
နေပြည်တော် အောက်တိုဘာ ၂၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၃)ကြိမ် မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် များ၊ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ရောဂါဖြစ်ပွားမှုနှုန်းများ ကျဆင်းလာမှုတို့နှင့် ပတ်သက်၍ “ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဗဟိုကော်မတီ ဖွဲ့ထားတာရှိပါတယ်။ သို့သော်လည်း ဗဟိုကော်မတီ နဲ့ ပိုပြီးတော့ ကျစ်ကျစ်လျစ်လျစ်ရှိအောင်ဆိုပြီးတော့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေလောက်ပဲ အစည်းအဝေး ခေါ်ပြီးလုပ်ခဲ့တာ။ အဲ့ဒီတော့ ပြီးခဲ့တဲ့ဇူလိုင်လကတော့ ကိုဗစ်-၁၉ ဖြစ်ပွားမှု အတော်လေးများခဲ့ပါတယ်။ ပြီးခဲ့တဲ့ အစည်းအဝေးမှာလည်း ကျွန်တော်ပြောခဲ့ တယ်။ ဇူလိုင်လ ၁၄ ရက်နေ့က အားလုံး ၇၀၈၃ ယောက်ဖြစ်ခဲ့ပြီး ၃၃ ဒသမ ၁၇ ရာခိုင်နှုန်းဖြစ်ခဲ့တာ ကိုတွေ့တယ်။ Percentage အမြင့်ဆုံးကတော့ ဇူလိုင်လ ၂၃ ရက်နေ့မှာ ၅၅၀၆ ယောက်နဲ့ ၄၀ ဒသမ ၀၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဒီကနေပြီးတော့။ ဗဟို ကော်မတီကနေပြီးတော့မှ တောက်လျှောက်ကို အပတ်စဉ်လုပ်ငန်းညှိနှိုင်းပြီးတော့မှ ဆောင်ရွက်ပေး တာပေါ့။ နေ့စဉ်ကလည်း ဒုဥက္ကဋ္ဌဦးစီးပြီးတော့မှ ကြပ်မတ်ပြီးတော့ ဆောင်ရွက်ပေးမှုတွေကြောင့် တစ်ဖက်ကလည်း ရောဂါထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်တွေ ဒီဘက်ကလည်း နိုင်ငံတော် အပိုင်းက လုပ်ရမယ့်ဟာတွေလည်း ထိထိရောက်ရောက် လုပ်လာနိုင်တယ်။ တစ်ဖက်ကလည်း ပြည်သူအပိုင်း ကနေပြီးတော့ ပိုပြီးတော့မှ အလေးထားပြီး ဆောင်ရွက်တဲ့အတွက်ကြောင့်။ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေကို လိုက်နာဆောင်ရွက်တာပေါ့၊ ဒုတိယက ဘာလဲဆိုတော့ လိုအပ်ချက်တွေကို ဝိုင်းကူကြတာပေါ့၊ လိုအပ်ချက်တွေကို ဝိုင်းကူကြ တယ်၊ ဥပမာအားဖြင့် ဆေးတွေ လှူကြတယ်၊ ကာကွယ်တဲ့ပစ္စည်းတွေ လှူကြတယ်၊ အောက်ဆီဂျင် မရရအောင်၊ တကယ့်စေတနာရှင်တွေကနေ။ ရအောင်။ ပြည်ပနိုင်ငံတွေကနေ မရရအောင် ဝယ်ယူ ပြီးတော့ ဆောင်ရွက်ပေးတာတွေ၊ ဒါတွေကြောင့် တော်တော်ကြီးကို ဒါအကျိုးသက်ရောက်မှုရှိပါတယ်။ အကျိုးသက်ရောက်မှုရှိပြီးတော့ နောက်ဆုံး မနေ့က ဆိုရင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လေးရာခိုင်နှုန်း ကျော်လောက်ထိပဲဖြစ်လာခဲ့တာကို တွေ့ပါတယ်။ ကျွန်တော့်ရည်မှန်းချက်ကတော့ အောက်တိုဘာ ၂၄ ရက်နေ့က ငါးရာခိုင်နှုန်း၊ အောက်တိုဘာ ၃၁ ရက်နေ့ ကို သုံးရာခိုင်နှုန်းလျှော့ချဖို့အတွက် Target ထားပြီး တော့ ကျွန်တော်ကော်မတီမှာလည်း ပြောခဲ့ပြီးသား ဖြစ်ပါတယ်။ အခုကတော့ လေးရာခိုင်နှုန်းကျော် လေးတော့ ဖြစ်နေသေးတာပေါ့။ အဲ့ဒီတော့ ဒါလေး တွေကိုလည်း တစ်ဖက်ကလည်း ဒီထက်ပိုပြီးတော့ ဖြစ်ပွားမှု ရာခိုင်နှုန်းကျအောင် ဆောင်ရွက်ပေးဖို့ လိုပါလိမ့်မယ်”ဟု ပြောကြားသည်။
