
နေပြည်တော် ဩဂုတ် ၅
အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ၏ (၁/ ၂၀၂၀)အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင်၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာမင်းရဲပိုင်ဟိန်းနှင့် ဦးစိုး အောင်၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ၊ အမြဲတမ်း အတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ပါမောက္ခချုပ် များ ကော်မတီ၊ မြန်မာနိုင်ငံ အင်ဂျင် နီယာအသင်းချုပ်၊ မြန်မာနိုင်ငံ နည်းပညာ ပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင် များအသင်းချုပ်နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ အသင်း (ဗဟို)တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဆုံးဖြတ်ချက် (၄)ချက်
အစည်းအဝေးတွင် အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့် ဆွေက အမျိုးသားသိပ္ပံ၊ နည်း ပညာနှင့် ဆန်းသစ်တီထွင်မှုကောင်စီ ၏ (၁/၂၀၁၉) အစည်းအဝေးကို ၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆုံးဖြတ် ချက်(၄)ချက် ချမှတ်ခဲ့ပါကြောင်း။
ယနေ့ကျင်းပပြုလုပ်သည့် အစည်း အဝေးသည် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများ ဖွံ့ဖြိုး လာစေရန်၊ ခေတ်မီသိပ္ပံနှင့် နည်းပညာများကို အခြေခံသည့် သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ နည်းပညာ ပြန့်ပွားရေးနှင့် နည်းပညာလွှဲပြောင်း ခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ ကျွမ်းကျင်ပညာရှင်များ စဉ်ဆက် မပြတ် ပေါ်ထွန်းလာရေးအတွက် လေ့ကျင့်ပညာပေးခြင်းများ ဆောင်ရွက် ရန်၊ တက္ကသိုလ်များ၊ စက်မှုကုန် ထုတ်လုပ်ငန်းများနှင့် အခြားသော အဖွဲ့အစည်းများအကြား အချင်းချင်းပူးပေါင်းဆောင်ရွက်ရန်၊ ဆန်းသစ် တီထွင်သူများအား ဂုဏ်ပြုချီးမြှင့် ရန်နှင့် အကျိုးခံစားခွင့်များရရှိစေရန်၊ ဈေးကွက်စီးပွားရေးကို အားပေး သော သုတေသနဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်နှင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရေး စီစဉ်ဆောင်ရွက်ရန် စသည့်သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုဥပဒေပါ ရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ် များချမှတ်နိုင်ရန်အတွက် ကျင်းပရခြင်း ဖြစ်ပါကြောင်း။
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေကို ပြဋ္ဌာန်း ထားပြီးဖြစ်ပါကြောင်း၊ ထို့ပြင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု နည်းဥပဒေကို အမြန်ဆုံးပြဋ္ဌာန်း နိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိပါ ကြောင်း။
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီ ထွင်မှုလုပ်ငန်း (Science, Technology and Innovation - STI) များ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန် အမျိုးသားအဆင့်မူဝါဒများနှင့် လုပ်ငန်းမူဘောင်များ ရေးဆွဲနိုင်ရေး အတွက် ကုလသမဂ္ဂအာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာစီးပွားရေးနှင့် လူမှုရေး ကော်မရှင် (United Nations Economic and Social Commission for Asia and the Pacific- UNESCAP) နှင့် ပူးပေါင်းကာ ဆောင် ရွက်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံဖြစ်ပြီး Organization for Economic Co-operation and Development (OECD) ၏ မိတ်ဖက် လည်းဖြစ်သည့်အတွက် United Nation (UN) နှင့် OECD တို့၏ STI သတ်မှတ်ချက်များအတိုင်း ဆောင်ရွက် ရန်နှင့် OECD က နှစ်အလိုက်ထုတ်ပြန် ထားသည့် STI Outlook နှင့်လည်း ကိုက်ညီရန် လိုအပ်ပါကြောင်း။
ဦးစားပေးဆောင်ရွက်
ထို့အပြင် မူဝါဒများရေးဆွဲရာတွင် လည်း နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက် ရေးကို ဦးတည်သည့် သိပ္ပံ၊ နည်းပညာ နှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အမျိုး သားအဆင့် မူဝါဒများနှင့် ၎င်းမူဝါဒ များကို ဖော်ဆောင်မည့် နည်းဗျူဟာ များ ချမှတ်နိုင်ရန် လိုအပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးက အဆင့်မြင့် အရာရှိကြီးများကိုယ်တိုင် ပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြား လိုပါကြောင်း၊ သက်ဆိုင်ရာဌာနများ အနေဖြင့်လည်း လက်ရှိဆောင်ရွက် နေသည့် မူဝါဒများနှင့် လုပ်ငန်းစဉ် များကို ပြန်လည်သုံးသပ်ပြီး နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ပိုမိုဖွံ့ဖြိုးလာစေရန်အတွက် နိုင်ငံ၏ လိုအပ်ချက်ပေါ် မူတည်ပြီး ဦးစားပေး အလိုက် အကောင်အထည်ဖော်ဆောင် ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
သို့မှသာ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အမျိုးသား အဆင့်မူဝါဒများကို ဖော်ဆောင် ရေးဆွဲရာမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သည့်မူဝါဒများ ဖြစ်လာစေရေး သာမက ကုလသမဂ္ဂ၏ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်း ချက်ပန်းတိုင်များ (Sustainable Development Goals - SDGs) 2030 နှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း။
ဥပမာအားဖြင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDGs) အနက် ပန်းတိုင်အမှတ်(၄) ဖြစ်သည့် အရည်အချင်းပြည့်ဝသော ပညာရေး ရရှိရေး၊ ပန်းတိုင်အမှတ်(၅)ဖြစ်သည့် ကျား-မ တန်းတူ ညီမျှရှိရေးနှင့် ပန်းတိုင် အမှတ်(၉)ဖြစ်သည့် စက်မှုလုပ်ငန်း၊ တီထွင်ဆန်းသစ်မှုနှင့် အခြေခံ အဆောက်အအုံမြှင့်တင်ရေးစသည်တို့နှင့် ကိုက်ညီမှုရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ အပြင် ပန်းတိုင်အမှတ်(၁၇)ဖြစ်သည့် ရည်မှန်းချက်များအားလုံးအတွက် မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ကိုလည်း တိုးမြှင့်ဆောင်ရွက်ခြင်းကို တစ်ပါတည်း စဉ်းစားလုပ်ဆောင်သွား ရမည်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော် က ချမှတ်ထားသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Develop- ment Plan - MSDP) တွင် ပါဝင်သည့် မဏ္ဍိုင်(၂) ၊ ပန်းတိုင်(၃)၏ မဟာ ဗျူဟာ အမှတ် ( ၇ ) တွင် ဖော်ပြထား သော ခေတ်မီတိုးတက်သည့် နိုင်ငံ ဖြစ်လာရေးကို အထောက်အပံ့ဖြစ်စေ သည့် ဖန်တီးမှုနှင့် ဆန်းသစ်တီထွင်မှု ကို ပိုမိုတွန်းအားပေးရာ ရောက်မည် ဖြစ်ပါကြောင်း။
ထပ်မံဖွဲ့စည်း
