှောက်ပေးထားတာ မိသားစု ၅၀ ကျော်တယ်။ သူတို့မှာ စားစရာလည်းမရှိဘူး။ ဝတ်စရာလည်းမရှိဘူး။ နေစရာလည်း မရှိဘူး။ လုံခြုံမှုလည်း မရှိဘူး။ အဲဒါသူတို့မှာ သုံးစွဲစရာလည်း မရှိဘူး။ ကျန်းမာရေးကအစ သူတို့တွေရဲ့ အိုးအိမ်နေရာချထားရေးနဲ့ပတ်သက် လို့ ကောင်းကောင်းမွန်နဲ့လုပ်ပေးပါ။ နောက်တစ်ခါ သူတို့တွေရဲ့ စားဝတ်နေရေး၊ သုံးစွဲဖို့အတွက်လည်း နိုင်ငံတော်က ပစ်မထားပါနဲ့။ ဆရာတော် မေတ္တာရပ်ခံပါတယ်။
လူတိုင်းအမှားနှင့် မကင်းနိုင်ပါ၊ ဒါပေမယ့် မှားမှန်းသိသိကြီးဖြင့် ရှေ့ဆက်တိုးသူ၊ မှားမှန်းသိလို့ အချိန်မီပြင်ဆင်နိုင်သူသည် လာရာ အရပ်တူသော်လည်း လားရာအရပ်မတူကြတော့ဘူးဆိုတာ သတိပြုမိ ကြမည်ဖြစ်သည်။ လူငယ်များတွင် အနာဂတ်ရှိသည်။ အကြောင်းအရာ တစ်ခုခုကို ကျိုးကြောင်းဆီလျော်စွာ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဝေဖန် ပိုင်းခြားနိုင်စွမ်း ရှိကြသည်။ လူငယ်များ၏ အနာဂတ်လှပရန်အတွက် လမ်းမှားမလိုက်ရန်လိုသည်။ အိမ်ပြန်ချင်သော်လည်း မပြန်နိုင်တော့တာ၊ ဥပဒေမဲ့ နိုင့်ထက်စီးနင်းအပြုခံရတာ၊ အချင်းချင်းစွပ်စွဲပြီး သတ်ဖြတ်ရင် ဘယ်သူ့ပြေးတိုင်ရမှန်းမသိတာ၊ ကိုယ်ဖောက်လိုက်သည့် မိုင်းကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရတာ၊ သေကျေပျက်စီးစေတာ ကိုယ့်မိသားစု၊ ဆွေမျိုးများကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး လုပ်ခိုင်းလို့ လုပ်ခဲ့ရတာ၊ လူကြားထဲ ပေါ်ပေါ်ထင်ထင်မနေရဲဘဲ ပုန်းလျှိုးကွယ်လျှိုး ဖြင့် ဘယ်နေ့ အဖမ်းခံရမလဲဆိုပြီး ကျီးလန့်စာစား နေခဲ့ရတာများကြောင့် ကိုယ်လျှောက်သည့်လမ်းကြောင်း ဘယ်လောက်မှန်နေသလဲ၊ မှားနေ သလဲ စဉ်းစားကြည့်ရင် သိနိုင်သည်။ နိုင်ငံချစ်လို့ ကာကွယ်သည်ဆိုလျှင် လည်း ချစ်ပုံချစ်နည်းမှန်ရန်လိုအပ်မည်ဖြစ်သလို ယုံကြည်မှုအရဆိုရင် လည်း ယုံကြည်မှုသည် အရောင်ဆိုးခြင်းမခံရဘဲ ဖြူစင်နေရန် လိုအပ် သည်။ ထို့ကြောင့် မိမိ ယခုလက်ရှိပြုလုပ်နေဆဲ အလုပ်များသည် ဓမ္မလား၊ အဓမ္မလား ခွဲခြားသိမြင်နိုင်ပြီး လမ်းမှန်ကို အမြန်ဆုံးကူးပြောင်း နိုင်စေရန် တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။