
နေပြည်တော် အောက်တိုဘာ ၂၂
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သာ၀တ္ထိမြို့ရှိ တောင်သုံးလုံးဇေတ၀န်ပရိယတ္တိ စာသင်တိုက် နာယကဆရာတော် ဘဒ္ဒန္တဝေပုလ္လမဟာ ထေရ်မြတ်ကြီး သီတင်းသုံးတော်မူသည့် ကျောင်း ပရိဝုဏ်အတွင်း ကမ္ဘာ့အကြီးဆုံးဝါးစေတီ တစ်ဆူ ဖြစ်လာမည့် ကမ္ဘာ့ကပ်ကျော် ဆုတောင်းပြည့် ဝါးစေတီတော်ကြီးကို အများပြည်သူ စုပေါင်းအလှူ ငွေများဖြင့် တည်ထားလျက်ရှိသည်။
အဆိုပါဝါးစေတီတော်ကြီးကို ယခုနှစ် ဇွန်လ ၁၂ ရက်တွင် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့ပြီး ယခုအောက်တိုဘာလအထိ လေးလ အတွင်း အမြင့်ပေ ၁၅ပေအထိ ပြီးမြောက်ပြီဖြစ်သည်။
ကမ္ဘာ့ကပ်ကျော်ဆုတောင်းပြည့် ဝါးစေတီတော် ကြီးသည် မြေအောက်လိုဏ်ဂူ တစ်ထပ်ပါ၀င်မည် ဖြစ်ကာ လုံးပတ်မှာ ပေ ၁၅၀၊ အမြင့်ပေ ၁၈၀ ရှိမည် ဖြစ်သည်။ ကျောင်းပရိဝုဏ်အတွင်း ဝါးစေတီတော် ကြီးနှင့်အတူ ရေကန်အသင့်ကြာအသင့်၊ မုစလိန္ဒ ရေကန်တို့ကို သုံးနေရာသုံးဌာန တစ်ပြိုက်နက်တည်း တည်ထားလျက်ရှိသည်။
“ဝါးစေတီတော်ကြီးမတည်ခင် ပျဉ်းမနားမှ ပညာ့ပန်းတိုင်က ဆရာကြီးဦးကောင်း၊ မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း ဥက္ကဋ္ဌ ဦးကျော်၀င်းတို့နဲ့ ဆုံမိကြတဲ့အခါ ဆရာတော်ကြီးကလည်း ထူးထူး ခြားခြားအနေနဲ့ ဝါးစေတီတော်ကြီး တည်ထားကိုးကွယ်မယ်လို့ မိန့်ကြားခဲ့ပါတယ်။ ဝါးစေတီတော်ကြီးကို ကမ္ဘာလုံးပုံသဏ္ဌာန်နဲ့ တည်ထားမှာပါ၊ ကျွန်တော်တို့ကျောင်းအကျိုးတော်ဆောင်တွေအနေနဲ့ အလှူငွေတွေကိုလည်း အလေအလွင့်မရှိအောင် စနစ်တကျ စာရင်း ကိုင်၊ စာရင်းချုပ်အဆင့်ဆင့်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်” ဟု တွဲဖက် ကျောင်းအကျိုးတော်ဆောင် ဦးမင်္ဂလာတင်က ပြောသည်။
ဝါးစေတီတော်ကြီးတည်ထားရာတွင် အဓိက ဝါးကောင်းဝါးသန့်နှင့် သက်တမ်းရင့်ဝါးများကို ရွေးချယ်အသုံးပြုရပြီး ရေရှည်တည်တံ့စေရန် အချိန်ယူတည်ထားလျက်ရှိသည်။ ဝါးစေတီတော်ကြီး တည်ရန်အတွက် ဝါးပိုးမျက်ဆန်ကျယ်ဝါးကို အသုံးပြုရန်ရည်ရွယ်ခဲ့သော်လည်း ဝါးအလုံး ရေများများမရနိုင်သည့်အတွက် ဝါးပိုးမျက်ဆန်ကျယ်ဝါးအစား တစ်ပင် တိုင်ဝါး ခေါ် ထီးရိုးဝါးကို အသုံးပြုထားခြင်းဖြစ်သည်။