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှုဆိုင်ရာ ကော်မတီ(၈)ခု၏ အမည်များနှင့် အဖွဲ့ဝင် အမည်စာရင်း များကို ရရှိပြီးဖြစ်သည့်အတွက် ယခု အစည်းအဝေးမှာ အတည်ပြုဆုံးဖြတ် ချက်ရယူကာ ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်သလို သက်ဆိုင်ရာ ကဏ္ဍ အလိုက် လိုအပ်သည့် ကော်မတီများ ထပ်မံဖွဲ့စည်းနိုင်ရေး ဆွေးနွေးအကြံ ပြုပေးကြရန် ပြောကြားလိုပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လုပ်ငန်းကော်မတီ များ ထပ်မံဖွဲ့စည်းနိုင်ရေး ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက် ASEAN Plan of Action on Science, Technology and Innovation (2016 - 2025)၏ ရည်မှန်းချက်များနှင့် အကောင် အထည်ဖော်မှုအစီအစဉ်များကို အခြေ ခံ၍ မိမိတို့၏ ကော်မတီများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာလ အပိုင်းအခြားအလိုက် အကောင် အထည်ဖော်ဆောင်ရွက်မည့် Work Plan” များ၊ “Vision and Goals တို့ ကို စနစ်တကျ ရေးဆွဲဆောင်ရွက် သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကော်မတီအသီးသီးက ရရှိ လာသော Work Plan များနှင့် Vision and Goals များကို စုစည်းပြီး National STI Action Plan and Implementation Plan ရေးဆွဲနိုင် ရေးကိုလည်း ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ် တီထွင်မှု ဥပဒေ၏ ရည်ရွယ်ချက်များ ထိရောက်အောင်မြင်စေရေးအတွက် နိုင်ငံအကျိုးပြုသိပ္ပံနှင့် နည်းပညာ ဆိုင်ရာ သုတေသနလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်သကဲ့သို့ သုတေသနပြုလုပ်ခြင်းမှ ရရှိလာသည့် ရလဒ်များကို စက်မှု လုပ်ငန်းများနှင့် ထုတ်လုပ်ရေး လုပ်ငန်းများထံသို့ နည်းပညာများ လွှဲပြောင်းပေးနိုင်ရေးသည်လည်း အရေးပါသည့် အခန်းကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုများ ရေရှည် တည်တံ့ခိုင်မြဲရန်အတွက် ရှိရင်းစွဲနည်း ပညာများ၏ တန်ဖိုးကိုမြှင့်တင်ပြီး စီးပွားရေး ဈေးကွက်ရရှိနိုင်သည့် အခြေအနေဖြစ်အောင် ဖန်တီးပေးနိုင် ရန် လိုအပ်ပါကြောင်း။
ယခုလို ဖန်တီးရာတွင်လည်း နည်းပညာများကို တီထွင်ဖန်တီးသူ နှင့် ရင်းနှီးမြှုပ်နှံသူများအကြား တန်ဖိုးခွဲဝေရယူနိုင်မှုရှိမှသာ အချင်း ချင်းအကျိုးခံစားခွင့်များ ရှိလာပြီး တီထွင်ဖန်တီးသူများလည်း တိုးတက် များပြားလာမည်ဖြစ်ကာ အခြား တစ်ဖက်တွင်လည်း တိုင်းပြည်၏ စီးပွားရေးကို မြှင့်တင်ရာရောက်မည် ဖြစ်ပါကြောင်း။
အခြေခံလုပ်ငန်းစဉ်
နည်းပညာနှင့် တီထွင်ဆန်းသစ် မှုများ ပိုမိုတိုးတက်များပြားလာစေရန် အခြေခံပညာ အဆင့်မှ စတင်၍ အသိ ပညာပေးနိုင်ရန် စီမံဆောင်ရွက်နေ ခြင်းသည်လည်း STI ၏ အခြေခံ လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ရှာဖွေ တွေ့ရှိထားသည့် နည်းပညာနှင့် တီထွင်မှု(Invention) များကို ကာကွယ်မှုနှင့်တန်ရာတန်ကြေးရရှိ စေနိုင်ရန် ဆောင်ရွက်ပေးခြင်းသည် လည်း STI ၏ လုပ်ငန်းစဉ်တစ်ခုဖြစ် ပါကြောင်း၊ ယခုလို ကာကွယ်မှုများ ပေးနိုင်ရန်အတွက် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ ကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ နည်း ပညာလွှဲပြောင်းခြင်းနှင့် မူပိုင်ခွင့် မျှဝေသုံးစွဲခြင်းတို့ အသက်ဝင်လာ အောင်ဆောင်ရွက်မည့် တီထွင်သူနှင့် သုံးစွဲသူ (လုပ်ငန်းရှင်)အကြား ဆက် သွယ်ပေးမည့် ကြားခံအဖွဲ့အစည်း လိုအပ်ပါကြောင်း၊ နိုင်ငံတကာတွင် Technology Transfer Office သို့မဟုတ် Technology Transfer Center များ ထူထောင်ပြီး ဆောင်ရွက် နေသည်ကို တွေ့ကြရမည်ဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံ အနေဖြင့်လည်း နည်းပညာ လွှဲပြောင်းခြင်းဆိုင်ရာ လုပ်ငန်းများကို ဥပဒေအရ တာဝန် ရှိသော တာဝန်ခံဦးစီးဌာနက ဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့မှ သာ သုတေသန ပြုလုပ်သူအနေဖြင့် အကာအကွယ်ရရှိပြီး လုပ်ငန်းရှင် များ၏ နည်းပညာလိုအပ်မှုများကို လျင်မြန်တိကျစွာ ဆောင်ရွက်ပေးနိုင် မည်ဖြစ်ပါကြောင်း၊ တီထွင်ဖန်တီး သည့် မည်သူကိုမဆို ၎င်း၏တီထွင် ဖန်တီးမှုအတွက် ထိုက်တန်သည့် အကျိုးကျေးဇူးများကို ရရှိလာမည် ဖြစ်ပါကြောင်း။