ဦးစားပေးဆောင်ရွက်
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ရောဂါဖြစ်ပွားမှုနှုန်းများသည့် မြို့နယ်များ အား ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအတွက် ဦးစားပေးဆောင်ရွက်ရန်လိုပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ ကူးစက်မှုများအား စစ်ဆေးဆောင်ရွက်ခြင်းဖြင့် ကာကွယ်ကုသရေး အတွက် အခွင့်အရေးရလာမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် ကူးစက်မှုများအားမသိဘဲ အုံ့ပုန်းဖြစ်နေမှု များမှာ စိုးရိမ်စရာဖြစ်ကြောင်း၊ ကူးစက်မှုနှုန်း မြင့်နေဆဲဖြစ်သည့် မြို့နယ်များအား စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ကူးစက်မှု နှုန်း လျော့ကျလျက်ရှိသည့် မြို့နယ်များတွင်လည်း ပေါ့ပေါ့ဆဆဖြင့် ဆောင်ရွက်၍မရကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် Stay at Home နှင့် သွားလာမှုကန့်သတ်ခြင်းများ ဆောင်ရွက်ခြင်း၊ ရုံးပိတ်ခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း၊ ယခုအခါ ဖြစ်ပွားမှုနှုန်းများ ကျဆင်းလာပြီဖြစ်သဖြင့် အချို့ မြို့နယ်များအား Stay at Home များ ဖြေလျှော့ပေး ခဲ့ပြီး ရုံးများ ပုံမှန်အတိုင်း ပြန်လည်တက်ရောက်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူကျောင်းများ ပုံမှန် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ အတိုင်းအတာတစ်ခုအထိ ထိုးနှံပြီးဖြစ်ကြောင်း။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုအနေဖြင့် လက်ရှိ အချိန်တွင် လေးရာခိုင်နှုန်းကျော် ကူးစက်မှုရှိသော် လည်း ယခုထက် ပိုမိုလျော့ကျလာနိုင်သေးကြောင်း၊ ပြီးခဲ့သည့် သီတင်းကျွတ်ကာလတွင် ခရီးသွားခြင်း များ ဆောင်ရွက်ခဲ့ကြသော်လည်း ကူးစက်မှုနှုန်းများ မြင့်တက်လာသည်ကို မတွေ့ရကြောင်း၊ ကာကွယ် ဆေးထိုးနှံထားမှုများနှင့် ကိုဗစ်စည်းကမ်းအား လိုက်နာခဲ့မှုများကြောင့်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရောဂါကူးစက်မှုနှုန်းများ ကျဆင်းလာချိန်တွင် ရပ်တန့်ထားရသည့် ပညာရေးယန္တရား၊ ကုန်ထုတ် လုပ်မှုယန္တရားများနှင့် အကန့်အသတ်ဖြင့် ခွင့်ပြုထား ရသည့် သယ်ယူပို့ဆောင်ရေး ယန္တရားများအား ပြန်လည်ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်၍မရနိုင်သော်လည်း ရောဂါကူးစက်မှုနှုန်း နည်းပါးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြန်လည်ဆောင်ရွက်၍ရကြောင်း၊ ပို့ဆောင်ရေးနှင့် ပတ်သက်သည့် လေကြောင်းလိုင်းများ၊ ရထားလိုင်း များ၊ ကားလိုင်းများအား အပိုင်းအလိုက် ပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရန်အတွက်လည်း အဆင့်အလိုက် ပြန်လည် ဖွင့်လှစ်နိုင်ရေး စဉ်းစားဆုံးဖြတ် ဆောင်ရွက်ကြရန် လိုကြောင်း။
