
အာဆီယံပဋိညာဉ်စာတမ်းပါ မူများ၊ အစဉ်အလာများနှင့်အညီ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ရရှိသင့်သည့်အခွင့်အရေးကို တောင်းဆိုခြင်းသာဖြစ်
သတင်းထုတ်ပြန်ချက်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၈)ကြိမ်မြောက်နှင့် (၃၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့်ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ပါရန် ၁၉-၁၀-၂၀၂၁ ရက်နေ့၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်း နိုင်ငံ၏ ဖိတ်ကြားစာကို မြန်မာဘက်က လက်ခံရရှိခဲ့ပါသည်။
အစည်းအဝေးတက်မည့် မြန်မာကိုယ်စားလှယ်၏ အဆင့်ကိုနှိမ့်၍ ဖိတ်ကြားခြင်းနှင့် မိန့်ခွန်းပြောခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အကန့်အသတ်ထားခြင်းတို့သည် အာဆီယံပဋိညာဉ်စာတမ်းပါ မူ၊ လုပ်ထုံးလုပ်နည်းနှင့် အာဆီယံ၏ ထုံးတမ်းအစဉ်အလာတို့နှင့် ကွဲလွဲ နေပြီး အထူးသဖြင့် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်-၂ ပါ “အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေး လက္ခဏာများကို လေးစားလိုက်နာရန်” နှင့် အပိုဒ်-၅ တွင်ပါရှိသည့် “အဖွဲ့ဝင်နိုင်ငံများသည် တူညီသည့်အခွင့်အရေးနှင့် တာဝန်များရှိရမည်” ဆိုသည့် ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုမရှိပါ။
ထို့အပြင် ၁၅-၁၀-၂၀၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် အရေးပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ဆုံးဖြတ်ချက် သည် အာဆီယံပဋိညာဉ်စာတမ်းနှင့်အညီ အဖွဲ့ဝင်နိုင်ငံအားလုံး ၏ တူညီဆန္ဒအရ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်သည့်အတွက် ယင်း အစည်းအဝေး ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက လက်မခံနိုင်ကြောင်း၊ ယင်းကိစ္စကို မှတ်တမ်းတင်ထားရန် အဆိုပါအစည်းအဝေး တွင်ပင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ ဘရူနိုင်းနိုင်ငံသို့ အသိပေးခဲ့ သည်။
သို့ရာတွင် မြန်မာနိုင်ငံ၏ သဘောထားကို လျစ်လျူရှုလျက်၊ အာဆီယံထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး တက်ရောက်ရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ၂၅-၁၀-၂၀၂၁ ရက်နေ့ တွင် ဖိတ်ကြားခဲ့သည်။
သို့ပါ၍ အဆိုပါအာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ မြန်မာနိုင်ငံက နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲ ကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ်က ပါဝင် တက်ရောက်နိုင်ရေးကိုသာ လက်ခံမည်ဖြစ်ကြောင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းဘက်သို့ ၂၅-၁၀-၂၀၂၁ ရက်နေ့တွင် အကြောင်းပြန်ကြားခဲ့သည်။
မြန်မာနိုင်ငံမှ အာဆီယံထိပ်သီးအစည်းအဝေးများသို့ နိုင်ငံ့ အကြီးအကဲအဆင့် သို့မဟုတ် ၎င်း၏ကိုယ်စား ပြည်ထောင်စုဝန်ကြီး အဆင့် တက်ရောက်ခွင့်မရရှိသောကြောင့် မတက်ရောက်နိုင် ခဲ့ခြင်းမှာ အာဆီယံအား မကျေနပ်မှုကို ပြသလိုသော သဘော ဆန္ဒဖြင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အပြင်၊ အာဆီယံကို သပိတ် မှောက်နေခြင်းလည်း မဟုတ်ကြောင်း၊ အာဆီယံပဋိညာဉ် စာတမ်းပါမူများ၊ အစဉ်အလာများနှင့်အညီ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ၏ ရရှိသင့်သည့်အခွင့်အရေးကို တောင်းဆိုခြင်းသာဖြစ်ပြီး မြန်မာ နိုင်ငံ၏ ညှိနှိုင်းဆောင်ရွက်လိုသည့် သဘောထားကို ပြသခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့သို့ ဝင်ရောက်ပြီးသည့် အချိန်မှစ၍ အာဆီယံပဋိညာဉ်စာတမ်းပါမူနှင့် လုပ်ထုံး လုပ်နည်းများကို လေးစား၊ လိုက်နာခဲ့ပြီး အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အနေဖြင့် တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် အပြုသဘော ဆက်လက်ပူးပေါင်းဆောင်ရွက်သွား ပါမည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်