ယခုလို တီထွင်ဖန်တီးမှုဆိုင်ရာ အကျိုးကျေးဇူးများကို ထင်သာမြင်သာ ဖြစ်အောင် တက္ကသိုလ်များ၊ ကောလိပ် များနှင့် ကျောင်းများတွင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ များကို အသိပညာပေးဟောပြောပွဲများ ကျင်းပပေးခြင်းအားဖြင့် တီထွင်ကြံဆ ဖန်တီးမည့်သူများ ပိုမိုများပြားလာ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုပြပွဲ၊ ပြိုင်ပွဲများနှင့် ဟောပြောပွဲများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
စနစ်တကျဆောင်ရွက်
ထို့အပြင် ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များကို နည်းပညာအသစ်များ အသုံးချနိုင်ရေးနှင့် လိုအပ်သည့် နည်းပညာများကို လွှဲပြောင်းရယူ နိုင်ရေးစသည့် အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းများ ဆောင်ရွက် ပေးသွားရမည်ဖြစ်ပြီး ပြည်ပရင်းနှီး မြှုပ်နှံမှုများ ပိုမိုများပြားလာပါက နည်းပညာနှင့် တီထွင်ကြံဆမှုများ အားကောင်းလာနိုင်သည့်အတွက် တီထွင်သူများ၏ နည်းပညာများကို ကာကွယ်ပေးခြင်းနှင့် နည်းပညာ လွှဲပြောင်းခြင်းများကို ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ပေးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း။
အားလုံးပါဝင်နိုင်သည့် မြို့ပြနှင့် ကျေးလက် ဟန်ချက်ညီညီစဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့် နည်းပညာကဏ္ဍဖြင့် သယ်ပိုး ဆောင်ရွက်နိုင်ရေး လုပ်ငန်းများ ရေးဆွဲချမှတ် ဆောင်ရွက်ရာတွင် အရည်အသွေးမြင့်မားသည့် လူ့စွမ်း အားအရင်းအမြစ်များ ပြုစုပျိုးထောင် မွေးမြူခြင်း၊ အောင်မြင်သည့် သုတေ သနများအား စီးပွားဖြစ်အကောင် အထည်ဖော်ခြင်း၊ အခြေခံသုတေ သနများမှ အသုံးချသုတေသနများ အထိ သုတေသနကွန်ရက်များ ဖော်ဆောင်ခြင်း၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ တီထွင်ကြံဆမှု၊ ဖန်တီးမှုများ တိုးမြှင့်နိုင်သည့် စနစ်တစ်ခုကို ချမှတ်ခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
နိုင်ငံတကာက ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ တကာ၏ အကူအညီအထောက်အပံ့ များကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေများ၏ ပြဋ္ဌာန်းချက် များနှင့်အညီ ထုတ်ပြန်သင့်သည့်အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်သွားရ မည်ဖြစ်ပါကြောင်း။
အင်တိုက်အားတိုက်ဆောင်ရွက်
ဒေသအလိုက် ရှိရင်းစွဲ သယံဇာတ အရင်းအမြစ်များကို တိုးမြှင့်ထုတ်လုပ် နိုင်ရေးအတွက် နည်းပညာအသစ်များ တီထွင်ဖန်တီးနိုင်ရန် လိုအပ်သကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်များ တိုးပွား လာအောင်လည်း အင်တိုက်အားတိုက် ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း။
ထို့အပြင် သက်ဆိုင်ရာဌာနများ အနေဖြင့် လုပ်ငန်းလမ်းညွှန်များ စနစ်တကျရှိစေရေး၊ သုတေသန ရလဒ်များကို စီးပွားဖြစ်အသုံးချနိုင် ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများက တောင်းဆိုလာသည့် သုတေသန လုပ်ငန်းများကို ကူညီဆောင်ရွက်ပေး နိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင် ရွက်သွားကြရမည် ဖြစ်ပါကြောင်း။