ထည့်သွင်းစဉ်းစားရန်လို
မိမိတို့နိုင်ငံ လူဦးရေ၏ ၃၅ ရာခိုင်နှုန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုများအား ဆက်လက် ဆောင်ရွက်သွားမည်ဆိုပါက ဒီဇင်ဘာလအတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်အား ထိုးနှံပေးနိုင် မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံ ပြီးသူများအား ခရီးသွားလာခွင့် ခွင့်ပြုပေးနိုင်မည့် အခြေအနေ၊ အလားတူ ပြည်ပနိုင်ငံများမှ လာရောက် သူများအား ခွင့်ပြုပေးနိုင်မည့် အခြေအနေများအား ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက်သူများ များစွာ ကျဆင်းသွားပြီး အရေးပေါ်လူနာများ၊ အောက်ဆီဂျင် လိုအပ်မှုများ လျော့နည်းလာသည်ကို သိရှိရကြောင်း၊ ထိုသို့ ကျဆင်းသွားခြင်းမှာ အားလုံး၏ ပူးပေါင်း ဆောင်ရွက်မှု၏ အောင်မြင်မှုရလဒ်ပင်ဖြစ်သဖြင့် ဝမ်းမြောက်ဖွယ်ပင်ဖြစ်ကြောင်း၊ ထပ်မံကူးစက်မှု မရှိစေရေးအတွက်လည်း ဆောင်ရွက်ရမည့်ကိစ္စရပ် များကို စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကြိုးစားနေတာရှိပါတယ်။ တရုတ်နိုင်ငံနဲ့ဆွေးနွေးနေတာရှိတယ်။ ရုရှားနိုင်ငံနဲ့ ဆွေးနွေးနေတာရှိ တယ်။ မနေ့ကပဲ ရုရှားက ကိုယ်စားလှယ်အဖွဲ့တွေ အချို့ ကျွန်တော့်ကိုလာပြီး တင်ပြတာရှိတယ်။ သူတို့ ဘယ်လိုလုပ်ပေးနိုင်ပါတယ်ဆိုပြီး ဒီလိုပြောလာတာ ရှိတယ်။ ဒါလည်း ကျွန်တော်တို့က ဒီဆေးက ရေရှည် ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက်ကြောင့် ဒီဟာ ကို အမြန်ဆုံးဆောင်ရွက်ဖို့လည်းလိုတယ်။ အခုက ကျွန်တော်တို့ ဝယ်နေရတယ်၊ တောက်လျှောက် ဝယ်နေရတယ်။ တရုတ်နိုင်ငံက ရောင်းပေးလို့ပဲ။ တရုတ်နိုင်ငံကသာ ကျွန်တော်တို့ လိုသလောက် ရောင်းမပေးနိုင်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ဒီအခြေအနေမျိုးရောက်နိုင်စရာ အကြောင်းမရှိဘူး။ ဒီနေရာမှာ အခွင့်ကြုံတဲ့အချိန်မှာလည်း တရုတ် ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဒီလို ကာကွယ်ဆေးတွေရရှိအောင် အချိန်နဲ့တစ်ပြေးညီ မျှဝေဆောင်ရွက်ပေးတဲ့အတွက်လည်း မြန်မာနိုင်ငံရဲ့ ကိုယ်စား ကျေးဇူးတင်ကြောင်းလည်း ကျွန်တော် ပြောလိုပါတယ်။ ဘာပဲပြောပြော ဖြစ်ပွားမှုနှုန်း ကျသွားတဲ့အတွက် မြန်မာနိုင်ငံမှာ ရောဂါကြောင့် စောစောကပြောတဲ့ ဇူလိုင်လတို့မှာတော့ သေဆုံးမှု နှုန်းမြင့်ခဲ့တာကိုး။ အဲဒီကနေပြီးတော့ တောက်လျှောက် ကျလာတာ မနေ့ကဆို ဆယ်ဂဏန်းလေးပဲရှိတော့ တယ်။ ဆယ်ဂဏန်းကျော်ကျော်လေးပဲရှိတယ်။ တော်တော်လေးဝမ်းသာဖို့ ကောင်းပါတယ်။ သူများ တိုင်းပြည်တွေ တချို့ဆို ပြန်ပြီးကူးစက်မှုများနေတဲ့ အချိန်မှာ သေတဲ့နှုန်းလည်း များနေတဲ့အချိန်မှာ ကျွန်တော်တို့က ဖြစ်ပွားမှုနှုန်းရော သေတဲ့နှုန်းရော တော်တော်လေးကို ကျသွားတာ။ အဲ့ဒီတော့ အင်မတန်ကို ကုသိုလ်ကံကောင်းတယ်လို့ ပြောရလိမ့် မယ်။ အဲ့ဒီတော့ တစ်ဖက်က ခုနကပြောတဲ့ ထိုးဆေး နဲ့ ပတ်သက်ရင်လည်း ထိုးဆေးက။ ကျွန်တော်တို့က ဒီရောဂါသည် ယှဉ်တွဲနေထိုင်ရမယ့် ရောဂါတစ်ခုလို ဖြစ်နေတယ်။ လုံးဝပျောက်ကင်းမယ်လို့ ဘယ်နိုင်ငံက မှ မပြောဘူး။ ကမ္ဘာ့ကျန်းမာရေးကလည်း မပြောဘူး။ ဘယ်နိုင်ငံကမှလည်း အဆိုမပြုဘူး၊ သုံးသပ်ချက် မထုတ်ဘူး။ ကျွန်တော်တို့ ဒီရောဂါသည် ယှဉ်တွဲ သွားရမည့်ရောဂါတစ်ခုလို့ ပြောထားတဲ့အတွက် ကြောင့် ကျွန်တော်တို့က ကာကွယ်ဆေးကတော့ အနည်းဆုံး ခြောက်လတစ်ကြိမ်တော့ ထိုးနေရမယ့် အနေအထားရှိပါတယ်။ နောက် အသက်ပြည့်တဲ့ အရွယ်ရောက်တဲ့ ကလေးတွေ၊ မထိုးရသေးတဲ့ အဖွဲ့ တွေလည်း ကျန်နေသေးတယ်။ အခုတော့ ကမ္ဘာ့ ကျန်းမာရေးက၊ အမေရိကန် FDA ကတော့ ကလေး တွေ ထိုးခွင့်ရှိတယ်ဆိုပြီး မနေ့ကတော့ အကြံပြုချက် တွေ ပေးတာတွေ့ပါတယ်။ ကျွန်တော်တို့ အဲ့ဒီအဆင့် ထိသွားမယ်ဆိုလို့ရှိရင် နောက်ထပ် ဆေးတွေ အများကြီး လိုလာဦးမှာဖြစ်ပါတယ်။ လာမယ့်နှစ် တွေမှာလည်း ခြောက်လပြည့်တိုင်း ပြန်ထိုးရမယ့် ဆေးတွေကလည်း သန်းနဲ့ချီပြီး လိုမှာဖြစ်တယ်။ ဒါကြောင့် ထိုးဆေးက မဖြစ်မနေ ပြည်တွင်းမှာထုတ်ဖို့ လိုအပ်ပါတယ်။ အနည်းဆုံး တစ်လကို လေးငါးသန်း တော့ ထုတ်နိုင်ဖို့လိုပါတယ်။ ဒါကတော့ သေချာ ပြန်တွက်ရမှာပေါ့” ဟု ပြောကြားသည်။
ကုန်ကျမှုအား လျှော့ချနိုင်ရန်
ယင်းနောက် ကာကွယ်ဆေးထုတ်လုပ်ရန် အတွက် ကုန်ကျစရိတ်များရှိသကဲ့သို့ ကုသမှုလုပ်ငန်း များ ဆောင်ရွက်နေသည့် ဆေးရုံများတွင်လည်း ကုန်ကျစရိတ်များရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တစ်ခုတည်းအပေါ်တွင် သုံးစွဲရသည့် နိုင်ငံတော် ဘဏ္ဍာငွေများမှာ ဘီလီယံနှင့်ချီ၍ ကုန်ကျကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ ကုန်ကျမှုအား လျှော့ချ နိုင်ရန်အတွက် ကျန်းမာအောင်နေထိုင်ရန် လိုအပ် သကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံတော်ဝင်ငွေရရှိရန်အတွက် ကုန်သွယ်မှုနှင့် ထုတ်လုပ်မှုများမြှင့်တင်၍ ဝင်ငွေရအောင် ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက်အနေဖြင့်လည်း ကုန်ထုတ်လုပ်မှုများအား အားတတ်သရော အားပေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသအလိုက် တစ်ဦးချင်းအလိုက် စီးပွားရေးကောင်းမွန်ရေး အတွက် ဂရုတစိုက်ဖြင့် ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ ဒေသစီးပွားတိုးတက်ရေးအတွက် အားလုံး ဝိုင်းဝန်းတိုင်ပင်၍ စဉ်းစားဆောင်ရွက်ကြရန် လိုကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ လက်ရှိ ဖြစ်ပွားမှုနှင့် လျော့ကျလာသည့်အခြေအနေ၊ ရောဂါ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ဓာတ်ခွဲလူနာ များအား တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့မှုနှင့် ကုသ ဆောင်ရွက်ပေးနိုင်ခဲ့မှုအခြေအနေ၊ ရောဂါကူးစက်မှု အား တင်းကျပ်စွာ ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ် နေသေးသည့်အခြေအနေ၊ ရောဂါကူးစက်မှု လျော့ကျလာသည့် မြို့နယ်များကို နေအိမ်တွင် နေထိုင်ရေး (Stay at home) စာရင်းနှင့် သတ်မှတ် စည်းကမ်းချက်များမှ ဖြေလျှော့ပေးခဲ့သည့် အခြေ အနေ၊
ပွဲလမ်းသဘင်များကို ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး၊ ပြည်ပသို့ ထွက်ခွာမှု၊ ပြည်ပမှ ပြန်လည်ဝင်ရောက်မှု များကို ခွင့်ပြုပေးနိုင်ရေး၊ ပြည်ပလေကြောင်းခရီးစဉ် များ ပြည်တွင်းဝင်ရောက်မှု လွယ်ကူလျင်မြန်စေရေး၊ Hotel များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ပြည်တွင်း ခရီးစဉ်များ ပြန်လည်အသက်ဝင်စေရေး ဖြေလျှော့ ဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေ၊ ရုံး၊ ဌာနများ အလိုက် အင်အားအပြည့်ဖြင့် လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရေး၊ အားကစားလေ့ကျင့်မှု များကို SOP များဖြင့် သတ်မှတ်ဆောင်ရွက်သွားမည့် အခြေအနေ၊ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံပေး နေမှု၊ ဆက်လက်ထိုးနှံပေးမည့် အခြေအနေနှင့် ထိုးနှံ ပြီးစီးသည့် အခြေအနေ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိ သည့် အခြေအနေ၊ နယ်စပ်ဝင်ပေါက်အသီးသီးရှိ မြို့များတွင် RT-PCR စက်များ တပ်ဆင်ထားရှိမှုနှင့် တိုးချဲ့တပ်ဆင်သွားမည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်းအတွက် လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ တိုင်းရင်းဆေးမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသဆေး ထုတ်လုပ်နိုင်ရေး သုတေသနပြုစမ်းသပ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ။
ပြည်သူများ စိတ်အပန်းပြေစေရေး
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီး မှ တင်သွင်းဖြန့်ဖြူးလျက်ရှိသည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို သတင်းစာများ၊ နိုင်ငံပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုတို့အပြင် ပုဂ္ဂလိကရုပ်သံလိုင်း များမှ အသိပညာပေးလျက်ရှိသည့် အခြေအနေ၊ ပြည်သူများ စိတ်အပန်းပြေစေရေးအတွက် အစီအစဉ် များကို တိုးချဲ့ထုတ်လွှင့်ပြသပေးလျက်ရှိသည့် အခြေ အနေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အစရှိသည့် အနုပညာ လုပ်ငန်းများ၊ ဖျော်ဖြေရေးလုပ်ငန်းများကို သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်မည့် အခြေအနေ။
မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများအလိုက် ရောဂါ ပိုးကူးစက်ပြန့်ပွားမှု အခြေအနေ၊ ပြည်ပရောက် မြန်မာ နိုင်ငံသားများအနေဖြင့် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ဂိတ်အသီးသီးတို့မှ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်မှု၊ ဓာတ်ခွဲစစ်ဆေးမှု၊ ရောဂါပိုးတွေ့ရှိမှုနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု အခြေ အနေ၊ မြို့နယ်အလိုက် Spot Check များသတ်မှတ်၍ များများစစ်၊ မြန်မြန်တွေ့၊ မြန်မြန်ကုဟူသည့် မူဖြင့် စစ်ဆေးဆောင်ရွက်ခဲ့မှု အခြေအနေ၊ ဦးတည်အုပ်စု များအလိုက် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကာကွယ်ဆေးများ ဝယ်ယူရရှိမှု၊ ပေးပို့ လှူဒါန်းသည့် ဆေးဝါးများရရှိမှု၊ ထပ်မံရရှိရေး ချိတ်ဆက်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ အာဆီယံ မှ ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများရောက်ရှိမှု၊ ဖြန့်ခွဲပေးပို့ထားမှုနှင့် ထပ်မံရောက်ရှိလာမည့် အခြေအနေ၊ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ ကာကွယ်ဆေးများအား မြန်မာနိုင်ငံ တွင် Ready to Fill ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေ။
Relif Flight များဖြင့် ခရီးသည်နှင့် ဆေးဝါးများ၊ ဆေးပစ္စည်းများ သယ်ယူပို့ဆောင်ခဲ့မှု အခြေအနေ၊ ခရီးသည်နှင့် ကုန်ပစ္စည်းတင် လေကြောင်းခရီးစဉ် များ၊ ရေကြောင်းခရီးစဉ်များ၊ ကုန်းလမ်းပို့ဆောင်ရေး ခရီးစဉ်များကို ပြန်လည်ပြေးဆွဲဆောင်ရွက်နေမှု အခြေအနေနှင့် တိုးမြှင့်ပြေးဆွဲနိုင်ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ အောက်ဆီဂျင်စက်ရုံများ ဖွင့်လှစ်ထားရှိမှု၊ ထုတ်လုပ်မှုနှင့် လုံလောက်စွာ ထုတ်လုပ်နိုင်မှု အခြေအနေ၊ အရံအနေဖြင့် Liquid Oxygen များ သိုလှောင်ထားရှိမှု၊ အောက်ဆီဂျင် စက်ရုံအသစ်များ ထပ်မံတည်ဆောက်နေမှု အခြေ အနေ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု Mask များ၊ Faceshield များ၊ လက်အိတ်နှင့် ဆေးထိုးအပ် များ ထုတ်လုပ်ဖြန့်ချိပေးနေမှု အခြေအနေ။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ များအား ကာကွယ်ဆေးထိုးနှံပြီးစီးမှု၊ ဆက်လက် ထိုးနှံဆောင်ရွက်နေမှု၊ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၊ သက်မွေးတက္ကသိုလ်များ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနအောက်မှ တက္ကသိုလ်များအပါအဝင် တက္ကသိုလ် အသီးသီးရှိ ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရှိနေဆဲ ဖြစ်သည့် မြို့နယ်များအလိုက် Spot Check သတ်မှတ်၍ စစ်ဆေးခြင်း၊ ကုသခြင်းများကို ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။