“ဝါးစေတီတော်ကြီးမတည်ခင်က အာရ်စီနဲ့တည်ဖို့လျာထားပြီးသား ပါ။ ဆရာတော်ကြီးနဲ့ဆက်သွယ်မိကြတဲ့အခါ ဝါးစေတီတည်ချင်တယ် လို့ ဆရာတော်ကြီးမိန့်ကြားတဲ့အတွက် ဝါးနဲ့စခဲ့ကြတာပါ။ အာရ်စီနဲ့ လုပ်ထားတဲ့ ဖောင်ဒေးရှင်းကို ငုံပြီးတည်ရတဲ့အတွက် လုံးပတ်တော်နဲ့ အမြင့် ပိုပြီးကြီးသွားပါတယ်”ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌ ဦးကျော်၀င်းက ပြောသည်။
“စေတီတော်တည်ရန်အတွက် ဝါးပိုးမျက်ဆန်ကျယ်ဝါးအစား ထီးရိုး ဝါးကိုရွေးချယ်အသုံးပြုပါတယ်။ ထီးရိုးဝါးကို သဘာ၀ပေါက်ရောက်တဲ့ ဝါးမဟုတ်ဘဲ စိုက်ပျိုးထားတဲ့ဝါးခြံတွေဆီကနေ မှာယူရတဲ့အတွက် သုံးနှစ် သက်တမ်းရှိတဲ့ ဝါးရင့် တွေရပါတယ်။ ထီးရိုးဝါးကို ဖောင်ဒေးရှင်းမှာအသုံးပြုပြီး အမိုးကို ကြသောင်းဝါးနဲ့ မိုးမှာဖြစ်ပါ တယ်”ဟု ၎င်းကဆက်ပြောသည်။
ဝါးစေတီတော်ကြီးသည် သိန်းပေါင်းထောင်ချီပြီးကုန်ကျမည်ဖြစ် ၍ ခိုင်ခိုင်ခံ့ခံ့ဖြင့် သပ္ပာယ်ကြည်ညိုနိုင်စေရန် သက်တမ်းရင့်သည့်ဝါးများ ကို ရှာဖွေကာ ပိုးထိုးမှုမရှိစေရန်နှင့် မှိုတက်မှုမရှိစေရန် စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။
“ ပထမဆုံး ဝါးတွေကို ကောင်းတာရွေးထုတ်ပါတယ်။ ပြီးရင် ရေဆေးမယ်။ ရေဆေးပြီးမှ အပေါက်ဖောက်ပြီး ဝါးကို ဆေးနဲ့ပြုတ်ပါ တယ်။ အဲ့ဒီနောက် တာရှည်ခံဆေးသွင်းတာ နေလှန်းတာတွေလုပ်ပြီးမှ တည်ဆောက် ရပါတယ်။ အရင်က တစ်နှစ် နှစ်လနဲ့အပြီးခန့်မှန်းထားပေမယ့် ကိုဗစ်ကာလစည်းကမ်း သတ်မှတ်ချက်တွေနဲ့ လုပ်ကိုင်ရတဲ့ အတွက် အချိန်နည်းနည်းကြန့်ကြာသွားနိုင်ပါတယ်” ဟု ဦးကျော်၀င်းက ဆက်ပြောသည်။
ကမ္ဘာ့ကပ်ကျော်ဆုတောင်းပြည့် ဝါးစေတီတော်ကြီး၏ပုံသဏ္ဌာန်မှာ ကမ္ဘာလုံးပေါ်တွင် ဗုဒ္ဓဂယာမဟာဗောဓိပုံတူ စေတီတည်ထားမည် ဖြစ်သည်။ အတွင်းပိုင်းတွင် လိုဏ်ခေါင်းပုံရှိပြီး အတွင်းနံရံများပေါ်၌ ပိဋကတ်သုံးပုံမြန်မာပြန်ဆိုကာ ကပ်လှူထားမည်ဖြစ်သည်။ အခြေခံ အုတ်မြစ်မှလွဲ၍ ဝါးသီးသန့်ဖြင့်တည်ထားခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် ဝါးဖြင့်တည်ထားသော ပထမဆုံး ဝါးစေတီတစ်ဆူဖြစ်လာမည်ဖြစ်သည်။
အဆိုပါ ကမ္ဘာ့ကပ်ကျော်ဆုတောင်းပြည့်ဝါးစေတီတော်ကြီးကို အလှူငွေများလှူဒါန်းလိုပါက ဆေးစိမ်အချောသတ်ပြီး ဝါးတစ်လုံးလျှင် ငွေကျပ် ၁၂၀၀နှုန်းဖြင့် ဖုန်း - ၀၉၇၇၇၇၇၇၂၄၅သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-ဇော်ဘီ