ယနေ့ အစည်းအဝေးကို တက်ရောက်လာကြသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီ အမံများနှင့်လိုအပ်သည့်အကြံပြုချက် များကို ပွင့်လင်းစွာ ဆွေးနွေးပေးကြစေ လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သုတေသန ကျွမ်းကျင်ပညာရှင်များ စဉ်ဆက်မပြတ် ပေါ်ထွန်းရေးအတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံ ကိန်း ၂၀၂၁-၂၀၃၀ (National Education Strategic Plan 2021-2030) ကို ရေးဆွဲဆောင်ရွက်နေမှု အခြေအနေ၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှုဗဟိုဌာန (Center of Research and Innovation) တည်ထောင်ဖွင့်လှစ်သွားမည့် အခြေ အနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ တက္ကသိုလ်များတွင် မိမိတို့ဒေသ အလိုက် လိုအပ်သည့်နည်းပညာများ တီထွင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည့်အခြေအနေ၊ အသိပညာ ပေးဟောပြောပွဲများ ကျင်းပပြုလုပ် မည့်အခြေအနေ၊ အဆင့်မြင့်ပညာ ကဏ္ဍတွင်သာမက အခြေခံပညာကဏ္ဍ တွင်လည်း ထီထွင်ဖန်တီးမှုဆိုင်ရာ စိတ်ကူးစိတ်သန်းများ ရရှိနိုင်ရန် Application များ၊ Software များကို အသုံးပြုနိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ထားရှိမှုအခြေအနေ၊ အမျိုးသား သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကောင်စီ (၁/၂၀၁၉) အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်နေမှုအခြေ အနေများ၊ နည်းဥပဒေများ၊ မူဝါဒများ နှင့် ရှေ့ဆက်လက်ဆောင်ရွက်သွား မည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယနေ့ မျက်မှောက်ခေတ်ကာလသည် အလိုအလျောက် စနစ်များ အသုံးပြု၍ အချက်အလက်(Data) ဖလှယ် နိုင်သည့် ကုန်ထုတ်လုပ်ခြင်းစနစ်ကို ကျင့်သုံးသည့် စတုတ္ထ စက်မှုတော်လှန်ရေး (Fourth Industrial Revolution ခေါ် Industry 4.0) ခေတ်ကာလ ဖြစ်ပါသဖြင့် သိပ္ပံ၊ နည်းပညာ နှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ၎င်းနှင့် သက်ဆိုင်သည့် ကော်မတီများဖွဲ့စည်းကာ လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးတင်ပြသည်။
ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် ကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းနိုင်ရေး၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင် နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြ သည်။
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက National Research Policy ပေါ်ပေါက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်သင့်သည့် အစီအမံများနှင့် ဖွဲ့စည်းဆောင်ရွက် မည့် ကော်မတီများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ရမည့်အခြေအနေများနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြသည်။
ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း တို့က သိပ္ပံ၊ နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများနှင့်လိုအပ်သည့် အကြံ ပြုချက်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက အကြံပြုဆွေးနွေးတင်ပြ ချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။
သတင်းစဉ်