
စလင်း နိုဝင်ဘာ ၆
ပြည်ပနိုင်ငံအချို့မှ အာလူးများကို မြန်မာနိုင်ငံအတွင်းသို့ နည်းလမ်း အမျိုးမျိုးဖြင့် တင်သွင်းနေခြင်းကြောင့် အာလူးဈေးကွက်တွင် နစ်နာ ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း စလင်းမြို့နယ် ဆင်ဖြူကျွန်းဒေသမှ အာလူးစိုက်ပျိုးသူများက ပြောသည်။ “အာလူးထွက်ပြီဆိုရင် ကုန်ချိန် (တန်ချိန်) အများကြီး ပေါ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆင်ဖြူကျွန်းဘက်က အာလူးပေါ်ချိန်ဆိုရင် ရှမ်းပြည်နယ်ဘက်က တောင်သူတွေကလည်း ရန်ကုန်ကို အာလူးတင်ပို့မှု ထိန်းချပေးကြ တယ်။ ကျွန်တော်တို့ဘက်ကို ကြည့်ပေးတဲ့သဘောပေါ့။ ကုန်သည် တွေ၊ စီးပွားရေးသမားတွေကျတော့ အဲဒီလိုမဟုတ်ဘူး။ ဆင်ဖြူကျွန်း ဒေသက အာလူးပေါ်နေလည်း ပြည်ပကအာလူးတွေကို တင်သွင်းကြ တာ။ ပြည်တွင်းကထွက်တဲ့ အာလူးနဲ့တင် ဖူလုံနေရဲ့သားနဲ့ သွင်းတာ ဆိုတော့ တောင်သူတွေအနေနဲ့ နစ်နာမှုရှိတာပေါ့”ဟု မကွေးတိုင်းဒေသ ကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့မှ စီးပွားဖြစ် အာလူးစိုက်ပျိုးသူ တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် အာလူးစိုက်ပျိုးရေးကို မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး လုပ်ကိုင် ကြပြီး ပြည်တွင်းစားသုံးမှုနှင့် စိုက်ပျိုးထုတ်လုပ်မှု မျှတဖူလုံသော် လည်း ကုန်သည်ပွဲစားများက အကြောင်းအမျိုးမျိုးပြကာ အာလူးများ တင်သွင်းနေဆဲဖြစ်သည်။
“အရင်ကတည်းကလည်း တင်သွင်းမှုတွေ နှစ်စဉ်လုပ်ခဲ့ကြတယ်။ အခုလိုကာလမှာတောင် နည်းအမျိုးမျိုးနဲ့ သွင်းနေတုန်းပဲ။ သွင်းအားစု တွေ၊ ဆီဈေးတွေ ကြီးမြင့်နေတဲ့အချိန်မှာတောင် အာလူးတွေက ဘင်္ဂလားဒေ့ရှ်က ဝင်တယ်၊ အိန္ဒိယက ဝင်တယ်၊ အခုနောက်ပိုင်း တရုတ်ကလည်း ဝင်လာတယ်။ ကျွန်တော်တို့ ဆင်ဖြူကျွန်းဒေသက တောင်သူတွေ နစ်နာသလို ရှမ်းပြည်နယ်က အာလူးစိုက်တောင်သူတွေ လည်း နစ်နာတာပေါ့။ မူဝါဒအရတော့ အာလူးမျိုးလို့ ပြောနေပေမယ့် စားတဲ့ဈေးကွက်ကိုလည်း သွားနေတာပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။
ကုန်သည်ပွဲစားအများစုမှာ ပြည်တွင်းစိုက်ပျိုးမှုအတွက် အာလူး မျိုး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်ဆိုသည့် အကြောင်းပြ ချက်ဖြင့် ပြည်ပနိုင်ငံများမှ အာလူးတင်သွင်းခြင်းဖြစ်ပြီး မျိုးစိုက်ပျိုးရန် ဟုတ် မဟုတ်နှင့် ပြည်တွင်းစားသုံးမှုဈေးကွက်သို့ ဦးတည်နေ ခြင်း ဟုတ် မဟုတ်ကို သက်ဆိုင်ရာဌာနအသီးသီးက စနစ်တကျ စစ်ဆေးမှုများ ပြုလုပ်ပေးစေလိုကြောင်းလည်း တောင်သူများက ပြောသည်။
နန်းထက်ထက်ချစ်