ရောဂါဖြစ်ပွားမှုနှုန်းလျော့ကျလာ
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ရှိအချိန်တွင် ရောဂါဖြစ်ပွားမှုနှုန်းလျော့ကျလာလျက်ရှိပြီး နယ်စပ်ဒေသများတွင် ဖြစ်ပွားမှုနှုန်း ယခုထက် ပိုမိုလျော့ကျလာအောင် လုပ်ဆောင်နိုင် မည်ဆိုပါက ကုန်စည်စီးဆင်းမှုလျှင်မြန်ပြီး စီးပွားရေး လုပ်ငန်းများ အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် ကူးစက်မှုများကို ထိန်းချုပ်နိုင် ရေးအတွက် ကာကွယ်ဆေးများအား အမြန်ဆုံး ပို့ဆောင်၍ ဆေးထိုးနှံပေးသွားရန် လိုအပ်မည်ဖြစ် ကြောင်း၊ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် စိတ်ရောကိုယ်ပါ အပြည့်အဝလုပ်ကိုင် နိုင်ရေးအတွက် ၎င်းတို့၏ လိုအပ်ချက်များကို စဉ်းစား ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆေးများပို့ဆောင်ခြင်း၊ ထိန်းသိမ်းခြင်းတို့တွင် အားနည်းချက်များကြောင့် ပျက်စီးချို့ယွင်းမှုများ မဖြစ်ပေါ်စေရေးအတွက်လည်း အလေးထား ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
သတ်မှတ်စည်းကမ်းများနှင့်အညီ ခွင့်ပြုပေး
ရောဂါဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခု အထိ ထိန်းချုပ်နိုင်ပြီးဖြစ်သကဲ့သို့ ပွင့်လင်းရာသီသို့ လည်း ရောက်ရှိလာပြီဖြစ်သဖြင့် အလှူမင်္ဂလာအခမ်း အနားများ၊ မင်္ဂလာဆောင်များ၊ ဘာသာရေးအခမ်း အနားများ စသည့် လူစုလူဝေး ပြုလုပ်ရသည့် အခမ်း အနားများကို သတ်မှတ်စည်းကမ်းများနှင့်အညီ ခွင့်ပြုပေးရန်လိုကြောင်း၊ အားကစားဆောင်ရွက်မှု များကိုလည်း ကျန်းမာရေးရှုထောင့်မှ ရှုမြင်၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး ခွင့်ပြုပေးရမည်ဖြစ်ကြောင်း၊ စတုတ္ထလှိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် ဆေးရုံများ၊ စင်တာများသာမက ဆေးရုံများတွင် လိုအပ်မည့် ကျန်းမာရေးဝန်ထမ်း၊ အောက်ဆီဂျင်၊ ဆေးရုံသုံး ပစ္စည်းများကိုလည်း ပြည့်စုံမှုရှိအောင် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ လေကြောင်းလိုင်းများတိုးမြှင့်ပြေးဆွဲနိုင်ရေး ခွင့်ပြုဆောင်ရွက်ပေးရာတွင် ပြည်တွင်း လေကြောင်းလိုင်းများကို SOP နှင့်အညီ ဦးစွာခွင့်ပြု သွားရန် လိုအပ်ပြီး ပြည်ပလေကြောင်းလိုင်းများအား သက်ဆိုင်ရာနိုင်ငံများ၏ ကူးစက်ဖြစ်ပွားမှုနှုန်း အလိုက် သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းရင်း ဆေးများမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ် နိုင်ရေး လုပ်ဆောင်မှုများကိုလည်း စဉ်ဆက်မပြတ် အားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ကျလာသည့်အတွက် အနုပညာ ဆိုင်ရာလုပ်ငန်းများကို ခွင့်ပြုပေးရာတွင် သတ်မှတ် စည်းကမ်းအတိုင်းသာ လုပ်ဆောင်စေရေး ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း။
