
အောက်တိုဘာလအတွင်းမှာ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့(၁ ရက်)၊ ကမ္ဘာ့ဆရာများနေ့(၅ ရက်)၊ နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့(၁၅ ရက်)၊ ကမ္ဘာ့စားနပ်ရိက္ခာနေ့(၁၆ ရက်)၊ ကမ္ဘာ့ကုလသမဂ္ဂနေ့(၂၄ ရက်)တို့ဟာ လူသိများပါတယ်။ လာမယ့် နိုဝင်ဘာလမှာဆိုရင် ကမ္ဘာ့ ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်း ရေးနေ့ (၁၄ ရက်)၊ ကမ္ဘာ့ကလေးများနေ့(၂၀ ရက်)တို့က လူသိများ ပါတယ်။ ဒါပေမယ့် လူအများမသိဘဲ ကုလသမဂ္ဂက အထိမ်းအမှတ် နေ့တွေအဖြစ် သတ်မှတ်ထားတဲ့ရက်တွေလည်း ရှိနေပါသေးတယ်။
ကုလသမဂ္ဂက အထိမ်းအမှတ်နေ့တွေအဖြစ် သတ်မှတ်ထားတဲ့ ရက်တွေအားလုံးကို ကုလသမဂ္ဂက တရားဝင်ထုတ်ဝေထားတဲ့ UN Calendar ဆိုတဲ့ အက်ပလီကေးရှင်းတစ်ခုတည်းကနေ အလွယ်တကူ သိရှိနိုင်ပါတယ်။ ဒီအက်ပလီကေးရှင်းမှာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့တွေဖြစ်တဲ့ ILO, WHO, UNESCO စတဲ့ အဖွဲ့တွေက အထိမ်း အမှတ်နေ့အဖြစ် သတ်မှတ်ပုံ၊ ဘယ်ခုနှစ်က စသတ်မှတ်ပြီး ဘယ်လိုလှုပ်ရှားမှုတွေလုပ်တယ်ဆိုတာ အကျဉ်းချုပ်သိနိုင်သလို အထိမ်းအမှတ် နေ့တစ်နေ့ မရောက်ခင်မှာလည်း ဖုန်းကနေ Notification ပြပေးမှာ ဖြစ်ပါတယ်။ အသစ်ထပ်တိုးပြီး သတ်မှတ်တဲ့နေ့တွေကိုလည်း ကုလ သမဂ္ဂက တရားဝင် Update လုပ်ပေးမှာ ဖြစ်ပါတယ်။
ဒီအက်ပလီကေးရှင်းဟာ လူတိုင်းအတွက်အသုံးဝင်တဲ့အက်ပလီကေးရှင်းမျိုး မဟုတ်ပေမယ့် စာစီစာကုံးရေးမယ့် ကျောင်းသားတွေ၊ ဆရာတွေ၊ ရာထူးတိုး/ဝင်ခွင့်စာမေးပွဲတွေအတွက် အထွေထွေဗဟုသုတ လေ့လာလိုသူတွေ၊ မီဒီယာသမားတွေနဲ့ ဆောင်းပါးရှင်တွေအတွက်တော့ အသုံးဝင်တဲ့ အက်ပလီကေးရှင်းမျိုး ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ ကမ္ဘာ့အထိမ်းအမှတ်နေ့တွေနဲ့ပတ်သက်လို့ အက်ပလီကေးရှင်းအမျိုးမျိုး ရှိပေမယ့် အများစုဟာ အွန်လိုင်းဖွင့်သုံးရပြီး ကြော်ငြာတွေပါဝင်တာ၊ ဖိုင်ဆိုက်ကြီးတာ၊ အချက်အလက်မှားတာတွေ ရှိတတ်ပြီး ဒီအက်ပလီ ကေးရှင်းကတော့ ကုလသမဂ္ဂက တရားဝင်ထုတ်ထားတာဖြစ်တဲ့အတွက် အချက်အလက်တွေ တိကျသလို ဘာကြော်ငြာမှမပါဘဲ အပြည့်အဝ အော့ဖ်လိုင်းသုံးနိုင်ပါတယ်။ ပလေးစတိုးမှာ UN Calendar of Observances လို့ ရိုက်ရှာနိုင်ပြီး ဖိုင်ဆိုက်က 7MB လောက်ပဲရှိပါတယ်။ အန်းဒရွိုက်ဗားရှင်း 4 နဲ့အထက် ဖုန်းတိုင်းမှာ အသုံးပြုနိုင်ပါတယ်။
ကျော်ဇင်ဦး