တိုးမြှင့်ပြေးဆွဲသွားရန်လို
Relif Flight များပြေးဆွဲ၍ နေရပ်ပြန်များ၊ ဆေးနှင့် ဆေးပစ္စည်းများကို သယ်ယူပို့ဆောင်ပေးနိုင် ခဲ့ပြီး တိုးမြှင့်ပြေးဆွဲသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးဝယ်ယူရရှိမှုအား မိမိတို့ရည်မှန်းထား သည့် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအား ပြည့်ဝစွာထိုးနှံပေးနိုင်ရေးအတွက် ထပ်မံချိတ်ဆက်ဝယ်ယူသွားရန် လိုအပ်မည်ဖြစ် ကြောင်းနှင့် အခြားလိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာသည်ဆိုသော်လည်း အချက်အလက် Figure များ မှန်ရန်လိုအပ်ပြီး မှန်မှသာလျှင် Analysis လုပ်ဆောင်မှုများကို မှန်ကန်စွာဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူသည့် အချိန်မှစ၍ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အခြေအနေ၊ စစ်ဆေးသည့် အရေအတွက်၊ ရောဂါ တွေ့ရှိသည့် ဦးရေ၊ သေဆုံးမှုများကို အမှန်အတိုင်း သတင်းထုတ်ပြန်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ Second Wave နှင့် Third Wave ကူးစက် ဖြစ်ပွားမှု နှုန်း လျော့ကျလာပြီဖြစ်သော်လည်း ဆက်လက် စောင့်ကြည့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အခြေခံ စည်းကမ်းများမှအစ လိုက်နာရန်လိုအပ်မည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာများတွင် ရောဂါကူးစက်ဖြစ်ပွားမှု နှင့် ပတ်သက်၍ ထူးခြားမှုများရှိပါက သတင်းပို့ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာများ အတွင်း အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် စပ်ဆေး များ အသုံးပြုခြင်းများကို ကြပ်မတ်ဆောင်ရွက်ကြစေ လိုပြီး ကျန်းမာရေးခွင့်ပြုချက်လိုင်စင်ရှိသည့် ဆေးဆိုင်၊ ဆေးခန်းများမှ ညွှန်ကြားသည့် ဆေးများ ကိုသာ သုံးစွဲစေရန်လိုကြောင်းနှင့် စပ်ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကို သိရှိနားလည်နိုင်ရေး ကျန်းမာရေး အသိပညာပေးမှုများကို လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်များအလိုက် ရပ်ကွက်၊ ကျေးရွာများမှအစ ရောဂါကူးစက်ဖြစ်ပေါ်မှုနှင့် ပတ်သက်၍ မျက်ခြည်မပြတ် စောင့်ကြည့်၍ လိုအပ် သည်များ ကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်မည် ဖြစ်ကြောင်း။
ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ EAO နယ်မြေများ၊ နယ်စပ်ဒေသများ၊ တိုင်းရင်းသားဒေသ များအထိ အကွက်စေ့စွာထိုးနှံပေးနိုင်ရေး ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါအပြင် အခြားရောဂါများနှင့်ပတ်သက်သည့် ကျန်းမာရေး အသိပညာပေးခြင်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြား သည်။
သတင်းစဉ်